သင်္ကြန်ပိတ်ရက်မှာ အေးအေးလူလူ အနားယူချင်သူတွေ လည်ပတ်သင့်တဲ့ နေရာခုနစ်ခု ..!

မူလဆိုက်တွင်ဖတ်ရန် >>>



   Possible Travels and Tours

                                

 သင်္ကြန်ကာလ ပိတ်ရက်ရှည် ခရီးထွက်ဖို့ စိတ်ကူးကိုယ်စီနဲ့ ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေ စီစဉ်ထားကြသူတွေ ရှိသလို ပူပြင်းတဲ့နွေကာလမှာ ရေမကစားဘဲသဘာ၀ရှုခင်းအလှအပတွေကို ခံစားပြီး အပန်းဖြေခရီးထွက်လိုသူတွေ အတွက်ခရီးသွား ကုမ္ပဏီတွေကို မေးမြန်းထားတဲ့ လည်ပတ်သင့်တဲ့ခရီးစဉ်ခုနစ်ခုကို ဖော်ပြလိုက်ပါတယ်။

ရာသီဥတု မျှတပြီး သွား ရောက်လည်ပတ်ဖို့ အကောင်းဆုံး ခရီးစဉ်တွေထဲမှာ ကနဦး ဖော်ပြလိုတာက ကလောတောင်တက်ခရီးစဉ် (Trekking) ဖြစ်ပြီး အေးမြလတ်ဆတ်တဲ့ နံနက်ခင်းလေးကို တဝကြီးခံစားပြီး ထင်းရှူးပင် များကြားမှာ တောင်တက်တဲ့ အတွေ့အကြုံကို ခံစားချင်သူများအတွက် အထူးသင့်တော်တဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။

ကလော Trekking ခရီးစဉ်မှာ တောင်တက်တာအပြင် ကလောစျေး၊ နှီးဘုရား၊ ရွှေဥမင်လိုဏ်ဂူ၊ မြင်းမထိလိုဏ်ဂူ၊ ရွာငံ ရေပြာအိုင်၊ မြသပိတ်ရေပြာအိုင်၊ တောကျယ်ရေတံခွန်၊ မိန်းမရဲသခင်မတောင် အစရှိတဲ့ နေရာတွေကို ခရီးစဉ်တစ်ခုတည်းမှာ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

ဒုတိယမြောက် ခရီးစဉ်ကတော့ ရာသီဥတုသာယာပြီး တစ်မူထူးခြားတဲ့ သဘာ၀ရှုခင်းတွေရှိရာ နာမည်ကျော် မြစ်ဆုံဒေသနှင့် ကချင်လူမျိုးများ၏ ရိုးရာဓလေ့တို့ကို လေ့လာနိုင်မယ့် မြစ်ကြီးနားခရီးစဉ်ဖြစ်ပြီး ရက်ရှည်ခရီးထွက် လိုသူများအတွက် သင့်တော်တဲ့ခရီးစဉ်တစ်ခုပါ။

Possible Travels and Tours

မြစ်ကြီးနားခရီးစဉ်မှာ ဧရာ၀တီတိုင်း စတင်မွေးဖွားရာ မေခ၊ မလိခ မြစ်နှစ်ခု ပေါင်းဆုံတဲ့ မြစ်ဆုံဒေသ၊ အင်းတော်ကြီးအိုင်၊ မနောပွဲကျင်းပရာ မနောဥယျာဉ်၊ ဆဒုံးရေတံခွန်၊ ကချင်ချောင်းသာ၊ ကရိန်နော အပန်းဖြေဥယျာဉ်၊ တန်ခိုးကြီး ရွွှေမဉ္ဇူဘုရားအစရှိတဲ့ နေရာစုံကို သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

တတိယအနေနဲ့တော့ တိမ်တွေအပေါ် ထိုးထွက်နေတဲ့တောင်တန်းစိမ်းတွေရှိရာ ချင်းပြည်နယ်ခရီးစဉ်ဖြစ်ပြီး ခေါ်နူစုမ် (ခေါ်) နတ်မတောင်နဲ့ သဘာ၀အတိုင်း အသည်းပုံသဏ္ဌာန်ဖြစ်ပေါ်နေပြီး မိုးမခပင်များ  ပတ်လည်၀ိုင်းနေတဲ့ ရိဒ်ရေကန်တို့ဆီကိုသွားပြိီး အေးမြတဲ့ သဘာ၀ရှုခင်းတွေကို ခံစားရမယ့် ခရီးစဉ်ပဲ ဖြစ်ပါတယ်။

အပူရှောင်တဲ့အနေနဲ့လည်ပတ်သင့်တဲ့ ခရီးစဉ်တွေထဲမှာ သာယာတဲ့ရှုခင်းတွေနဲ့အတူ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ဖွံ့ဖြိုးလာတဲ့ ကယားပြည်နယ်လည်း တစ်ခုအပါအ၀င်ပါ။

ကယားပြည်နယ် ခရီးစဉ်မှာတော့ တောင်ကွဲစေတီ၊ ကန်ခုနစ်ဆင့် ရေကန်၊ ဒီးမော့ဆိုမြို့၏ အလှတရား တစ်ခုဖြစ်တဲ့ ငွေတောင်ဆည်၊ နတ်သမီးခုနစ်ဖော် ရေကစားတဲ့ ထီးပွင့်ကန်၊ ပဒေါင်လူ မျိုးများ၏ ဓလေ့ကို လေ့လာနိုင်မည့် ပန်ပတ်ရွာ၊ ကျောက်စက်ပန်းဆွဲများဖြင့် ထူးခြားတဲ့ ပင်းတယလိုဏ်ဂူ၊ ကျတ်ဂူ၊ ဒွေးမယ်နော်နှင့် ညီအစ်မခုနစ်ဖော်တို့ ရေကစားခဲ့သော ပုန်းတလုတ်ကန်အစရှိတဲ့ နေရာတွေက ထူးခြားတဲ့ခရီးသွား အတွေ့အကြုံကို ပေးနိုင်မှာပါ။

နှစ်စဉ် လူသွားအများဆုံး ခရီးစဉ်တွေထဲမှာ ပါ၀င်ပြီး သာယာလှပတဲ့ အင်းလေးကန်နဲ့ အေးချမ်းတဲ့ရာသီဥတုရှိတဲ့ တောင်ကြီးခရီးစဉ်ကလည်း ချန်မထားသင့်တဲ့ ခရီးစဉ်တစ်ခုဖြစ်ပါတယ်။

တောင်ကြီး ခရီးစဉ်မှာတော့ အင်းလေးကန်၊ သဘာ၀ထမ်စမ်းဂူ၊ စူဠာမုနိဘုရား၊ မွေတော်ကက္ကူ ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ပင်းတယလိုဏ်ဂူအစရှိတဲ့ နေရာတွေကို အေးအေးချမ်းချမ်း သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

တောင်ပေါ်ရှုခင်းတွေ၊ ရေတံခွန်တွေကြောင့် နာမည်ကျော်တဲ့ ပြင်ဦးလွင်ခရီးစဉ်က နွေကာလအပန်းဖြေသူများတဲ့ နေရာတစ်ခုဖြစ်ပြီး ပိတ်ချင်းမြှောင်လိုဏ်ဂူ၊ ပွဲကောက်ရေတံခွန်၊ မဟာအံ့ထူးကံသာဘုရား၊ ရုက္ခဗေဒဥယျာဉ် (ကန်တော်ကြီး)၊ ဒီဇင်ဘာခြံ၊ တိုင်းရင်းသားကျေးရွာ၊ ကမ္ဘာကျော်ဂုတ်ထိပ်တံတား အစရှိတဲ့နေရာများကို သွားရောက်လည်ပတ်နိုင်မှာပါ။

လတ်ဆတ်တဲ့ ပင်လယ်စာတွေစားသုံးရင်း အေးအေးဆေးဆေး ရေကူးအပန်းဖြေအနားယူနိုင်တဲ့ ကမ်းခြေအပန်းဖြေခရီးစဉ်တွေလည်း သွားရောက်လည်ပတ်ဖို့ ရွေးချယ်သင့်တဲ့အထဲမှာပါပြီး ချောင်းသာ၊ ငွေဆောင်နှင့် ငပလီကမ်းခြေ အပြင်နှစ်အနည်းငယ်အတွင်း လူသိများလာတဲ့့ ဂေါ်ရင်ဂျီကျွန်းနဲ့ ငရုတ်ကောင်းကမ်းခြေတို့ကိုလည်း သွားကြည့်သင့်ပါတယ်။      ။

ဖိုးသူတော် (www.phothutaw.com)

Credit: 7Day Daily

#

Latest Comments

Leave a Comment