Radio NUG စမ်းသပ် ထုတ်လွှင့်
Radio NUGကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က Radio NUG ဆိုတဲ့ အသံလွှင့်အစီအစဉ်တခုကို ဒီကနေ့စပြီးတော့ စမ်းသပ်ထုတ်လွှင့်ပါတယ်။ ဒီအသံလွှင့်အစီအစဉ် ထုတ်လွှင့်မယ်လို့ အသိပေးကြေညာထားတဲ့ ရက်ကတည်းက မြန်မာနိုင်ငံတွင်း အထူးသဖြင့် မြို့ကြီးတွေမှာ ရေဒီယိုဝယ်ယူသူ အများအပြားရှိခဲ့တယ်လို့ ပြည်တွင်းကလာတဲ့သတင်းတွေမှာ တွေ့ရပါတယ်။
စစ်ကောင်စီကလည်း ဆိုင်တွေမှာ တင်ရောင်းနေတဲ့ ရေဒီယိုတွေကိုသိမ်းဖို့၊ တရုတ်ကနေ ရေဒီယို တင်သွင်းတာတွေကိုကန့်သတ်ဖို့ ညွှန်ကြားထားတယ်လို့ ပြည်တွင်းကလာတဲ့ သတင်းတွေမှာ ရေးထားတာ တွေ့ရပါတယ်။
Radio NUG ကို မနက် ၈ နာရီမှာတကြိမ်၊ ည ၈ နာရီမှာတကြိမ် ထုတ်လွှင့်မယ်လို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့မနက် ၈ နာရီမှာ ပထမဆုံးအကြိမ် စတင်ထုတ်လွှင့်မှုကတော့ မိနစ် ၃၀ ကြာမြင့်တာ တွေ့ရပါတယ်။
အစီအစဉ်အဖွင့်မှာ တင်ဆက်သူက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အသံလွှင့်ဌာနဆိုပြီး မိတ်ဆက် ပြောဆိုသွားတာကြားရပါတယ်။
၈ လေးလုံး လူထုအရေးတော်ပုံကြီး နောက်ပိုင်းကာလတွေကလည်း အဲဒီအချိန်က ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ အသံလွှင့်ဌာနအဖြစ် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ကို တည်ထောင်ခဲ့ဖူးပါတယ်။ အခုတော့ DVB ဟာ သီးခြားလွတ်လပ်တဲ့ သတင်းဌာနတခုအဖြစ် ရပ်တည်နေပါပြီ။
မြန်မာနိုင်ငံမှာ အရင် အာဏာသိမ်း စစ်အစိုးရအဆက်ဆက်ဟာ ပြည်ပအသံလွှင့်ဌာနတွေရဲ့ ထုတ်လွှင့်ချက်တွေကို ပိတ်ဆို့ဟန့်တားဖို့ ကြိုးစားတာတွေရှိခဲ့သလို နားထောင်သူတွေကို ဖမ်းဆီး ထောင်ချတာတွေလည်း ရှိခဲ့ဖူးပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com/a/radio-nug-crph-voa-burmese-/6009808.html
Related news