ဗိုင်းရပ်စ်အန္တရာယ်ကြားထဲက ရုန်းကန်နေရသူတွေရဲ့ဘဝ



(Zawgyi)⤵⤵⤵

 လူဦးရေ သန်းနဲ့ချီရှိတဲ့ ရန်ကုန်မှာ ကပ်ဘေးကာလ ဆိုင်မှာထိုင်စားဖို့ မဖြစ်နိုင်ဘဲ အိမ်မှာပဲ နေကြရတဲ့ အခြေအနေကြောင့် ပစ္စည်းသယ်ယူပို့ဆောင်ပေးရတဲ့ စက်ဘီးသမားတွေကို လမ်းပေါ်မှာ အများအပြား တွေ့လာရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေ့ရှိမှု အများဆုံးနဲ့ အပူချိန် ၃၈ နဲ့ ၄၀ ဒီဂရီဝန်းကျင်ရှိနေတဲ့ ရန်ကုန်မြို့ထဲမှာ အစားအသောက်၊ ပစ္စည်းတွေကို စက်ဘီးနဲ့ လိုက်ပို့ရတာက လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။

သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးနားမှာနေတဲ့ ကိုပြည့်စုံဦးဟာ Food Panda ဆိုတဲ့ အစားအသောက်ပို့တဲ့လုပ်ငန်းမှာ လုပ်ကိုင်နေသူပါ။ မနက် ၇ နာရီလောက်ဆိုရင် သူ့ရဲ့နေအိမ်ကနေ စထွက်ပြီး မနက်စာ မှာယူနိုင်တဲ့ ဆိုင်ကိုသွားပါတယ်။

သူ့လိုပဲ အစားအသောက်ပို့သူတွေရှိတဲ့အတွက် အော်ဒါဝင်တာကို လာကြိုစောင့်ရပါတယ်။

အမှာအော်ဒါရလာရင်တော့ ဆိုင်ကနေ အစားအသောက်ထုပ်ပိုးပြီးတဲ့အထိစောင့်ပြီး မှာယူသူရဲ့ အိမ်လိပ်စာအတိုင်း စက်ဘီးနဲ့ သွားပို့ရပါတယ်။

ခရီးလမ်းကြောင်း အကွာအဝေးပေါ် မူတည်ပြီး တစ်ကြောင်းစာအတွက် ၁၁၀၀ ကျပ်ကနေ အများဆုံး ၁၇၀၀ အထိ ရပါတယ်။

"အခေါက်ကြေးပေါ့ ဝေးရင်ဝေးသလို ၁၄၀၀၊  ၁၅၀၀၊  ၁၆၀၀  အဲလိုတွေပေးတာ၊ နီးရင်းနီးသလို ၁၁၀၀ ၊  ၁၂၀၀  ပေးတာ၊ အရင်ကတော့အော်ဒါကျတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စဖြစ်ဖြစ်ချင်းမလို့လားမသိဘူး လူတွေကသိပ်မထွက်ကြဘူးလေ၊ မထွက်တော့ အော်ဒါကအများကြီးကျတယ်၊ အခုကတော့ လူတွေကနည်းနည်းပြန်ထွက်လာကြပီဆိုတော့ အော်ဒါက ထင်သလောက်တော့ မကျတော့ဘူးပေါ့၊ အရင်ကဆို ၂၀၊ ၂၀ ကျော်ကျတယ်၊ အခုဆိုရင် ၁၀ ကြောင်း ၁၅ ကြောင်း အဲလောက်ပဲရတော့တယ်၊"

တစ်ယောက်နဲ့တစ်ယောက် ရရှိတဲ့အခေါက်ရေတော့ မတူကြပါဘူး၊ ကိုပြည့်စုံဦးကတော့ တစ်ရက်ကို ၁၅ ခေါက်နဲ့ ၂၀ အကြား ရပါတယ်။ အော်ဒါရတဲ့အထဲက လက်ခံ လုပ်ကိုင်ပေးမှု ကိုးဆယ်ရာခိုင်နှုန်းကျော်ရင်လည်း လုပ်ငန်းကပေးတဲ့ အပိုဆုကြေးငွေ ရနိုင်ပါတယ်။

သူဟာ သံပန်းလုပ်ငန်းလုပ်ကိုင်နေရာက ကပ်ဘေးကာလ အလုပ်ပိတ်သွားတော့ မိသားစု စားဝတ်နေရေးအတွက် အခုလိုပစ္စည်းပို့တဲ့အလုပ်ကို ရွေးချယ်ခဲ့တာပါ။

ဆိုင်မှာ သွားထိုင်စားဖို့၊ ကိုယ်တိုင်ထွက်ဝယ်ဖို့  ခက်ခဲနေသူတွေဟာ  ဝန်ဆောင်မှုကုမ္ပဏီတွေပေးတဲ့ ကမ်းလှမ်းချက်တွေ၊  အစားအသောက် ကြော်ငြာတွေကြောင့် ထိုင်ရာမထ မှာယူစားသောက်သူတွေ ဖြစ်လာကြတဲ့အတွက် ကိုပြည့်စုံဦးတို့လို စက်ဘီးသမားတွေကို ရန်ကုန်မှာ အများအပြား တွေ့လာကြရပါတယ်။

အပူရှိန်ကို အံတုပြီး ရန်ကုန်မြို့ထဲမှာ အစားအသောက် လိုက်ပို့ရတာ မလွယ်ကူလှပါဘူး။ ပိုပြီး ကံဆိုးရင်တော့ ညဘက်မှာ လုယက်မှုနဲ့ ကြုံရနိုင်ပါတယ်။

 "နေ့ခင်းပိုင်းကတော့ မတရားပူတယ်၊ ဒီဂုတ်ပိုးတို့ ကျောနားတို့ ပူခြစ်နေတာပဲ၊ ပူလည်း ဒီ Delivery သမားတွေအကုန်ကတော့ စားဝတ်နေရေးအတွက် လုပ်ရတာပါပဲ၊ ညဘက်တွေကြတော့ အန္တရာယ်များတယ်၊ တချို့တွေကတော့ ဘာဖြစ်လဲဆိုတော့ လုကြတယ်၊ ဖုန်းတွေလုတယ်၊ ပိုက်ဆံတွေလုတယ်၊ ပြီးရင် ဓားထောက်ပြီးအလုခံရတယ်၊ အဲလိုအခက်အခဲတွေတော့ရှိတာပေါ့၊ အဲ့ကြားထဲကပဲ ကိုယ့်စားဝတ်နေရေးအတွက်ကတော့ လုပ်ရတာပါပဲ၊"

ရန်ကုန်ဟာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ အများဆုံးဖြစ်လို့ ရောဂါကူးစက်ခံရမှာကိုလည်း နေရာစုံသွားနေရတဲ့ သူတို့အတွက် စိုးရိမ်စရာပါ။

ဒါပေမဲ့ စားဝတ်နေရေးကရှိနေသေးတော့  နှာခေါင်းစည်းတပ်ပြီး လက်သန့်ဆေးသုံးရင်းပို့တယ်လို့ ကိုပြည့်စုံဦး က ပြောပါတယ်။

ပစ္စည်းသွားပို့တဲ့အခါမှာလည်း အများစုကတော့ အိမ်အောက်အထိ ဆင်းယူကြပေမယ့် အထပ်မြင့်တိုက် ၆ လွှာ ၇ လွှာအထိ တက်ပို့ရတာမျိုးလည်း ရှိတတ်ပါတယ်။

ပစ္စည်းမှာပြီးမှ မှာယူသူရဲ့ ဖုန်းကို ဆက်သွယ်လို့မရတဲ့အခြေအနေမျိုး တခါတလေ ကြုံရရင် သူတို့အနေနဲ့ စိုက်မလျော်ရအောင် ကုမ္ပဏီကို ဆက်သွယ်ရပါတယ်။

"တစ်ကြောင်းက ပျက်သွားတယ်၊ ဘယ်လိုဖြစ်လဲဆိုတော့ ကာစတန်မာကို ခေါ်လိုက်တဲ့အချိန်မှာ သူကစက်ပိတ်ထားတယ်၊ ပိတ်ထားတော့ သူ့ကိုစောင့်ရတဲ့အချိန်ကုန်တယ်၊ ပြီးတော့ သူတို့ကိုဆက်သွယ်လို့မရတော့ ကျွန်တော်တို့က ရုံးပိုင်းနဲ့ပြန်ပြီးတော့ စကားပြောရတယ်၊ ရုံးကိုပြန်ပြီးတော့ အကြောင်းပြန်ကြားရတာပေါ့၊ ရုံးကမှ ခဏစောင့်ပါဦး ဆယ်မိနစ်လောက်စောင့်ဆို စောင့်ပေးတယ်၊ စောင်ပြီး သူတို့ကိုဖုန်းထပ်ဆက်တယ်၊ မရဘူးဆိုရင် သူတို့ကဆက်သွယ်ပေးတယ်၊ သူတို့လည်းဆက်လို့မရဘူးဆိုရင် ဖျက်ပေးတာပေါ့၊ ပင်တော့ပင်ပန်းတာပေါ့အကိုရာ၊ တစ်နေ့လုံးဆိုတော့ ညောင်းတာတော့ရှိတာပေါ့၊ နေကလည်းပူ ဒါပေမဲ့လည်း ပိုက်ဆံရဖို့တော့လုပ်နေရတာပေါ့ အဲ့တော့ပင်ပန်းတာပေါ့။"

ကုမ္ပဏီဘက်လည်း ဆက်သွယ်လို့မရခဲ့ရင်တော့ အမှာပျက်ပြယ်သွားပါပြီ။ မှာယူထားတဲ့ပ္စည်းတွေကို ကိုယ့်စိတ်ကြိုက် လုပ်နိုင်ကြောင်း၊ ဒါမှမဟုတ် သက်ကြီးရွယ်အိုတွေ၊  လမ်းဘေး ကလေးငယ်တွေ၊ ချို့တဲ့သူတွေကို လှူနိုင်ကြောင်း ကုမ္ပဏီက စာပြန်လာပါတယ်။

အဲဒီလို အမှာအော်ဒါ ပျက်ပြယ်သွားတဲ့ ပစ္စည်းရဲ့တန်ဖိုးကိုတော့ ကုမ္ပဏီဘက်က ကျခံရပါတယ်။  ကိုပြည့်စုံဦးတို့လို အစားအသောက်ပို့တဲ့သူတွေလည်း ပို့ခတခေါက်စာ ဆုံးရှုံးပါတယ်။

 တနေ့တာ အလုပ်ပြီးရင်တော့ ရရှိထားတဲ့ ပိုက်ဆံကို   wave money လို ငွေပို့တဲ့စနစ်နဲ့ ကုမ္ပဏီကို ပို့ပေးရပါတယ်။

အဲဒီလိုပို့ပေးပြီးရင်တော့  သူတို့ အိမ်ပြန်လို့ရပါပြီ။ ကိုပြည့်စုံဦးကတော့ အော်ဒါမှာသလောက်ကို စောင့်ပြီး လိုက်ပို့တာကြောင့် သူ့ကိုစောင့်နေတဲ့ သားနဲ့ ကိုယ်ဝန်သည် ဇနီးဖြစ်သူဆီပြန်ရောက်ချိန်ဟာ ည ၉ နာရီထိုးခါနီးနေပါပြီ။

သန့်ဇင်ဦး / RFA Burmese

-------------------------------



(

Related news