ညောင်ဦးမြို့ အမှတ်(၁)သာယာဝတီရပ်တွင် စက်လှေတစ်စီး ရပ်ထားသည့်သ‌‌င်္ဘော ဝင်တိုက်နစ်မြှပ် အမျိုးသမီးနှစ်ဦး ရှာမတွေ့သေး




ညောင်ဦး    ဩဂုတ်     ၂၇

 မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၁) သာယာဝတီရပ် ဧရာဝတီမြစ်အတွင်း ဩဂုတ် ၂၆ ရက်  ညနေ ၅ နာရီခွဲ ခန့်က စက်လှေတစ်စီး တိမ်းမှောက်နစ်မြုပ်ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ထံက သိရသည်။

 ဖြစ်စဉ်မှာ အဆိုပါစက်လှေသည် ၅ နာရီ ခန့်တွင် ညောင်ဦးမြို့ ဧရာဝတီမြစ်အတွင်း ခြောက်ဘုရားလှဘက်မှ စတင်ကာ စက်လှေမောင်း ဦးမြတ်လေးကို မောင်းနှင်သော စက်လှေမောင်း အပါအဝင် လူ ၁၆ ဦး သည် မိသားစုအပျော်စီး အဖြစ်မောင်းနှင်ခဲ့ကြောင်း၊ ညောင်ဦးမြို့ အမှတ်(၁) သာယာဝတီဆိပ်ကမ်းအနီး အရောက်တွင် ကျောက်ချ ရပ်တန့်ထားသည့် သ‌‌င်္ဘောသုံးစီးအနက် သ‌‌င်္ဘောအလယ်စီးအား စက်လှေထိပ်ဦးပိုင်းနှင့် ဝင်တိုက်မိရာမှ မထိန်းနိုင်ဘဲ ဖြစ်ကာ တိမ်းမှောက်ခဲ့ကြောင်း၊ စက်လှေတိမ်းမှောက်မှုဖြစ်ပွားချိန်အနီးရှိ စက်လှေများမှ ချက်ခြင်းဆယ်ယူကြသဖြင့် ၁၄ဦး ပြန်လည် ဆယ်ယူ ကယ်ဆယ်နိုင်ခဲ့ပြီး၊ ညောင်ဦးမြို့ ကရုဏာရှင်အသင်းမှ အသင်းသားများက လူမှုကူညီရေးယာဉ် ၂စီးဖြင့် ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန်ရှိ လူနှစ် ဦးအား ညောင်ဦးခရိုင် ခရိုင်မီးသတ်ဦးစီးမှူး ဦထက်အောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊လူမှုရေးအသင်းများ မြစ်အတွင်းဝိုင်းဝန်းရှာဖွေသော်လည်း ည ၈နာရီခွဲထိ ရှာမတွေ့သေးကြောင်း သိရသည်။

 စက်လှေနစ်မြှုပ်မှုကြောင့် ပြန်လည်ရှာဖွေတွေ့ရှိသူ ၁၄ဦး အနက် ကျန် ၁၃ဦးမှာ မစိုးရိမ်ရသဖြင့် မိမိတို့နေအိမ်များသို့ ပြန်သွားကြပြီဖြစ်ပြီး ၊မဖြူစင်မိုးသည် ညောင်ဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ပြန်လည်ရှာဖွေမတွေ့ ရှိသူနှစ်ဦးမှာ အမှတ်(၁)ရပ်ကွက်၊ သီရိမင်္ဂလာ ရပ်နေ မခိုင်နှင့် အမှတ်(၃)၊အောင်ဇေယျရပ် နေ ဒေါ်ကောင်းမြတ်သူ တို့ဖြစ်ကြောင်း ပြန်လည်မတွေ့သေးသည့်သူနှစ်ဦးအား ဩဂုတ် ၂၇ရက်  ယနေ့ ၈နာရီအချိန်မှ စတင်ကာ ညောင်ဦးခရိုင်/မြို့နယ် မီးသတ်ဦးစီး ဌာနက မီးသတ်ဝန်ထမ်းများ၊အရန်မီးသတ်တပ်ဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များနှင့်စက်လှေသမား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

 အဆိုပါဖြစ်စဉ်ကြောင့် စက်လှေမာင်း ဦးမြတ်လေကိုအား ညောင်ဦးမြို့မရဲစခန်းက အမှုဖွင့်အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။



မောင်မောင်ထိန် (ကျောက်ပန်းတောင်း)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS


Related news