Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မြန်မာတို့၏ နှစ်သစ်ကူး ရိုးရာအတာသင်္ကြန်

Image



သင်္ကြန် ဆိုတဲ့စကားဟာ သင်္ကန္တ ဆိုတဲ့ ပါဠိဘာသာစကား သင်္ကြန္တ ဆိုတဲ့ သက္ကတဘာသာစကားတွေကနေ ဆင်းသက်လာတာ ဖြစ်ပြီး ပြောင်းရွှေ့ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

၁။ သင်္ကြန်ဆင်းသက်လာပုံ

(က) သင်္ကြန်ဟာ ဟိန္ဒူဘာသာကနေ ဆင်းသက်လာတယ်လို့ဆိုကြပြါတယ်။ သိကြားမင်းနဲ့ ဗြဟ္မာမင်းတို့ အငြင်းပွားရာမှာ သိကြားမင်းအနိုင်ရခဲ့ပြီး ဗြဟ္မာမင်းကြီး၏ ဦးခေါင်းကို ရခဲ့ပါတယ်။ တန်ဖိုးကြီးလှတေဲ့ ဗြဟ္မာမင်းဦးခေါင်းကို ပင်လယ်ထဲပစ်ချရင် ရေခန်း၊ မြေကြီးထဲထားလျှင် မီးလောင်၊ လေထဲသို့ ပစ်လျှင်လဲ သတ္တဝါအားလုံး မီးလောင်ကြမှာ ဖြစ်တာကြောင့် သိကြားမင်းက ကိုင်ထားရပါတယ်။ နောက်ပိုင်မှာ တန်ခိုးကြီးတဲ့ နတ်မင်းကြီးတွေကို တစ်နှစ်လျှင်တစ်ပါး ဦးခေါင်းကို ထိန်းသိမ်းဖို့ မိန့်ကြားခဲ့ကာ ဦးခေါင်းကို နတ်မင်းကြီးတစ်ပါးလက်မှ အခြားနတ်မင်းကြီးတစ်ပါးလက်ထဲသို့ ကူးပြောင်းချိန်ကို ပုဏ္ဏားတို့က တွက်ချက်ပြီး ထိုအကူးအပြောင်းကာလကို သင်္ကန္တ လို့ခေါ်ဆိုခဲ့ကြပါတယ်။ ထိုကာလမှာ သိကြားမင်းဟာ ကောင်းမှုထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားဖို့ အတွက် လူ့ပြည်ဆင်းလေ့ရှိကာ မှတ်တမ်းများကိုလည်း မှတ်လေ့ရှိပြီး ကောင်းသူများကို ရွှေပေလွှာတွင်ရေးမှတ်ပြီး မကောင်းသူများကို ခွေးသားရေပုရပိုက်မှာ ရေးမှတ်တယ် လို့ ဆိုကြပါတယ်။

(ခ) ဒါပေမဲ့ သင်္ကြန်ဟာ ဗုဒ္ဓဝင်ကျမ်းတွေက ဆင်းသက်လာတယ် လို့လည်း ဆိုကြပြန်ပါတယ်

ဗေဒင်ပညာရပ်များအရ ကမ္ဘာကြီးက နေကိုလှည့်ပတ်ခြင်းကို မိသာရာသီကနေ စကြည့်ရင် မေထုန်... မိန်ရာသီကို ရောက်တဲ့အခါ သူရိယသိဒ္ဓန္တကျမ်းအရ ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ပြည့်ပါတယ်။ တနင်္ဂနွေ ရဝိဖုဋဂြိုလ်စင်မှ မိဿရာသီအစ သုညအဿင်္ကို ဝင်တယ်လို့ သတ်မှတ်ကာ နှစ်ဟောင်းကနေ နှစ်သစ်ကိုကူးပြောင်းတယ်လို့ မှတ်ယူခဲ့ကြပါတယ်။ သို့သော် နှစ်သစ်ကို အမှန်တကယ်ကူးပြောင်းတဲ့အချိန်က နောက်ထပ် ၂ ရက် ၄ နာရီ ၄ မိနစ်နှင့် ၄၀ စက္ကန့်ကြာမှဖြစ်တယ် လို့ဆိုပြီး ထိုသို့ နေသွားရာလမ်းကို ၁၂ ရာသီခွင်နှင့် ညှိုနှိုင်းတွက်ချက်ကာ လပြက္ခဒိန်သုံး မြန်မာတို့အတွက် တန်ကူးလတွင် သင်္ကြန်ကျရောက်ပါတယ်။ ဗုဒ္ဓဝင် ကျမ်းဂန်များအရ ထိုကာလဟာ ဘုရားရှင်ရဲ့ မယ်တော်ဘက်က အမျိုးများရှိတဲ့ ဒေဝဒဟပြည်နေ မင်းသား မင်းသမီးများ ရေကစားကြတဲ့ ကာလဖြစ်တယ် လို့လည်း ဆိုကြပြန်ပါတယ်။

၂။ သင်္ကြန်နှင့် သိကြားမင်း

သင်္ကြန်မှာ သိကြားမင်းလူ့ပြည်ကို ဆင်းလေ့ရှိကြောင်း အယူအဆကို စတင်ဖော်ထုတ်သူက ပုဏ္ဏားပညာရှိ စန္ဒရှိန်ကိုး ဖြစ်ပါတယ်။ သိကြားမင်းစီး၍ ဆင်းလာသည်ဟူသော အရုပ်တွေဟာလည်း သင်္ကြန်ကျသည့်နေ့အပေါ်မူတည်လို့ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အချို့က သက္ကရာဇ်ကိုတည်ကာ ၂ ကိုနှုတ်ပြီး ၁၂ ဖြင့်စား၍ ရသော အကြွင်းပေါ်မူတည်ကာ အရုပ်တွေကို သတ်မှတ်ကြောင်း သင်္ကြန်လက်ရိုးကျမ်းကို ကိုးကားလျက် ဆိုကြပြန်ပါတယ်။

၃။ အတာရေပက်ဖြန်းခြင်းအစနှင့် သင်္ကြန်စာ

သင်္ကြန်အတာရေ ပက်ဖြန်းခြင်းကို ဥပေါသထမင်းကြီးရဲ့ ခေါင်းဆေးမင်္ဂလာပြုခြင်းက စတယ်လို့ ပြောကြလေ့ရှိကာ ထိုခေတ်က ဘုရင်တွေဟာ တစ်နှစ်တစ်ခါ ခေါင်းဆေးမင်္ဂလာကို ကျင်းပပြုလုပ်လေ့ရှိကြပါတယ်။ သင်္ကြန်အကျနေ့မှာ သိကြားမင်းဟာ နတ်ပြည်မှ လူ့ပြည့်သို့ ဆင်းသက်လာပြီး ထိုဆင်းဆက်လာချိန်ကို သိစေရန် သင်္ကြန်အမြောက်ကိုဖောက်ကြတဲ့အခါ လူတွေက အတာအိုးထဲမှာ ရေထည့်ပြီး သပြေခက်နဲ့ မြေကြီးကိုရေဖြန်းကာ ပူဇော်ကြပါတယ်။ ထိုအခါ အန္ဒိယမျိုးနွယ် ဗြဟ္မဏပုဏ္ဏများက နောင်လမည့်နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ် ကြေညာပါတော့တယ်။

၄။ သင်္ကြန်နှင့် မြန်မာ့ရာဇဝင်

မြန်မာ့သမိုင်း မှန်နန်းရာဇဝင် ပဥ္စမအတွဲအရ သင်္ကြန်ဟာ ပုဂံခေတ် နရသီပဟပတေ့မင်း (ခ) တရုတ်ပြေးမင်း (ခ) မင်းခွေးချေး လက်ထက်မှ စတင်ခဲ့ပါတယ်။

အကျီစားသန်တဲ့ နရသီဟပတေ့မင်းမှာ ငယ်ရွယ်လှပပြီး မာန်မာနကြီးသူ မိဖုရားငယ် စောလုံ ဆိုတာရှိခဲ့ပြီး စောလုံဟာ နရသီဟပတေ့မင်းရဲ့ ချစ်ခင်ကြင်နာမှုကို အခံရဆုံးလဲဖြစ်ပါတယ်။ နှစ်စဉ် ပုဂံမှာ နွေရာသီရောက်တိုင်း ရေဖျန်းကစားတဲ့ ရေသဘင်ပွဲတော် ပြုလုပ်လေ့ရှိပြီး နန်းတော်ကနေ မြစ်ဆိပ်အထိ အကာအရံများ ကာရံကာ မြစ်ဆိပ်၌ တဲထိုးကာ ရေကစားလေ့ရှိကြပါတယ်။ ရှင်ဘုရင်ဟာ မောင်းမများပါမကျန် အစုံအလင်နဲ့ ပွဲတော်ကိုကျင်းပလေ့ရှိပြီး မိဖုရားစောလုံကိုလဲ ဖိတ်ခေါ်ခဲ့ပါတယ်။

နရသီဟပတေ့မင်းဟာ မောင်းမတစ်ယောက်ကို မိဖုရားစောလုံရဲ့ ခေါင်းက ဆံစပါမကျန် ရွဲစိုအောင်လောင်းရန် တိတ်တဆိတ် မိန့်ကြားခဲ့ပါတယ်။ ဝိုင်းဝန်းကျီစားပက်လိုက်တဲ့ ရေဒဏ်ကြောင့် မိဖုရားစောလုံဟာ အရှက်ကြီးစွာရခဲ့ပြီး ဒယိမ်းဒယိုင် ဖြစ်သွားတာကို နရသီဟပတေ့မင်းက မောင်းမများရှေ့မှာ ရယ်မောခဲ့ပါတယ်။ ဒါကို စောလုံက မကျေနပ်တာကြောင့် ဘုရင် ပွဲတော်တည်မယ့် ပွဲတော်စာမှာ အဆိပ်ခတ်လုပ်ကြံခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ နရသီဟပတေ့မင်းဟာ လုပ်ကြံကြောင်းသိခဲ့ပြီး မိဖုရားစောလုံကို ကွပ်မျက်ပစ်ခဲ့ပါတယ်။

၅။ သင်္ကြန်ရဲ့အဓိပ္ပာယ် နဲ့ ပိတောက်ပန်း

နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးပြောင်းချိန်မှာ မကောင်းတဲ့ အညစ်အကြေးတွေကို ဆေးကြောကြတယ် ဆိုတဲ့ အယူအဆနဲ့ သင်္ကြန်ရေကို ပက်ဖြန်းကာ နှစ်စဉ်သင်္ကြန်ပွဲတော်ကို ကျင်းပကြသလို မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ အစည်ကားဆုံးပွဲတော် တစ်ခုလည်း ဖြစ်ပါတယ်။ သင်္ကြန်ရောက်တိုင်း တစ်နှစ်တစ်ခါ အချိန်အခါသင့် ပွင့်လေ့ရှိတဲ့ ပိတောက်ပန်းတွေကြောင့် "တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်လို့" ရှေးစကားပုံရှိခဲ့ခြင်း ဖြစ်ပါတယ်။

၆။ ယနေ့ခေတ်သင်္ကြန်

ယနေ့ခေတ်မှာတော့ သင်္ကြန်ကို မဏ္ဍပ်အကြီးအသေးမျိုးစုံမှာ ရေပိုက်တေါ ရေသေနက်တွေ ရေဖလား စတာတွေနဲ့ အမျိုးမျိုးကစားကြပြီး မြူးမြူးကြွကြွ ခေတ်ပေါ်သံစဉ်များနဲ့ မြန်မာသံစဉ်တွေကို တွဲဖက် သီဆိုဖျော်ဖြေကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိနေပြီး နိုင်ငံခြားသားတွေလည်း အထူးစိတ်ဝင်တစား ပါဝင်ဆင်နွှဲကြတာကို တွေ့လာရပါတယ်။

Ref : မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၃)

: မှန်နန်းရာဇဝင် ပဥ္စမတွဲ

: ဟံသာဝတီဦးဘရင်၏ မြန်မာ့အစဉ်အလာ

: တင်နိုင်တိုး၏ သင်္ကြန်ပွဲတော်

: Wikipedia

ဖိုးသူတော် (www.phothutaw.com)

Credit: Cj (ရိုးရာလေး)

Latest Comments

Leave a Comment

Related News