တရုတ်ရဲ့လုံခြုံရေးဥပဒေသစ်ကြောင့် ဟောင်ကောင်အဆုံးသတ်သွားနိုင်တယ်လို့ ဆို



(Zawgyi)⤵⤵⤵

တရုတ်အစိုးရက လုံခြုံရေးဥပဒေသစ်အတွက် အစီအစဉ်တွေကို ကြေညာပြီးတဲ့နောက် ဟောင်ကောင်အဆုံးသတ်မှာကို ကြောက်ရွံ့မိတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကပြောပါတယ်။

 ဒီဥပဒေပေါ်မှာ ထောက်ခံသူနဲ့ကန့်ကွက်သူတွေရှိနေပါတယ်။

အမေရိကန်ကတော့ တရုတ်ရဲ့ ဒီလှုပ်ရှားမှုဟာ ဟောင်ကောင်မှာ အလွန်အမင်းမငြိမ်မသက်မှုတွေကို ဖြစ်စေနိုင်ပြီး ဟောင်ကောင် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသမှာ တရုတ်အစိုးရရဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်တွေ အားနည်းသွားစေမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ တရုတ်လွှတ်တော်မှာတော့ ဒီသောကြာနေ့မှာ ဆူပူထကြွအောင် လှုံ့ဆော်မှုတွေနဲ့ ပုန်ကန်တော်လှန်မှုတွေကို တားဆီးထားတဲ့ အဲဒီဥပဒေကို ဆွေးနွေးသွားကြဖို့ရှိပါတယ်။

ဒီဥပဒေကိုထောက်ခံသူတွေဘက်ကတော့ ပြီးခဲ့တဲ့ နှစ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေးဆန္ဒပြပွဲတွေမှာ အကြမ်းဖက်မှုတွေကို ဖြိုခွဲဖို့ ဒီလိုဥပဒေလိုအပ်တယ်လို့ ဆိုပါတယ်။

ဆန့်ကျင်သူတွေဘက်ကတော့ လူထုရဲ့အခြေခံလွတ်လပ်ခွင့်တွေကို ဖယ်ရှားဖို့ ဒီဥပဒေကို သုံးစွဲလာမှာ ကြောက်ရွံ့နေကြပါတယ်။

ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဝူချီဝေအပါအဝင် ဟောင်ကောင်က ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ဒီဥပဒေနဲ့ပတ်သတ်တဲ့ တရုတ်အစိုးရရဲ့ကြေညာချက်ဟာ "တစ်နိုင်ငံစနစ်နှစ်ခု" အဆုံးသတ်ခြင်းလို့ ပြောပါတယ်။

 ဟောင်ကောင်သမိုင်းမှာ အဆိုးရွားဆုံးနေ့တစ်နေ့ ဖြစ်လာတယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ဆို

ပြည်သူ့ပါတီရဲ့ ဥပဒေပြုအမတ် မစ္စတာ Dennis Kwok က တကယ်လို့ ဒီတိုင်းသာ ဆက်လုပ်မယ်ဆိုရင်တစ်နိုင်ငံ စနစ်နှစ်မျိုးအခြေအနေက တရားဝင်ပယ်ဖျက်လိုက်ပြီး ဖြစ်သွားမယ်၊ ဒါဟာ ဟောင်ကောင်ရဲ့ အဆုံးသတ်ပဲ လို့ ဆိုပါတယ်။ ဒါဟာ ဟောင်ကောင်သမိုင်းမှာ အဆိုးရွားဆုံးနေ့လည်း ဖြစ်တယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တိုင်ရာချန်းက ပြောပါတယ်။

ဟောင်ကောင်က ကျောင်းသားအရေးလှုပ်ရှားသူနဲ့ နိုင်ငံရေးသမား Joshua Wong က ဘီဂျင်းဟာ ဟောင်ကောင်ရဲ့အရေးပါတဲ့ အသံတွေကို အကြောက်တရားနဲ့ အင်အားသုံးပြီး တိတ်ဆိတ်ဖို့ အားထုတ်ကြိုးပမ်းနေတယ်လို့သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဟောင်ကောင်ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်ခြင်းမရှိတဲ့ အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းဖို့ ကြိုးစားအားထုတ်မှုတိုင်းဟာ အလွန်အမင်းမတည်မငြိမ်မှုတွေဖြစ်စေပြီး ပြင်းထန်တဲ့ ရှုံ့ချမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတရုတ်အနေနဲ့ အသေးစိတ်အချက်အလက်တွေမပါဘဲ အခုအဆိုပြုချက်တွေအတိုင်း ဒီဥပဒေကို ဆက်လုပ်မယ်ဆိုရင် အမေရိကန်အနေနဲ့ ပြင်းပြင်းထန်ထန်တုံ့ပြန်ဖို့ရှိတယ်လို့ ဆိုပါတယ်။

BBC Burmese

------------------------------------

(