သိပ္ပံပညာရှင်တိုင်းလေးစားရတဲ့ လျှပ်စစ်သိပ္ပံရဲ့ ဖခင်ကြီး မိုက်ကယ်ဖာရာဒေး

မိုက်ကယ်လ်ဖာရာဒေးက အင်္ဂလန်၊ နယူဝင်တန် (Newington) ဇာတိ၊ ၁၇၉၁ မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဂျိမ်း ဖာရာဒေးသည် ပန်းပဲဆရာ ဖြစ်ပြီးအလုပ်အကိုင် မကောင်းသဖြင့် မိုက်ကယ်တို့ မိသားစုသည် ဆင်းရဲနွမ်းပါးစွာ နေထိုင်ကြရတယ်။ အသက် ၅ နှစ်သားတွင် မိုက်ကယ်အား ကျောင်းထားသော်လည်း အဆင်မပြေသဖြင့် ၁၃ နှစ်သား အရွယ်တွင် ကျောင်းထွက်ခဲ့ရတယ်။ ကျောင်းမှထွက်ခဲ့ပြီး အသက်တစ်ဆယ့်လေးနှစ်မှာ စာအုပ်ချုပ်၊ စာအုပ်ရောင်းဆိုင် တစ်ဆိုင်မှာ လုပ်သားအဖြစ် ဝင်ရောက်လုပ်ခဲ့ရတယ်။ အဲဒီမှာ စာအုပ်တွေအများကြီးကို ဖတ်ခွင့်ရခဲ့တယ်။ အသက်နှစ်ဆယ် မှာအင်္ဂလိပ်လူမျိုးသိပ္ပံပညာကျော် ဆာဟမ်ဖရီဒေဗီ (Sir Humphry Davy) ဟောပြောပို့ချချက်တွေကို တက်ရောက် နားထောင်ခွင့်ရခဲ့လို့သိပ်အားကျပြီးဆက်လက်တပည့်ခံလိုစိတ် ပေါ်လာလို့ ဒေဗီဆီကိုစာရေးမိတယ်။ ဒေဗီက ရက်သတ္တတစ်ပတ်လျှင် ၂၅ သျှီလင်နဲ့ လက်ထောက်ခန့်တယ်။ နှစ်သိပ်မကြာဘူး။ ဖာရာဒေးကိုယ်တိုင် အရေးပါတဲ့အသစ်တွေ့ရှိချက်တွေ လုပ်နိုင်လာတယ်။ သချင်္ာအခြေခံမှာ ညံ့ပေမယ့် ရူပဗေဒစမ်းသပ်ချက်တွေမှာ သူ့ကို ကျော်နိုင်သူမရှိပါ။ ဖာရာဒေးရဲ့ လျှပ်စစ်မှာအရေးပါတဲ့ ပထမဆုံး စမ်းသပ်တွေ့ရှိချက်ဟာ ၁၈၂၁ မှာ ထွက်လာပါတယ်။ အရင်နှစ်နှစ်လောက်က သြစတက် (Oersted) က ရိုးရိုးမြောက်ဘက်ပြ အိမ်မြှောင် (ordinary magnetic compass) တစ်ခုအနားမှာ လျှပ်စစ်ဓာတ်အားစီးနေတဲ့ ဝိုင်ယာကြိုး (wire) ရှိနေရင် အိမ်မြှောင်လက်တံ (needle) ရွေ့တယ်လို့ တွေ့ရှိခဲ့တယ်။ ဖာရာဒေးက အဲဒါကိုအခြေပြုပြီး သံလိုက်ကို မရွေ့အောင်ချုပ်နိုင်ရင် ဝိုင်ယာကြိုးလှုပ်ရမယ်လို့ တွေးမိတယ်။ အဲဒီတွက်ကိန်း (hunch) နဲ့ စိတ်ကူးကိုဖော်ထုတ်တဲ့အခါ တစ်ရံတစ်ဆစ်မျှ ကြံဆစိတ်ကူးဖော်ထုတ်နိုင်စွမ်းမရှိတဲ့ ပစ္စည်းတစ်မျိုး ရရှိခဲ့ပါတယ်။ သံလိုက်ဝန်းကျင်မှာ ဝိုင်ယာကြိုးအခွေကို လျှပ်စစ်ဓာတ်လွှတ်ပေးတဲ့အခါ ဝိုင်ယာကြိုးက အဆက်မပြတ်လည်ပတ်ကြောင်း တွေ့ရှိပါတယ်။ ဖာရာဒေးက ပထမဆုံးပေါ်တဲ့ လျှပ်စစ်မော်တာ(electric motor) ထည့်သွင်းခြင်း ဖြစ်ပါတယ်။အခုလို ဖာရာဒေးတွေ့တဲ့ပစ္စည်းဟာ ရှေးကျပေမယ့် ကနေ့ကမ္ဘာမှာ သုံးစွဲနေသမျှ လျှပ်စစ်မော်တာတွေကို ဆင်းသက်ပေါက်ဖွားပေးတဲ့ မူလပစ္စည်းဖြစ်ပါတယ်။ ၁၈၁၃ – ၁၅ ခုနှစ်အတွင်း ဖာရာဒေးဟာ ဒေဗီဇနီးမောင်နှံနှင့်အတူ ဥရောပတိုက်သို့ သွားရောက် လည်ပတ်လေ့လာခဲ့ပြီး ပြန်လာသောအခါ တော်ဝင်အသင်း၌ အလုပ်ရသဖြင့် သိပ္ပံနည်းသစ်များကို ရှာဖွေစမ်းသပ်ယင်း အတွေ့သစ် အမြင်သစ်များကို တစတစ တွေ့မြင်လာခဲ့ပါတယ်။ ကလိုရင်း စသော ဓာတ်ငွေ့များကို ဓာတ်ရည်ပြုလုပ် အောင်မြင်ခဲ့တယ်။ ကာဗွန်နှင့် ကလိုရင်းဓာတ် ပေါင်းစပ်သော ပစ္စည်း ၂ မျိုးကိုလည်း တွေ့သေးတယ်။ သံမဏိလောယာများကို စမ်းသပ်ကြည့်သည့်အပြင် မျက်မှန်သုံးမှန် အသစ်အဆန်းများကိုလည်း တီထွင်ခဲ့ပါသေးတယ်။ ဒါကြောင့် ၁၈၂၃ ခုနှစ်တွင် ဖာရာဒေးဟာ တော်ဝင်အသင်းဝင် ဖြစ်လာခဲ့တယ်။ ၁၈၂၅ ခုနှစ်၌ ယင်းအသင်းတွင် လက်တွေ့စမ်းသပ်ခန်း ညွှန်ကြားရေးမှူး ဖြစ်လာ၍ ၁၈၃၃ ခုနှစ်တွင် ဓာတုဗေဒ ပါမောက္ခဖြစ်လာခဲ့တယ်။ ၁၈၃၁ ရောက်တဲ့အခါ ဖာရာဒေးစတင်တွေ့ရှိတဲ့အချက်က သံလိုက်ကို ဝိုင်ယာကြိုးကွင်း (wire loop) ထဲ ထည့်ထားရင် သံလိုက်လှုပ်ဆဲမှာ ဝိုင်ယာကြိုးကွင်းထဲကို ဓာတ်အားဝင်မယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်ကို လျှပ်စစ်သံလိုက်ညှို့ခြင်း (electromagnetic induction) လို့ ခေါ်ပါတယ်။ ဒီဖြစ်စဉ်ကို ထိန်းချုပ်တဲ့ဥပဒေကို ဖာရာဒေးရဲ့နိယာမ (Faraday’s Law) ခေါ်တယ်။ အဲဒီလိုနိယာမတစ်ခုကို ဖော်ထုတ်နိုင်တာကိုပဲ ဖာရာဒေးရဲ့ တစ်ဦးတည်းလုပ်တဲ့ အကြီးဆုံး စွမ်းဆောင်ချက်လို့ ချီးမွမ်းပြောဆိုလေ့ ရှိပါတယ်။ဓာတုဗေဒ (chemistry) နယ်မှာလည်း ဖာရာဒေက အသိသစ်တွေ ဖြည့်စွက်ပေးခဲ့ပါသေးတယ်။ (gases) ဓာတ်ငွေ့တွေကို အရည်(liquefying) ဖြစ်အောင်လုပ်နည်း တီထွင်ပေးပါတယ်။ ပြီးတော့ ဘင်ဇင်း (benzene) အပါအဝင် ဓာတုပစ္စည်းတွေ အများကြီးကို ဖော်ထုတ်ပေးခဲ့ပါတယ်။ လျှပ်စစ်စီးကြောင်း ညှို့ခြင်းကို အခြေခံ၍ တယ်လီဖုန်း၊ ဓာတ်မီးနှင့် သံကြိုးရိုက်ခြင်းများ ပေါ်လာခဲ့တယ်။ သူရေးသားတဲ့ ကျမ်းတွေထဲမှာ အဖိုးအတန်ဆုံးကျမ်းကတော့ လျှပ်စစ်ဓာတုဗေဒ (electrochemistry) ဆိုတဲ့ လျှပ်စီးတွေကြောင့် ဓာတုအကျိုး (chemical effects) ဖြစ်ပေါ်ပုံကို လေ့လာချက် ဖြစ်ပါတယ်။ ဖာရာဒေးဟာ အသေအချာ စမ်းသပ်ချက်တွေလုပ်ပြီးမှ လျှပ်လိုက် (electrolyte) ပစ္စည်းနိယာမနှစ်ချက်ကို ဖော်ထုတ်ခဲ့တယ်။ ဒီနိယာမတွေကို သူ့နာမည်နဲ့ တွဲဖက်ခေါ်ပြောလေ့ရှိပါတယ်။ ဒီနိယာမတွေလည်း လျှပ်စစ်ဓာတုဗေဒပညာရဲ့ အခြေခံအကြောင်းခြင်းရာတွေ ဖြစ်ပါတယ်။ တချို့အရေးပါတဲ့ ဝေါဟာရ ဥပမာ- အန်နုတ် (anode)၊ ကတ်သုတ်(cathode)၊ အီလက်ထရုတ် (electrode)၊ အိုင်ယွန်(iron)တွေကို ဖာရာဒေးထွင်တယ်။ အသုံးတွင်ကျယ်လာအောင် ပြောဟောပါတယ်။ ရူပဗေဒမှာ သံလိုက်ပိုင်းဆိုင်ရာအား (magnetic lines of force) နဲ့ လျှပ်စစ်ပိုင်းဆိုင်ရာအား (electric lines of force) ဆိုတဲ့ အဖိုးတန်စိတ်ကူးတစ်ခုကို စတင်ဖော်ထုတ်ပါတယ်။ သံလိုက်ကို ရှေ့တန်းမတင်ဘဲ ဝန်းကျင်နယ်ပယ်ဆက်စပ်ပုံကိုပြောရင်း မက်စ်ဝဲရဲ့ ညီမျှခြင်း (equations) တွေကိုပါထည့်ပြီး ခေတ်ရူပဗေဒ တိုးတက်ရေးလမ်းစကို ချပေးပါတယ်။ ဝင်ရိုးစွန်းအလင်း (polarized light) ကို သံလိုက်ပြင် (magnetic field) ပေါ်ဖြတ်ပြီးလွှတ်ရင် အလင်းသန့်ခြင်း (polarization) ပြောင်းမယ်တဲ့။ ဒီကိစ္စကို စတင်ဖော်ထုတ်နိုင်တာ သိပ်ကျေးဇူးရှိတယ်။ အလင်း (light) နဲ့ သံလိုက်ဓာတ် (magnetism) ဟာ ဆက်စပ်မှုရှိပါကလားလို့ သူပြောတော့မှ စပြီးသိလာကြတာ ဖြစ်ပါတယ်။ ဖာရာဒေးဟာ သိပ်တော်တဲ့ပုဂ္ဂိုလ်ပါ။ အလုပ်လုပ်ရာတွင် စိတ်ထက်သန်စွာ ဇွဲကောင်းကောင်းနှင့် လုပ်တတ်တယ်။ ရုပ်လည်းချောတယ်။ သိပ္ပံအကြောင်းဟောပြောရာမှာလည်း သိပ်လူကြိုက်များတယ်။ ဒါပေမယ့် မောက်မာတဲ့စိတ်မရှိဘူး။ အကျော်အစော၊ ငွေနဲ့ ဂုဏ်ပကာသနကိုလည်း ဂရုမစိုက်ပါ။ သူ့ကို ‘ဆာ’ဘွဲ့ ပေးတယ်။ လက်မခံပါ။ နှစ်အနည်းငယ် အတွင်း၌ပင် သိပ္ပံနည်းပညာနှင့် သက်ဆိုင်သော စာတမ်းပေါင်း ၁၅၇ စောင် ရေးသားခဲ့ပြီး စမ်းသပ်မှုပေါင်း ထောင်နဲ့ချီပြုလုပ်ခဲ့သော လူသားအကျိုးပြုပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း အိုင်းစတိုင်းတို့လို သူ့နောက်ပိုင်းခေတ် သိပ္ပံပညာရှင်ကြီးတွေက မိုက်ကယ်ဖာရာဒေးကို အလွန်လေးစားခဲ့ကြတာဖြစ်တယ်။ ဗြိတိသျှအသင်းတော်ဥက္ကဋ္ဌ (the British Royal Society) တင်တာလည်း ငြင်းတယ်။ စီးပွားဖြစ် အလုပ်လုပ်သူမျိုး မဟုတ်သဖြင့် ငွေကြေးကြပ်တည်း ချို့တဲ့စွာ နေထိုင်ရပေမယ့် ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ထောင်သက်ရှည်တယ်။ သားသမီးမထွန်းကားပါ။ သူ့ကိုလေးစားလွန်းတဲ့အတွက် ဗြိတိသျှအစိုးရက တစ်နှစ်လျှင် ပေါင် ၃၀၀ ကျ ဆုအဖြစ် အသက်ထက်ဆုံး ချီးမြှင့်ခဲ့တယ်။  ၁၈၅၈ ခုနှစ်တွင် ဝိတိုရိယ ဘုရင်မကြီးက ဟမ်ပက်တန်ကုတ်ရပ်ကွက်တွင် အိမ်တစ်လုံးပေးခဲ့ပြီး အဲဒီအိမ်မှာပဲ ကွယ်လွန်သည်အထိနေသွားခဲ့တယ်။ ၁၈၆၇ခုနှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က အသက် ၇၆နှစ် ရှိပြီဖြစ်ပါတယ်။ ဒေါက်တာသန်းထွန်း ရဲ့ ကျော်စွာ ၁၀၀ စာအုပ်မှ Myanmar Wikipedia Via : Ko Kyaw Min Htwe ဖိုးသူတော် (www.phothutaw.com) Credit: သုတဇုန် #

Name

Post Date

Comment features will be supported very soon!

Related news