လူ ၁၀၀ ခန့်တင်လာတဲ့ ပါကစ္စတန် ခရီးသည်တင်လေယာဉ်ပျက်ကျ



 လေယာဉ်ပျက်ကျတဲ့နေရာကို ကယ်ဆယ်ရေးလုပ်နေစဉ်

(Zawgyi)⤵⤵⤵

ကိုရိုနာကြောင့် နိုင်ငံတွင်း ပိတ်ဆို့မှုတွေ လုပ်ထားရာကနေ လေယာဉ်တွေ စတင်ပျံသန်းပြီး ရက်ပိုင်းအကြာမှာ ပါကစ္စတန် နိုင်ငံတကာ လေကြောင်း PIA က လေယာဉ်တစ်စင်း ဒီကနေ့ မေ ၂၂ ရက် ကြာသပတေးနေ့မှာ ကရာချိမြို့မှာ ပျက်ကျခဲ့ပါတယ်။

လေယာဉ်ဝန်ထမ်း ၈ ဦး အပါအဝင် လူ ၉၉ ယောက်ခန့်တင်ဆောင်လာတဲ့ ဒီလေယာဉ်ဟာ လာဟိုးမြို့ကနေ ကရာချိမြို့ ကို ပျံသန်းလာတာ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုကြောင့် အထိအခိုက် အပျက်အစီး ဘယ်လောက်ရှိတယ်ဆိုတာနဲ့ လေယာဉ်ပေါ်လိုက်ပါလာသူ အရေအတွက်ကို အတည်ပြုနေဆဲ ဖြစ်ပြီး လေယာဉ်ပေါ်ကလူတွေ အသက်ရှင်ဖို့ ခက်ခဲမယ်လို့ ယူဆရပါတယ်။

ဒီလေယာဉ်ဆင်းမယ့် ဂျင်းနား အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ ပါကစ္စတန်နိုင်ငံမှာ လေယာဉ်အဆင်းအတက်အများဆုံး လေဆိပ်တွေထဲက တစ်ခု ဖြစ်ပါတယ်။

ကရာချိမြို့ လူနေ ဧရိယာထဲက မီးခိုးတွေ ထွက်နေတာကို ဆိုရှယ်မီဒီယာတွေမှာ တင်ထားတဲ့ ပုံတွေမှာ မြင်ရပါတယ်။

လေယာဉ်က ဒေသအချိန် နေ့လယ် ၂ နာရီခွဲလောက်မှာ လေကြောင်းထိန်းချုပ်ရေးနဲ့ အဆက်အသွယ် ပြတ်သွားတယ်လို့ PIA က ပြောခွင့်ရသူက ပြောပါတယ်။

လေယာဉ်ပျက်ကျလို့ အိမ်တွေ ပျက်စီးသွားတဲ့ နေရာကို အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်လာပါပြီ။

Airbus A320 လေယာဉ်ဟာ ဆင်းသက်ဖို့လုပ်နေတုန်း ဂျင်းနားလေဆိပ်ရဲ့ နှစ်မိုင်အကွာ လောက်မှာ ပျက်ကျခဲ့တာပါ။

ပါကစ္စတန် စစ်တပ်က တပ်ဖွဲ့ဝင်တွေ ကူညီဖို့ အဲဒီနေရာကို ရောက်နေပြီလို့ ပြောပါတယ်။

 အရေးပေါ်ကယ်ဆယ်ရေးနဲ့ စစ်တပ် ကယ်ဆယ်ရေးလုပ်

လေယာဉ်ပျက်ကျရတဲ့ အကြောင်းကိုတော့ မသိရသေးပါဘူး။ လေယာဉ်မှူးက လေယာဉ်မှာ စက်ပိုင်းဆိုင်ရာ အခက်အခဲ ဖြစ်ခဲ့တာကို လေကြောင်းထိန်းသိမ်းရေးကို သတင်းပို့ခဲ့တယ်လို့ PIA အကြီးအကဲ တစ်ဦးက ပြောပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန်ခန်းက လေယာဉ်ပျက်ကျမှုကြောင့် အံ့သြတုန်လှုပ် စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောပြီး စုံစမ်းစစ်ဆေးရေးကို ချက်ချင်းလုပ်မယ်လို့ ကတိပေးပါတယ်။

ပါကစ္စတန်နိုင်ငံတဝန်းမှာ ရာမာဒန် ဥပုသ်လအဆုံးပွဲတော်ကို ကျင်းပဖို့ ပြင်ဆင်နေကြပြီး ရပ်ရွာတွေကို ပြန်ကြဖို့ ပြင်ဆင်နေကြသူတွေ အများကြီး ရှိနေပါတယ်။

ပါကစ္စတန် လေကြောင်းမတော်တဆမှု မှတ်တမ်း

ပါကစ္စတန် လေကြောင်းသမိုင်းမှာ လူအများဆုံးသေဆုံးခဲ့တဲ့ လေယာဉ်မတော်တဆမှုက ၂၀၁၀ တုန်းက ဖြစ်ခဲ့တာပါ။ ပုဂ္ဂလိက လေကြောင်းလိုင်း Airblue က လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူ ၁၅၂ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၂ မှာတော့ ဘိုဂျာလေကြောင်းက ဘိုးအင်း 737-200 လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ဝန်ထမ်း ခြောက်ဦးနဲ့ ခရီးသည် ၁၂၁ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၆ မှာ အခုပျက်ကျတဲ့ PAI လေကြောင်းက လေယာဉ်တစ်စင်း ပျံသန်းနေစဉ် မီးလောင်ပြီး လူ ၄၇ ဦး သေဆုံးခဲ့ပါတယ်။

လာဟိုးမြို့နဲ့ ကရာချိမြို့ပြ မြေပုံ 

BBC Burmese

------------------------------------

(

Related news