ဆိပ်ဖြူမြို့နယ်၌ အမျိုးသားတစ်ဦး လှေပေါ်မှပြုတ်ကျ၍ ရေနစ်သေဆုံး


ဆိပ်ဖြူ      ဩဂုတ်     ၂၇

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် ကိုးတောင့်ကျေးရွာအုပ်စု ၊ရေလယ်ကျွန်းကျေးရွာမှ အမျိုးသားတစ်ဦးသည် ဩဂုတ် ၂၆ ရက် နေ့လည်ပိုင်းက လှေပေါ်မှရေထဲပြုတ်ကျပြီး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆိပ်ဖြူမြို့မ ရဲစခန်းနှင့် ၁ မိုင် ခန့်အကွာ ကိုးတောင့်ကျေးရွာအုပ်စု ရေလယ်ကျွန်းကျေးရွာနေ နိုင်လင်းအောင် အသက်(၃၇)နှစ် ကျဘမ်းလုပ်ကိုင်သူသည် သမီးဖြစ်သူ မဆုရတီကျော်  အသက်(၁၀)နှစ် ၊တစ်ရွာတည်းနေသူ ရဲရင့်စိုး အသက်(၂၄)နှစ် တို့နှင့်အတူ ရေလယ်ကျွန်းကျေးရွာ (အဟောင်း)မှ   ရေလယ်ကျွန်း ကျေးရွာ (အသစ်)သို့ ဩဂုတ်  ၂၆ ရက်  နေ့လယ် ၁၂နာရီခွဲ ခန့်က လှေဖြင့်ထွက်ခွာရာ ကမ်းစပ်နှင့်ဝါး ခုနှစ်ပြန်ခန့် အကွာတွင် နိုင်လင်းအောင်မှာ လှေပေါ်မတ်တက်ရပ်စဉ် မြစ်ရိုးအတွင်း ပြုတ်ကျသွားခဲ့ပြီး ပြန်၍မပေါ်လာတော့ကြောင်း လှေပေါ်ပါလာသည့်  ရဲရင့်စိုးမှာရေထဲဆင်း၍ ရှာဖွေခဲ့သော်လည်း ပြန်လည်တွေ့ရှိခြင်းမရှိ၍  နိုင်လင်းအောင် ၏ဇနီး ဒေါ်ရီရီဝင်းထံဖုန်းဆက်၍ အကြောင်းကြားခဲ့ရာ ရွာသားများနှင့်အတူ ဝိုင်းဝန်းရှာဖွေခဲ့ရာ နိုင်လင်းအောင်အလောင်းကို ရေနစ်မြုပ်သွားသည့်နေရာအနီး ညနေ (၅) နာရီအချိန်တွင်ပြန်လည်၍ ရှာဖွေတွေ့ရှိခဲ့ရကြောင်း အဆိုပါအခင်းဖြစ်နေရာသို့ ဆိပ်ဖြူမြို့နယ် ရဲတပ်ဖွဲ့ မြို့မရဲစခန်းမှူး ဒုရဲမှူး သူရမင်းနှင့် တာဝန်မှူး ဒုတိယရဲအုပ် စုစုထွေးနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ ၊ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး ရေနစ်သေဆုံးသူ နိုင်လင်းအောင်တွင် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမှ မတွေ့ဘဲ သေဆုံးသူမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်စစ်ဆေးနိုင်ရန် ဆိပ်ဖြူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးမှုနှင့်ပတ်သက်၍ ဆိပ်ဖြူမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ဆိပ်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။  



 ကိုဇွဲ(အညာမြေ)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS


Related news