အပန်းဖြေ ရေကူးကန်တွေမှာ လူတွေ ပြည့်နှက်နေတဲ့ ဝူဟန်မြို့


ဂီတဖျော်ဖြေပွဲတစ်ခုမှာ လူတွေ ထောင်နဲ့ချီ ပြွတ်သိပ်နေဂီတပွဲတော်တစ်ခုမှာ နှာခေါင်းစည်း ဝတ်မထားကြတဲ့ လူထောင်ပေါင်းများစွာဟာ ရော်ဘာဗောကွင်းတွေပေါ် စီးရင်း တစ်ယောက်နဲ့တစ်ယောက် ပုခုံးပွတ်တိုက်၊ သီချင်းတွေလိုက်ဆို အားပေးနေကြတာ တွေ့ရပါတယ်။

ဒီလိုပုံမျိုးက အခု ၂၀၂၀ ခုနှစ်မှာ မတွေ့ရတော့သလောက်ပါ။ ဒါပေမဲ့ ဒီပုံဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အခု သီတင်းပတ်ကုန်ကပဲ ရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။ ဝူဟန်မြို့ဟာ မနှစ်နှောင်းပိုင်းတုန်းက ကိုဗစ်-၁၉ ရောဂါ စဖြစ်ပွားခဲ့တဲ့ မြို့ပါ။

တခြားကမ္ဘာ့နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေမှုကို တားဆီးဖို့ ဆက်ကြိုးစားရုန်းကန်နေကြချိန်မှာ ဝူဟန်မြို့ကတော့ ကပ်ဘေးအန္တရာယ်ကြီးကနေ ကင်းလွတ်သွားခဲ့ပြီလို့ ယူဆရပြီး ဝူဟန်မြို့မာယာကမ်းခြေ အပန်းဖြေပန်းခြံထဲက ဒီပုံတွေဟာ လူတွေအကြား တမဟုတ်ချင်း ပျံ့သွားခဲ့ပါတယ်။

နှာခေါင်းစည်းမဝတ်၊ တစ်ယောက်နဲ့တစ်ယောက် ခွာခွာမနေခဲ့ကြတဲ့ ပါတီပွဲနွှဲသူတွေဇန်နဝါရီလတုန်းက ဝူဟန်မြို့မှာ ကိုဗစ်-၁၉ ရောဂါ ကမ္ဘာပေါ်မှာ ပထမဆုံး စဖြစ်ခဲ့အပြီး လော့ခ်ဒေါင်းတွေ ချထားစဉ် လူတွေ၊ ကားတွေ ကင်းမဲ့ ခြောက်ကပ်နေခဲ့ပုံတွေနဲ့တော့ အခုပုံတွေက အကွာကြီးကွာခြားနေပါတယ်။

ဧပြီလမှာ လော့ခ်ဒေါင်းတွေ ပြန်ရုပ်သိမ်းလိုက်ပြီး မေလလယ်ကစလို့ ဝူဟန်မြို့မှာရော၊ ဟူဘေးပြည်နယ်မှာပါ ဒေသခံတွေအကြား အချင်းချင်း ရောဂါ ကူးစက်တာမျိုး လုံးဝ မရှိတော့ပါဘူး။

တဖြည်းဖြည်းနဲ့ ပုံမှန် ပြန်ရောက်လာ



အရင်က တစ်ခါမှ မလုပ်ခဲ့ဖူးတဲ့ လော့ခ်ဒေါင်းမျိုးကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဝူဟန်မြို့မှာချမှတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ လူ ၄၀၀ ကျော်လောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ၁၇ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

အရင်က တစ်ခါမှ အတည်မပြုနိုင်ခဲ့တဲ့ လူအချင်းချင်းအကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြီး ဖြစ်နေပြီဆိုတာကို တရုတ်အစိုးရက ထုတ်ဖော်ပြောခဲ့အပြီး တစ်ပတ်အကြာမှာ လော့ခ်ဒေါင်း ချမှတ်လိုက်တာပါ။



လော့ခ်ဒေါင်းချထားချိန် ဝူဟန်မြို့မှာ ခြောက်ခြားစရာ ကောင်းလောက်အောင် တိတ်ဆိတ် ငြိမ်သက်နေခဲ့လူ ၁၁ သန်း နေထိုင်နေတဲ့ ဝူဟန်မြို့ကို ကျန်တဲ့ မြို့တွေနဲ့ လုံးဝ အဆက်ဖြတ်ထားလိုက်ပြီး အဲဒီနောက်ပိုင်း လအနည်းငယ်ကြာအထိ လူထောင်ပေါင်းများစွာကို ဆေးစစ်စမ်းသပ်တာတွေ၊ ကွာရန်တင်း ဝင်ခိုင်းတာတွေ လုပ်ခဲ့ပါတယ်။ လူထုစည်းဝေးပွဲကြီးတွေ အားလုံး ဖျက်သိမ်းခဲ့ပြီး လူစုလူဝေးတွေ မလုပ်ကြဖို့ ညွှန်ကြားခဲ့ပါတယ်။



မတ်လရောက်တဲ့အခါမှာတော့ လော့ခ်ဒေါင်းတွေကို ဖြည်းဖြည်းချင်း စဖြေလျှော့ပေးခဲ့ပါတယ်။



အိမ်ထောင်စုတစ်ခုမှာ လူတစ်ဦးကျ ကိုယ့်ခြံဝင်းထဲ အများဆုံး နှစ်နာရီကြာ ထွက်ခွင့် ပြုခဲ့ပါတယ်။



ဈေးရုံတွေ စဖွင့်လာကြသလို အများသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ စပြေးဆွဲလာကြပြီး လူတွေ အပြင်ကို ဖြည်းဖြည်းချင်း ထွက်လာကြပါတယ်။ ဒါပေမဲ့ လူတွေ ခပ်ခွာခွာ နေကြဖို့နဲ့ နှာခေါင်းစည်းတွေ ဝတ်ကြဖို့ကိုတော့ အမိန့်ချမှတ်ထားဆဲ ဖြစ်ပါတယ်။



ဧပြီလ ၈ ရက်နေ့မှာ ဝူဟန်မြို့မှာ လော့ခ်ဒေါင်း တရားဝင် ရုပ်သိမ်းခဲ့ပါတယ်။



မင်္ဂလာဆောင်ဖို့ စီစဉ်ထားတဲ့ ရက်ကို လနဲ့ချီ ဆိုင်းငံ့ထားခဲ့ရတဲ့ သမီးရည်းစား စုံတွဲတွေ အပြေးအလွှားလက်ထပ်ခဲ့ကြပါတယ်။

ဝူဟန်မြို့မှာ လော့ခ်ဒေါင်း ရုတ်သိမ်းလိုက်ချိန်မှာ သမီးရည်းစားစုံတွဲတွေ မင်္ဂလာဆောင်ဖို့ အပြေးအလွှားလုပ်ခဲ့ကြစာသင်ကျောင်းတွေ ပြန်ဖွင့်၊ စီးပွားရေးလုပ်ငန်းတွေ တဖြည်းဖြည်းချင်း ပြန်စလာခဲ့ကြပြီး လူထု သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေလည်း ပြန်ပြေးဆွဲလာခဲ့ရာမှာ ဝူဟန်မြို့မှာ ပုံမှန်အခြေအနေ ပြန်ရောက်လာပုံမျိုး အတော်ကြာ တွေ့ခဲ့ရပါတယ်။

ဝူဟန်မြို့ အလယ်တန်းကျောင်းသူကျောင်းသားတွေ မေလမှာ ကျောင်းပြန်တက်ခဲ့ဒါပေမဲ့ မေလ ၁၂ ရက်နေ့မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၆ ခု ထပ်ဖြစ်ခဲ့ပါတယ်။ အဲဒီအခါ မြို့နေလူထု ၁၁ သန်းစလုံးကို ဆေးစစ်မှုတွေ လုပ်ဖို့ အစီအစဉ်တွေ ချက်ချင်း ချမှတ် လုပ်ဆောင်ခဲ့ပါတယ်။ မကြာခင်မှာပဲ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။



ဇွန်လရောက်တဲ့အခါ ညဈေးတန်းတွေ ပြန်ဖွင့်ခွင့် ပြုခဲ့ပါတယ်။



အဲဒီနောက် တစ်လအကြာ ဇူလိုင်လမှာ တရုတ်နိုင်ငံက နေရာအများစုမှာ အခြေအနေတွေ တကယ်ပဲ ပုံမှန်စဖြစ်လာပါတော့တယ်။ နေရာအများစုမှာ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ခွင့်ပြုလိုက်ပြီး ပန်းခြံ၊ စာကြည့်တိုက်၊ ပြတိုက်တွေကို ခါတိုင်းထက် လူထက်ဝက်လျှော့ ဝင်ခွင့်ပြုခဲ့ပါတယ်။ လူပိုများတဲ့ စုဝေးမှုတွေလည်း လုပ်ခွင့် ပြန်ပေးခဲ့ပါတယ်။

ဇူလိုင်လတုန်းက ဝူဟန်မြို့ ရုပ်ရှင်ရုံမြင်ကွင်းအခုတော့ ဝူဟန်မြို့မှာ အခြေအနေတွေ ပုံမှန် ပြန်ရောက်နေပြီဆိုတဲ့ ပုံမျိုး တွေ့နေရပါတယ်။



ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်ပိုင်းက HOHA ရေသဘင် အီလက်ထရစ်ဂီတပွဲတော် ဆင်နွှဲနေကြသူတွေရဲ့ ပုံတွေက ဒီအချက်ကို သက်သေပြနေပါတယ်။



လူတွေ ပိုလာအောင် ကြိုးစားတဲ့အနေနဲ့ ပွဲစီစဉ်သူတွေက အမျိုးသမီး ကမ္ဘာလှည့်ခရီးသွားတွေကို လက်မှတ် တစ်ဝက်ခ လျှော့ပေးမယ်လို့တောင် ကမ်းလှမ်းခဲ့ကြပါတယ်။



မာယာ အပန်းဖြေရေကူးကန်ကြီးကို ပိုင်တဲ့ ဝူဟန် Happy Valley အပန်းဖြေဥယျာဉ်ကြီးကို ဇွန်လ ၂၅ ရက်နေ့က ပြန်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု သြဂုတ်လကမှ လူတွေ ပိုများလာခဲ့တာလို့ အပန်းဖြေဥယျာဉ် ဒုတိယအထွေထွေမန်နေဂျာရဲ့ အပြောအရ သိရပါတယ်။



သီတင်းပတ်ကုန်ရက်တွေမှာ ဒီအပန်းဖြေဥယျာဉ်ကို လာကြသူပေါင်း လောလောဆယ်မှာ ၁၅၀၀၀ လောက် ရှိပြီး မနှစ်က ဒီလိုအချိန်မှာတော့ အဲဒီအရေအတွက်ရဲ့တဝက်လောက်ပဲ လာခဲ့တာပါ။



ဝူဟန်မြို့မှာ ဒီလောက် လူအများကြီးနဲ့ ဂီတပွဲတော် လုပ်ခွင့် ပြုခဲ့တာကို အံ့သြမိတယ် ဆိုပြီး ဝေဘိုတရုတ်လူမှုကွန်ရက်ပေါ်မှာ တချို့က ဝေဖန်ရေးသားခဲ့ပါတယ်။ တွစ်တာနဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွေပေါ်မှာလည်း အလားတူ ဝေဖန်မှုတွေ ပလူပျံခဲ့ပါတယ်။



ဒါပေမဲ့ ဝူဟန်မြို့မှာ မေလလယ်ကတည်းကစလို့ ဒေသခံတွေအကြား ရောဂါကူးစက်မှုတွေ မရှိခဲ့ဘဲ မြို့ခံ ၉.၉ သန်းလောက်ကို ရောဂါရှိမရှိ ဆေးစစ်ထားပြီး ဖြစ်ပါတယ်။



လူထုစည်းဝေးပွဲတွေ လုပ်တာကို ပိတ်ပင်ထားတာမျိုးလည်း မရှိပါဘူး။



ဒီအတောအတွင်းမှာပဲ တခြားကမ္ဘာ့နိုင်ငံတွေမှာတော့ ရောဂါကူးစက်မှုတွေ တဟုန်ထိုး တိုးလာနေဆဲ ဖြစ်ပါတယ်။



ကမ္ဘာတဝန်းမှာ ရောဂါကူးစက်မှုပေါင်း ၂၁ သန်းကျော် ရှိနေပါတယ်။



ရောဂါကူးစက်မှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့တဲ့ နယူးဇီလန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာရောဂါကူးစက်မှုတွေ နောက်တစ်ကျော့ ပြန်ဖြစ်နေပါတယ်။



ဒီတော့ လူစုလူဝေးနဲ့ ဒီလိုပွဲမျိုးတွေ ပြန်ကျင်းပခွင့်ပြုဖို့ကိုတော့ တခြားနိုင်ငံတွေက အချိန်ကာလအတော်ကြာလောက်အထိ လုပ်ရဲကြဦးမယ့်ပုံ မရှိသေးပါဘူး။ 



BBC Burmese

https://www.bbc.com/burmese/53823247


Related news