မောရစ်သျှမှာ သင်္ဘောပျက်က လောင်စာဆီ ဖိတ်စင်မှု လင်းပိုင်တွေသေဆုံး


လင်းပိုင်သေတွေ ကမ်းပေါ်လာတင်နေတာကို ဒေသခံတွေ တွေ့ပျက်သွားတဲ့ ဂျပန်ပိုင် ကုန်တင်သင်္ဘောကြီးတစင်းကနေ လောင်စာဆီတွေ အများအပြား ပင်လယ်ထဲကို ရောက်ခဲ့တဲ့နောက် မောရစ်သျှ ကမ်းခြေတဝိုက်မှာ လင်းပိုင် အသေ ၁၃ ကောင်ထက်မနည်း လာတင်တာကို တွေ့ရပါတယ်။

ဒီလို ပင်လယ်သတ္တဝါတွေသေရတာဟာ သင်္ဘောက လောင်စာဆီတွေ ပင်လယ်ထဲ ဖိတ်ကျလာလို့ ဒါမှမဟုတ် အာဏာပိုင်တွေဆုံးဖြတ်ချက်အရ သင်္ဘောဦးပိုင်းကို ပင်လယ်ထဲ မြှုပ်ပစ်လိုက်လို့ ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ လှုံဆော်စည်းရုံးနေသူတွေက ပြောပါတယ်။

လင်းပိုင်တွေ ဘာကြောင့်သေခဲ့ရလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ အဲဒီ ငါးအသေတွေကို စစ်ဆေးတဲ့နေရာကိုပို့ဆောင်ထားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

အဲဒီ သင်္ဘောပျက်တဲ့အရေး ပေါ်လာပြီးနောက်ပိုင်း လင်းပိုင်တွေ သေရတာကို တွေ့ရတာ ဒါပထမဆုံး အကြိမ်ပါ။

အရင်က တခြားငါးတွေနဲ့ ကဏန်းတွေသေကြေခဲ့တာကို တွေ့ခဲ့ရဖူးပါပြီ။

ဒီလို လင်းပိုင်တွေ တပြိုင်နက်ထဲ အများအပြား သေဆုံးတာကို တွေ့ရတာကို ဖြစ်လေ့ဖြစ်ထ သိပ်မရှိပါဘူး။ မေ ၂၀၁၉ တုန်းကတော့ လင်းပိုင် နှစ်ကောင် သေတာကို ကြုံရဖူးပါတယ်။

ပွိုင့် ဒဲနီ မှာ ထိန်းသိမ်းစောင့်ရှောက်ထားရာ သန္တာကျောက်တန်းတွေနဲ့ ငြိပြီး ကုန်တင်သင်္ဘောကြီး အမ်ဗီ ဝါကာရှိရို (MV Wakashio) ဇူလိုင်လ ၂၅ ရက်နေ့က သောင်တင်ခဲ့ပါတယ်။

အဲဒီနေရာဟာ ရေတိမ်ရေဝပ်နေရာများစွာရှိပြီး နိုင်ငံတကာ အရေးကြီး ရေဝပ်ဒေသဆိုင်ရာ ရမ်ဆာ (Ramsar) သဘောတူစာချုပ် အရ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့နေရာပါ။

အာဏာပိုင်တွေက ပျက်သွားတဲ့ သင်္ဘောကြီးရဲ့ ဦးပိုင်းကို ပင်လယ်ထဲ မြှုပ်ပစ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က ဆုံးဖြတ်ခဲ့ကြ

လင်းပိုင်အသေတွေကို မြင်လိုက်ရတဲ့ ဒေသခံတွေ အဖို့ ဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။

"ဒီမနက်မိုးလင်းလာတဲ့အခါ ကျွန်တော်တို့ ပင်လယ်ကမ်းစပ်မှာ လင်းပိုင်တွေ အများကြီးသေပြီး လာတင်နေတာကို တွေ့လိုက်ရတာဟာ တကယ့်ကို စိတ်မချမ်းသာစရာပါ။ အန်ဂျီအိုတွေ၊ တံငါသည်တွေ၊ ကျွမ်းကျင်ပညာရှင်တွေက ဒီနေရာဟာ လင်းပိုင်တွနေတဲ့ နေရာဖြစ်လို့ သင်္ဘောကို ဒီမှာ မမြှုပ်ဖို့ပြောခဲ့ကြပါတယ်၊ ဒါပေမဲ့ အာဏာပိုင်တွေက ဆုံးဖြတ်ချက်အမှား တခု ထပ်လုပ်ခဲ့ပြန်ပါတယ်" လို့ ဒေသခံ နီတင် ဂျီဟာက ဘီဘီစီကို ပြောပါတယ်။

သူက "ကျွန်တော် လင်းပိုင်သေ ၈ ကောင်ကနေ ၁၀ ကောင်လောက်ကို တွေ့ရတယ်၊ ကျောက်ဆောင်တွေ ရှိတဲ့ ပင်လယ်ရေတိမ်ပိုင်းဘက်မှာ ထပ်ရှိဦးမလား မသိဘူး" လို့ ပြောပါတယ်။

လင်းပိုင် ၁၃ ကောင် သေသွားပြီဆိုတာကို ငါးလုပ်ငန်း ဌာနက အတည်ပြုပါတယ်၊ ကမ်းခြေမှာ လင်းပိုင်တွေကို တွေ့ရတဲ့အချိန်မှာ တချို့က သေဆုံးပြီးဖြစ်ပြီး တချို့က သေလုဆဲဆဲ ဖြစ်နေတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

မောရစ်သျှမှာ ခရီးသွားအများအပြား လင်းပိုင်တွေနဲ့ အတူရေကူးဖူးကြ

အဏ္ဏဝါဗေဒ ပညာရှင် ဗက်ဆန် ကူပေမူသိုက အဲဒီလင်းပိုင်တွေ လောင်စာဆီတွေကို ရှူသွင်းမိခဲ့ ကြမယ်လို့ ဆိုပါတယ်။

"ကျွန်တော့်အမြင်အရတော့ အချိန်ကြာလာတာနဲ့အမျှ အခြေအနေက ပိုပြီး ဆက်ဆိုးလာနိုင်တယ်" လို့ သူက ပြောကြောင်း ဒေသတွင်းက သတင်းဌာနတခုမှာ ဖော်ပြပါတယ်။

ကုန်တင်သင်္ဘောပျက်က လောင်စာဆီတွေ ထွက်ကျလာတာ ဒါမှမဟုတ် သင်္ဘောဦးပိုင်းကို မြှုပ်လိုက်တာကြောင့် ဒီလို လင်းပိုင်တွေ သေတာလို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဆူနေးလ် ဒိုဝါကာဆင်းက ဆိုပါတယ်။

"သင်္ဘောကိုမြှုပ်လိုက်တာကြောင့် ရေသတ္တဝါတွေ မှီခိုရာ သဘာဝ နေရာတွေ ပျက်ယွင်းသွားပုံရတယ်၊ နောက်ထပ် ဆိုးကျိုးတွေလာလိမ့်ဦးမယ် ထင်တယ်၊ အခုက အစပဲရှိသေးတယ်" လို့ မစ္စတာ ဒိုဝါကာဆင်းက ပြောပါတယ်။

ဂရင်း ပိစ် အာဖရိက (Greenpeace Africa) အဖွဲ့ကလည်း ထောင်နဲ့ချီတဲ့ ပင်လယ်သတ္တဝါ မျိုးစိတ်တွေ ညစ်ညမ်းနေတဲ့ ပင်လယ်မှာ နစ်မြှုပ်ရမယ့်အန္တရာယ်နဲ့ ကြုံနေတဲ့အပြင် မောရစ်သျှရဲ့ စီးပွားရေး၊ အစားအစာဖူလုံရေး၊ ကျန်းမာရေးတို့အတွက်ပါ ဆိုးကျိုးတွေ ရှိလာမယ် လို့ သတိပေးနေပါတယ်။ 



BBC Burmese

https://www.bbc.com/burmese/world-53921235


Related news