နန်းတော်ရှေ့ ကျုံးရေပြင်ထဲသို့ ကားတစ်စီး အရှိန်လွန်ပြုတ်ကျ ယာဉ်မောင်းဖြစ်သူသေဆုံး




မန္တလေး ဩဂုတ် ၂၅

မန္တလေး၊ အောင်မြေသာစံမြို့နယ် နန်းတော်ရှေ့ ၁၉ လမ်းအတိုင်း အရှေ့မှအနောက်သို့ မောင်ဣန္ဒုသိရိန် အသက်(၂၃)နှစ် တစ်ဦးတည်း မောင်းနှင်လာသော Pajero ခဲရောင်ယာဉ်သည် ယနေ့နံနက် ၇နာရီ ၁၀ မိနစ်ခန့်က ၁၉ လမ်း နှင့် ၆၆ လမ်း အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ကျုံးရေပြင်ထဲသို့ အရှိန်လွန်၍ ပြုတ်ကျရာ ယာဉ်မောင်းဖြစ်သူ မောင်ဣန္ဒုသိရိန် သေဆုံးသွားကြောင်း သိရသည်။

ကျုံးရေပြင်ထဲသို့ ပြုတ်ကျသည့်ကားအား အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်ခိုင် ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအသင်းနှင့် စေတနာမေတ္တာ လူမှုရေးအသင်းတို့မှ အဖွဲ့ဝင်များက ပူးပေါင်း၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ကြရာ နံနက်၇နာရီ၂၀ မိနစ်ခန့်တွင် ယာဉ်မောင်း မောင်ဣန္ဒုသိရိန်အား ဆယ်ယူရရှိပြီး မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီးသို့ နန်းတော်ရှေ့ လူမှုကူညီရေး အသင်းယာဉ်ဖြင့် ပို့ဆောင်ပေးကြရာ နံနက် ၇ နာရီခွဲတွင် ရောက်ရှိ၍ တာဝန်ကျ ဆရာဝန် ဒေါက်တာနေဝင်းအောင်မှ လက်ခံစစ်ဆေးခဲ့ပြီး စစ်ဆေးချိန်တွင် သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။

နစ်မြှုပ်နေသည့် ယာဉ်အား နံနက် ၇နာရီ ၅၅ မိနစ်တွင် ဆယ်ယူနိုင်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်နှင့်ပတ်သတ်၍ အမှတ်(၂) နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 



ဇော်လင်းဦး(အောင်စံ)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS


Related news