Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

“ဂျပန်စစ်သား တမလွန်က စောင့်နေသည်”

Image



“နိဟွန်းဂျင်းနို့ ဟဲအိရှိ (ဂ) မတဲအိမတ်စု ………………. ” ဂျပန်စာကိုမြင်တိုင်း အမှတ်မထင် အသံထွက် ဖတ်ဖတ်မိ တတ် နေတဲ့အကျင့်က   ဂျပန်စာလေ့လာနေသူ သတိုး အတွက် အဆန်းတကျယ်တော့မဟုတ်တော့ပါဘူး…. ၊   ထူးဆန်းတာ က ဒီနေရာမှာ ဘာလို့ ဒီစာမျိုးကိုတွေ့နေရတာလဲဆိုတာကို   စဉ်းစားရကြပ်နေမိတာပဲ … ဒီလောက်ခေါင်လွန်းလှတဲ့ ရွာမှာ ဂျပန်စာ…..အင်္ဂလိပ်စာ …တခြားဘာသာစကားတွေမပြောနဲ့ မြန်မာစာတောင် သေစာရှင်စာလောက်ပဲ တတ်ကြ တဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေမှာပဲ   ကြီးပျင်းလာကြပုံရတဲ့ ရွာမှာနေသူတွေက …. ဒီလိုမျိုး ဂျပန်စာကို   ရွာအ၀င် အ၀ ရွာနာမည်ထိုးထားတဲ့ဆိုင်းဘုတ်အောက်မှာရှိတဲ့ သစ်ပြားလေးမှာ ဘာကြောင့်များထွင်းထားနိုင်တာလဲဆိုတာလေး …၊

ရွာထဲရောက်မှ ဒေသခံတွေကိုသေချာမေးတော့မယ်ဆိုပြီး   သတိုး တက်ကြွတဲ့ခြေလှမ်းတွေနဲ့ ကျောပိုးအိတ် ကြိုးလေးကို လက်နှစ်ဖက်နဲ့   တင်းတင်းကိုင်ထားရင်း ဆက်လျှောက်သွားလိုက်တယ် …. ၊   မြေကြမ်းပြီး ဆိုင်ကယ်တိုးမပေါက်တဲ့ ဒီလိုတောတောင်ထဲမှာ ခြေထောက်က   ပိုအသုံး၀င်နေတယ်လေ ၊ သတိုးက ရန်ကုန်သားစစ်…   ရန်ကုန်သားဆိုပေမယ့် ပထ၀ီဘာသာနဲ့ ဘွဲ့ရကျောင်းပြီးထားပြီးတော့   လက်ရှိမှာလည်း ပထ၀ီနဲ့ပတ်သတ်တဲ့ နိုင်ငံခြား ကုမ္ပဏီတစ်ခုမှာ   ၀န်ထမ်း ၀င်လုပ်နေတဲ့သူတစ်ယောက် ၊ သူတို့အလုပ်က အလုပ်လာအပ်တဲ့သူ   လိုချင်တဲ့ပုံစံမျိုးရတဲ့အထိကို မြေပုံတိတိကျကျဆွဲပေးတာတို့   မြေတိုင်းပေးရတာတို့ကို လုပ်ပေးရတာလေ ၊ အစိုးရမြေတိုင်းရုံးက   အလုပ်နဲ့ ခပ်ဆင်ဆင်တူတယ်… ၊

အပြင်ထွက် field ထဲမှာ survey ဆင်းရတဲ့အခါ   ရုံးက ၀န်ထမ်းတွေကို လိုအပ်တာတစ်ကိုယ််ရည်စာအပြည့်အစုံနဲ့ ခရီး စရိတ်ပေးပြီး   လွှတ်တတ်တယ်…. ၊ သွားနိုင်ခြင်း မသွားနိုင်ခြင်းဆိုတာ ၀န်ထမ်းတွေမှာလည်း   ရွေးချယ်ခွင့် ရှိကြပါတယ် … ၊ တစ်ခါတစ်လေ မတည်ငြိမ်သေးတဲ့ ဒေသတွေအထိကို   သွားပြီး မြေတိုင်းကြရတယ်… ၊ တစ်ခါ သွားရ ရင် အဖွဲ့လိုက် ၃ယောက်တွဲ အနည်းဆုံး သွားကြရတယ်…သုံးယောက်လုံးက သူတို့တွေတိုင်းရမယ့် နေရာ၀န်းကျင်ကိုရောက်ရင်   အဲ့နေရာတွေ ကိုမရောက်ခင် အနီးဆုံး နေ့ချင်းပြန်သွားနိုင်လောက်တဲ့ ဆက်သွယ်ရေးအဆင်ပြေလောက်တဲ့   မြို့ကြီး ၊ မြို့ငယ် ၊ ရွာကြီး ၊ ရွာငယ် တွေမှာ စုရပ်အဖြစ်အခြေချကြတယ် … ၊ နောက်တော့   သူတို့တိုင်းတာရမယ့် အစွန်အဖျား နေရာတွေကို မတိုင်းတာခင်ရက်ပိုင်းလောက်စောပြီး   ဒေသအခြေအနေကိုသွားကြည့်ကြတယ် … တိုင်းတာလို့ အကောင်းဆုံး နေရာ ၊   မြေပြင်မှာ ကြာရှည်ခံအမှတ်အသားလုပ်လို့ရတဲ့နေရာကိုရှာဖွေကြတယ် ၊

သတိုးကိုယ်တိုင်က စွန်စားခန်းဖွင့်တဲ့စာအုပ်တွေ သည်းထိတ်ရင်ဖိုစာအုပ်တွေကို ဖတ်ပြီးကြီးလာတဲ့သူတစ်ယောက် ဆိုတော့   စွန့်စားရတာကိုကြိုက်တယ် ၊ အသက် နှစ်ဆယ်ကျော်အရွယ်ဆိုပေမယ့် အဲ့ဒီ့လိုရူးတတ်တဲ့စိတ်လေးနဲ့အတူ   အရမ်းခေါင်တဲ့ဒေသတွေကို သွားဖို့ကိစ္စရှိလာတိုင်း သတိုးက ရှေ့ဆုံးက သွားမယ့်စာရင်းပေးလေ့ရှိတယ် ၊   တစ်ရုံးလုံးက သတိုးကို လက်ဖျားခါကြတာ အဲ့လိုအကြောင်းတွေကြောင့်လည်းပါတယ် ၊   သတိုးက သူများမသွားချင်…မသွားရဲတဲ့ နေရာတွေဆို တက်တက်ကြွကြွ သွားတတ်တာမို့လေ ၊

အခုလည်း မြန်မာပြည်မြေပုံထဲမှာတောင် ပြူးဖြဲရှာနေရတဲ့ တောထဲတောင်ထဲကရွာသေးသေးလေးတစ်ခုကို သတိုး တစ်ယောက်တည်း ကွင်းဆင်းကြည့်နေပြန်တယ်… အနီးဆုံးရွာကြီးမှာ ကျန်ခဲ့တဲ့   အဖော်နှစ်ယောက်ကတော့ သတိုး အကြောင်းပြန်လာတာနဲ့အလုပ်စဖို့ပြင်နေကြတယ်… ၊   ဒီခရီးစဉ်ကိုလည်းထုံးစံအတိုင်း သတိုးကိုယ်တိုင် စိတ်အား ထက်သန်စွာနဲ့ ရွေးထားတာမဟုတ်လား…. ။

“ အရီးလေး မင်္ဂလာပါခင်ဗျာ… ကျေးဇူးပြုပြီး ကျွန်တော့်ကို ရွာက   တာ၀န်ရှိတဲ့သူဆီကိုလမ်းညွန်ပေးပါလားခင်ဗျာ … ”   ရွာ၀င်၀င်ခြင်းမှာ မြင်လိုက်ရတဲ့ ရွာသူအဒေါ်ကြီးတစ်ယောက်ကို   ဖော်ရွေရိုးသားတဲ့လေသံနဲကနှုတ်ခွန်းဆက်သလိုက်ပြီး လှမ်းညွန်ဖို့   အကူညီတောင်းလိုက်တော့ အဒေါ်ကြီးက သတိုးကို လူစိမ်းမို့ထင်တယ်   အံ့သြတကြီးကြည့်နေရင်းက လမ်းညွန်ပေးလိုက်တယ်… ၊

မကြာခင်မှာပဲ သတိုးတစ်ယောက် သူကြီးအိမ်ကိုရောက်လာခဲ့တယ် ၊   သူကြီးအိမ်ကိုအရောက်ခင်လမ်းတစ်လျောက်မှာ တစ်ရွာလုံးမှာရှိတဲ့   လူတွေ နေပုံထိုင်ပုံ ၊ အိမ်အနေအထားတွေကိုလည်း အကဲခတ်ခဲ့သေးတယ် ၊   ထူးထူးခြားခြားရယ် လို့မတွေ့သေးဘူး ၊ အခြားရွာပုံစံတွေအတိုင်းပါပဲ… ၊   သူကြီးအိမ်ကလည်း ထုံးစံအတိုင်းတစ်ခြားရွာတွေက သူကြီးအိမ် တွေလို   တစ်ရွာလုံးမှာ အခန့်ထည်ဆုံးဖြစ်နေတာကိုလည်းတွေ့လိုက်ရတယ် ၊   အိမ်ရှေ့ရောက်တော့ ရွာသူကြီးနဲ့ တွေ့ချင်တဲ့အကြောင်းကိုလှမ်းပြောလိုက်တယ်   ဒီအခါမှ အိမ်ထဲက သူ့ကိုစိမ်းစိမ်းကြီးကြည့်နေတဲ့ မိန်းကလေးတွေက   သူကြီးကိုသွားခေါ်ပေးပြန်တယ်…မကြာခင်မှာပဲ ၀၀ဖိုင့်ဖိုင့်ကြီးနဲ့လူတစ်ယောက်   အိမ်ထဲကနေထွက်လာခဲ့တယ် …. ။

“ကျုပ်ကိုမေးနေတယ်ဆိုတာ ဒီကမောင်ရင်ထင်တယ် ”   အခြေအနေကိုကြည့်ပြီး ရွာသူကြီးမှန်းသိသွားတော့ သတိုးက   သူ့ရဲ့ခါးကို လေးလေးနက်နက်ဟန်လေးနဲ့ ကိုင်းညွတ်ချလိုက်ပြီးတော့   “ ဟုတ်ပါတယ်ခင်ဗျာ…သူကြီးမင်း ခင်ဗျ.. ကျွန်တော်က   ရန်ကုန်ကနေလာခဲ့တာပါ….၊ အဘတို့ရွာရဲ့နယ်နိမတ်တစ်ခုမှာ မြေတိုင်းလို့ရတဲ့ နေရာရှိမရှိ ရွာအခြေအနေ ကိုလာလေ့လာတာပါ ၊ အဘဆီက ခွင့်ပြုချက်လာတောင်းရင်းနဲ့   ရွာထဲမှာ တစ်ညလောက် တည်းချင်လို့ အကူအညီလေးလည်းလာတောင်းတာပါသူကြီးမင်းခင်ဗျာ ”

“အေးကွယ်…ရွာထဲမှာ တည်းဖို့ကတော့မပူပါနဲ့   မောင်ရင်တို့ တိုင်းတာတယ်ဆိုတာတွေကိုတော့ တို့တွေ နားမလည် ပါဘူးကွယ်…   ဘာဖြစ်ဖြစ် မောင်ရင်တို့အလုပ်က ကျုပ်တို့ရွာကိုမထိခိုက်ဘူးသေချာရင် လုပ်ပေါ့ကွယ်…. ၊   ခွင့်ပြုပြီး သားပါ… ဒီလောက်ခေါင်တဲ့ရွာလေးအထိလာနိုင်တဲ့ မြို့သားဆိုလို့လည်း   ကျုပ်တစ်သက် မောင်ရင်တစ်ယောက်တည်း တွေ့ဖူးသေးတယ် ဟား..ဟား..   သြော်ဒါနဲ့ မောင်ရင့်နာမည်က ဘယ်သူ ”   ဖော်ရွေသဘောကောင်းလွန်းတဲ့ သူကြီးကြောင့်   သတိုး အလုပ်အတွက် ပထမအဆင့်အောင်မြင်သွားတာမို့   ပြုံးရင်း သက်ပြင်းလေးခိုးချမိလိုက်ပြီး   “ ဟုတ်ကဲ့ဗျ ကျွန်တော့်နာမည်က သတိုးပါဗျာ (….)ကုမပ္ပဏီက၀န်ထမ်းတစ်ယောက်ပါ ”

“အေးကွယ်…သတိုး..လူလေးလည်းဗိုက်ဆာရောပေါ့   ကဲကဲလာ ဟော…ဟိုဘက်မှာမြင်နေရတဲ့အိမ်လေးတွေ့လား အဲ့ဒီ့ အိမ်မှာ ဂျပန်ကြီးဆိုတဲ့ ဘကြီးတစ်ယောက်ရှိတယ်   သူ့ဆီမှာ တည်းခိုရင်း ရေမိုးချိုး ခဏနားဦးကွယ်….   လာလာ ငါလို်က် ပို့ပေးမယ် ”   သတိုးတစ်ယောက် ရွာသူကြီးနောက်က ကုတ်ကုတ်လေး   လိုက်သွားခဲ့လိုက်တယ် ။   အိမ်ရဲ့ အနေအထားက တော်တော်ခိုင်ခံ့တဲ့ သစ်မျိုးတွေကိုသုံးထားပုံရတယ်… ၊   ဆောက်လုပ်ထားတဲ့ နည်းစနစ်တွေ ထုပ်တန်း တွေ ကို ချုပ်ထားပုံတွေ ၊ အိမ်တိုင်အနေအထားတွေကို   အိမ်ထဲရောက်မှ ပိုသတိထားမိသွားတယ် … အတွင်းပိုင်း အနေအထား တစ်ချို့က မြန်မာနည်းနဲ့လုံး၀မတူပဲ   အပြင်ကကြည့့်ရင်သူလိုကိုယ်လိုဆိုပေမယ့် အထဲကျမှ ပိုသိသာကွဲလွဲနေတာကို   မြင်လိုက်ရတယ် ၊

အိမ်ထဲမှာတော့ ဆံပင်တွေဖွေးဖွေးဖြူနေတဲ့ အသက် ၆၀ ၀န်းကျင်   လူကြီးတစ်ယောက်ကို ထိုင်လျက်သား တစ်ခုခု ကိုလေးလေးနက်နက်တွေးနေတဲံပုံစံမျိုးနဲ့   မြင်လိုက်ရတယ် ၊   “ ဂျပန်ကြီးရေ … ဒါက ရန်ကုန်မြို့ကလာတဲ့ ဧည့်သည် ကွဲ့…တို့ရွာမှာလည်း မင်းတစ်အိမ်တည်း သပ်သပ်ရပ်ရပ်နဲ့ကျကျနနလေးရှိပြန်… ၊   မင်းအိမ်မှာလည်း မင်းတစ်ယောက် တည်းဆိုတော့ လူငယ်လေး နေရထိုင်ရတာ   လွတ်လပ်တာပေါ့ကွယ်…. ကဲ လူလေး သတိုးရေ … ဂျပန်ကြီးနဲ့သာ နေရစ် ခဲ့ပေတော့   လိုအပ်တာရှိရင် အဘဆီအချိန်မရွေးလာခဲ့နော်…. ဂျပန်ကြီးလေး ကောင်လေးကို   ဂရုစိုက်ပေးလိုက်ဦးကွာ… ”

သူကြီးက သတိုးကို နှုတ်ဆက်ပြီးပြန်သွားတော့   ဂျပန်ကြီးဆိုနဲ့သတိုးသာကျန်ခဲ့တယ်   “ ကောင်လေး…မင်းတို့ ရန်ကုန် ကို ငါတစ်ခေါက်တော့ရောက်ဖူးတယ်   ငါရောက်တုန်းကအခြေအနေနဲ့အခုဆို အများကြီးကွဲလွဲနေပြီထင်ရဲ့ ”   “ အဘက ဘယ်တုန်းကရောက်ဖူးတာလဲ ”   သတိုး ရုတ်တရက်မေးလိုက်တဲ့စကားကို မဖြေချင်သလိုနဲ့   လွှတ်ခနဲထွက်သွားတဲ့ သူ့စကားကို သူပြန်ထိန်းတဲ့ပုံစံနဲ့ ဂျပန်ကြီးက   “ လူလေး မင်းရေအရင်ချိုးချေ…ပြီးမှ တို့တူ၀ရီးတွေ   စကားအေးဆေး ပြောကြတာပေါ့ကွယ်…. ”   သတိုးစိတ်ထဲမတင်မကျဖြစ်နေပေမယ့် အိမ်ရှင်စကားမို့   အဒွန့်မတက်၀ံ့တော့ဘဲ အိမ်ရှေ့က အ၀ီစိရေတွင်းလေးနားမှာ ရေအရင်ပြေးချိုးလိုက်တယ် …. ၊

ရေချိုးပြီးပြန်တက်လာတော့ အိမ်ထဲမှာ ရွာထမင်း၀ိုင်းလေးနဲ့ အဆင်သင့်   ပြင်ပြီး စောင့်နေတဲ့ ဂျပန်ကြီးကို တွေ့လိုက်ရ တယ် ၊ သတိုးလည်းတစ်နေကုန်   ပင်ပန်းလာတာမို့ မြန်မြန်အ၀တ်လဲပြီး ထမင်းကိုအငမ်းမရ စားသောက်လိုက်တယ် ၊   ဗိုက်ကလေးပြည့်သွားတော့ သူ့စိတ်ထဲတစ်ခုခု တွေးမိလာတယ်…. ၊   ဒီအဘနာမည်က ဂျပန်ကြီးတဲ့…ရွာအ၀င်၀မှာ လည်း ဂျပန်စာတွေရေးထားတာမြင်ခဲ့တယ်… ၊   ဒီစာတွေက ဒီအဘလက်ချက်များလား… ၊ ဒါဆို ဒီဘဘ ဂျပန်ကြီးက ဂျပန်စာတွေတတ်နေတာလား ၊   ဒီလိုခေါင်လွန်းတဲ့နေရာမှာ ဒီစာတွေကိုဘယ်လိုသင်ခဲ့တာလဲ… ၊ ရန်ကုန်ကိုလည်း သူရောက်ဖူးတယ်ပြောတယ်၊   သူ့နာမည်ကရော ဘာလို့ ဂျပန်ကြီးဖြစ်နေတာလဲ…. ၊   သတိုးရဲ့အတွေးစတွေကို အသံတစ်သံက ချေဖျက်လိုက်တော့တယ်

“ လူကလေး…အဘနာမည်ကိုစိတ်၀င်စားနေတာထင်တယ်…ဟားဟား ”   သတိုးတစ်ချက်အံ့သြပြီး မျက်နာ ဟန်မဆောင် နိုင်အောင် ဖြစ်သွားမိတယ်   စိတ်ထဲမှာလည်း ဒီအဘ ငါ့စိတ်ထဲကအကြောင်းတွေကို ဘယ်လိုများသိနေ သလဲလို့ တွေးလိုက်မိတယ် ၊   အတွေးစတွေနဲ့အတူ ခေါင်းကိုတဆက်ဆက်ငြိမ့်လိုက်မိတဲ့နောက် ဂျပန်ကြီးဆိုသူအဘက   “ မအံ့သြပါနဲ့…လူစိမ်းတိုင်း အဘကိုစိတ်၀င်စားကြတာ မစမ်းပါဘူး … ”   “ ဟုတ်တယ် အဘ…အဘနာမည်ရယ် ၊ ရွာအ၀င်အ၀မှာရေးထားတဲ့ စာအကြောင်းရယ်ကို   ကျွန်တော် ေ၀ခွဲမရဖြစ်နေတာ ”   “ သြော်…လူလေးက အဲ့စာလေးကို မြင်ခဲ့သေးတယ်ပေါ့လေ…. ”   “ ဟုတ်တယ်အဘ ကျွန်တော်က ဂျပန်စာကိုလေ့လာနေတဲ့သူတစ်ယောက်မို့ အဲ့ဒီ့စာလေး ကို လည်း သေချာနားလည်တယ် အဘ ”

“ လူလေးက ဂျပန်စာသင်နေတာလား….ဒါဆိုပိုအဆင်ပြေတာပေါ့……   ဒီစာလေးရဲ့အဓိပ္ပါယ်ကို လူလေးဘယ်လို နားလည်လဲ ”   သတိုး အဖြေကြပ်သွားပြီးတော့ သူတွေးမိသလို   စာလုံးပေါင်းမိတဲ့အတိုင်းပြောချလိုက်တယ်   “ 日本人のへいしが待っています { じじつ }   နိဟွန်းဂျင်းနို့ ဟဲအိရှိ (ဂ) မတဲအိမတ်စု   ဂျပန်စစ်သား စောင့်နေသည် …. လို့ ကျွန်တော် နားလည်ပါတယ် အဘ…. ”   ဒီအခါမှ ဂျပန်ကြီးက ကျေနပ်သွားဟန်နဲ့   “ လူလေးပြောတာမှန်တယ် …. အဘက လူလေးဂျပန်စာတကယ်တက်မတက်   စမ်းကြည့်ချင်လို့မေးလိုက်တာပါ…. ဟား… ”   “ ဒါဆို အဘ ဒီစာအကြောင်းနဲ့ အဘနဲ့ဘယ်လိုဆက်စပ်တယ်ဆိုတာ   ကျွန်တော် သိခွင့်များရနိုင်မလားခင်ဗျာ ”   “ လူလေးက ခေတ်ပညာတတ်ဆိုတော့ အဘပြန်ဖြေတာတွေကို   ယုံကြည်ဖို့ခတ်နေမယ်… ၊ နောက်ပြီးအဘကိုလည်း လူလိမ်ကြီး ၊ အရူးကြီးလို့   ထင်မှာလည်းစိုးတယ်ကွယ်..ဖြေချင်ပေမယ့် မဖြေသင့်ဘူးလို့ထင်တယ်ကွယ် ”

“ ဟာအဘရယ် မဟုတ်တာပဲ ကျွန်တော်ကိုယ်တိုင်က သိချင်လို့   မေးတာပဲအဘရယ်… အဘက ပုံမှန်လူတစ်ယောက် ဆိုတာလည်း   အဘနဲ့ စတွေ့ပြီးကတည်းက ကျွန်တော်သိတယ်… ဘာလို့လဲဆို   ကျွန်တော်က စာဖတ်ရတာ အရမ်း ၀ါသနာပါတယ်… ၊ ပုံမှန်ဖြစ်နေတဲ့သူနဲ့   စိတ်တဇဖြစ်နေတဲ့သူကို ကျွန်တော် ကောင်းကောင်းခွဲတတ်ပါတယ်…   အထူး သဖြင့် မျက်လုံးက စကားတွေကို ဖတ်ပြီးတော့ပိုသိတာပေါ့အဘ… ”   “ လူလေးက လူတော်ပဲ ကိုယ်ဖတ်ထားတဲ့ စာအုပ် တွေထဲက ပညာတွေကိုပါ   လက်တွေ့အသုံးချတတ်တဲ့သူဆိုတော့…ကဲပါလေ…လူလေးယုံကြည်တယ်ဆိုတော့   အဘ ဆက်ပြောရမှာပေါ့….

ဒီလိုကွဲ့….   အရင်တုန်းက အဘတို့ဒီရွာလေးက ရွာရယ်လို့သက်သက်မှတ်မှတ် မရှိသေးတဲ့အချိန်….   လွန်ခဲ့တဲ့ နှစ်တွေအများကြီးကြာခဲ့တဲ့အချိန်တွေကပေါ့…. ၊   ဒီရွာမှာ ဂျပန်တပ်သားတွေအများကြီး တပ်စွဲခဲ့ကြတဲ့ စစ်စခန်း တစ်ခု ရှိခဲ့ဖူးတယ်… ”   “ ဟင်… အဘဒီအသက်အရွယ်နဲ့ ဂျပန်တွေရှိခဲ့တယ်လို့ ဘာလို့တပ်အပ်ပြောနိုင်တာလဲ…   အဲ့တုန်း က အချိန်ဆို အဘက မွေးပြီးမို့လို့လား….ဒါမှမဟုတ် အဘရဲ့ အဘိုးအဘွားတွေပြန်ပြောပြတာလား ”   “လူလေး က သိပ်လောသကို……ဒီမယ်..   အဘပြောတာလေးကိုသာ စိတ်ရှည်ရှည်နဲ့နားထောင်ကြည့်….   ဒီဇာတ်လမ်းက လုံး၀ ဖြစ်ရပ်မှန်ဆိုတာ အဘအသက်နဲ့ရင်းပြီးအာမခံရဲတယ်   ဇာတ်လမ်းထဲမှာ ပရလောကနဲ့သက်ဆိုင်တဲ့ သွေးပျက်စရာလေး တွေ နည်းနည်းတော့ပါမယ်   လူလေးသရဲတွေဘာတွေ ကြောက်တတ်လား ”

သတိုး မျက်နာငယ်လေးနဲ့ ချက်ချင်းပြန်ဖြေလိုက်တယ်   “ ဗျာ…ကျွန်…ကျွန်…ကျွန်တော်လား အဘ…   ကျွန်တော် ကြောက်…ကြောက်တတ်တာပေါ့ဗျာ… ဒါပေမယ့်   ခရီးတွေဘာတွေသွားတော့ ကြောက်တိုင်းအမြဲရွတ်တတ်တဲ့   သရဏဂုံလေးအားကိုးပြီးသွားလာနေတာပဲအဘရေ   ပရလောကကို သူများတွေဘယ်လိုနားလည်ထားတယ်တော့မသိဘူး   ကျွန်တော်တော့ ရောက်ရာအရပ်မှာ ကိုယ်တည်းမဲ့နေရာရောက်ရင်   ကိုယ့်အရင်ရောက်ခဲ့ ပိုင်ခဲ့့တဲ့သူတွေအပါအ၀င် အားလုံးကို မေတ္တာပို့ အမျှေ၀ပြီးမှ   အိပ်ဖြစ်တယ်…အဲ့ဒါတွေကြောင့်ထင်တယ်…အခုထိတော့ တစ်ကြိမ်မှ မကြုံသေးဘူး အဘရေ… ”

“ ဟား… ဒီလောက်ဆို လူလေး ဘယ်လောက်ကြောက်တတ်တယ်ဆိုတာ   အဘသိပါပြီ….အပေါ့အပါးကိစ္စရှိရင် တခါတည်း သွားထားနော်… ”   သတိုးက ခေါင်းခါပြတော့ ဂျပန်ကြီးက တစ်ချက်ပြုံးလိုက်ရင်း   “ ကဲ ..ဒါဆိုလည်း တို့တွေ လွတ်လပ်လေး မရသေးတဲ့ခေတ်….   မြန်မာ့မြေက ဂျပန်တွေကို အင်္ဂလိပ်နဲ့ မြန်မာ့မျိုးချစ်တပ်မတော့ ပေါင်းပြီး   တွန်းလှန်တိုက်ပွဲ၀င်နေတဲ့ ခေတ်ကလေးတစ်ခုဆီကို ပြန်သွားလိုက်ကြတာပေါ့………   အဲ့ဒီ့တုန်းကလေ……… ”

“ ရဲဘော်တို့ သင်တို့သည် အမိဂျပန်ပြည်ကြီးနဲ့   ဂျပန်ဘုရင်မင်းမြတ်အတွက် အမှုတော်ထမ်းရွက်နေကြတဲ့   ရဲရဲတောက် သူရဲကောင်းတွေဖြစ်ကြတယ်…. ၊ ဒီတော့   တို့သွေးတွေ ဘယ်လောက်ရဲတယ်ဆိုတာကို ဒီနေ့ မြောက်ပိုင်း   စစ်မြေပြင်မှာ ပြသခွင့်ရတော့မယ်… ဂျပန်စစ်သားတွေဆိုတာ   ဘယ်တော့မှ လက်နက်မချဘူး… ၊ မတော်တဆ ရှုံးနိမ့် သွားရင်တောင်   ရန်သူ့လက်မှာ အသေမခံဘူး…. ၊ ကိုယ့်ဘာကိုယ်သက်သေပစ်ကြရမယ် ၊   ရဲဘော်တို့ အမိဂျပန် အင်ပါယာကြီးနဲ့ ဂျပန်ဘုရင်မင်းမြတ်အတွက်   အသက်ပေးဖို့ အဆင်သင့်ပဲလား….ဟေ့ ”   “ အဆင်သင့်ပါပဲ ဗို်လ်ကြီး ”   “ ကောင်းပြီ တို့တွေ အောင်ပွဲခံဖို့ ရန်သူတွေကို   အကုန် သုတ်သင်ကြဖို့ ပြင်ဆင်ထားကြ ဒီည တိုက်ပွဲနေရာကို   သွားကြမယ် ၊ လက်ဦးမှုယူထားရမယ် ကြိုတင်ဗျူဟာခင်းထားနိုင်မှ   ဖြစ်မယ် မဟုတ်ရင် ဟို ဗမာကောင် အစုတ်ပလုတ် တွေနဲ့ အရှည်ကောင်   အင်္ဂလိပ်တွေ တို့ကို လာသတ်ကြလိမ့်မယ် ၊ ကဲပြင်ကြတော့ ရဲဘော်တို့.. ”

ဂျပန်စစ်ဗိုလ်ကြီးရဲ့ အာဏာသံနဲ့အမိန့်ပေးလိုက်တာကြောင့် တပ်စခန်းမှာရှိတဲ့   စစ်သားတွေအကုန်လုံး ကိုယ်ပိုင်ပစ္စည်း တွေကို ချင်ချင်း ပြေးလွှားစစ်ဆေးကြရင်း   စစ်၀တ်စုံအပြည့်အစုံ၀တ်နေကြတယ် ၊ အားလုံးကိုယ်စီက ကိုယ့်အလုပ် ကိုယ်လုပ်ကြရင်းနဲ့   ပြာယာခတ်နေကြပုံက ပုရွတ်ဆိတ်ကလေးတွေ မိုးရွာခါနီးမို့ တွင်းနား၀န်းကျင်မှာ   ဟိုပြေးဒီပြေး ဖြစ်နေကြပုံနဲ့ တူနေတယ်…. ၊   အဲ့လို ပြေးလွှားလှုပ်ရှားနေကြတဲ့ စစ်သားပေါင်းများစွာထဲကမှ အမှတ်မထင်   ဂျပန် စစ်ဗိုလ်ကြီးနားက ဖြတ်သွားတော့မယ်လို့ပြင်နေတဲ့ ဂျပန်စစ်သားလေး အိုးယားစံ ကို   မြင်တော့ ဘာရယ်မဟုတ်ပဲ ဗိုလ်ကြီးက လှမ်းခေါ်လိုက်တယ် … ၊

“ အိုယားစံ …ဒီလိုခဏလာစမ်း ”   “ ရောက်ပါပြီ ဗိုလ်ကြီး …အလေး..ပြု ”   “ အေး…မင်းကို ငါ တာ၀န်တစ်ခုပေးစရာ ရှိတယ်။ မင်းတာ၀န်ကျေအောင် ထမ်းဆောင်မယ်မဟုတ်လား”   အထပ်က ဗိုလ်ကြီးရဲ့အမိန့်ကို စိတ်၀င်တစားနဲ့   အိုယားစံတစ်ယောက် နားထောင်ရင်း   “ ဟုတ် တာ၀န်ကျေတဲ့အထိ အသက်ပေးပြီး   တာ၀န်ထမ်းဆောင်ပါ့မယ်လို့ ကတိပြုပါတယ် ”   “ ကောင်းပြီ….ဒီတပ်ရင်းတွေအားလုံးက မနက်ဖြန် တိုက်ပွဲကိုသွားကြရတော့မယ် ငါတို့ပြန်လာချင် လည်းပြန်လာနိုင်မယ် မလာချင်လည်းမလာနိုင်တော့ဘူး… ၊   ဒါပေမယ့် မင်းကတော့ တို့နဲ့ မလိုက်ရဘူး…..ဒီနေရာကို တို့တွေ ပြန်မလာနိုင်ခင်အထိ   ဒီစခန်းနေရာကနေ တစ်ဖ၀ါးမှ မခွါဘဲ ကာကွယ်စောင့်ရောက်ပေးရမယ်လို့   အမိန့်ပေးခဲ့ တယ် ရဲဘော် အိုယားစံ တာ၀န်ကို ကျေပွန်အောင် ထမ်းဆောင်ပါ ”

“ ဟုတ်ကဲ့ပါ ဗိုလ်ကြီး ကျွန်တော် အသက်သေတဲ့အထိ တာ၀န်ကို   အသက်နဲ့လဲပြီး ထမ်းဆောင်ပါ့မယ်လို့ ကတိပြုပါ တယ် … ကျွန်တော်တာ၀န်ကျတဲ့နေရာမှာ   ရန်သူတွေတစ်ယောက်မှ မလာနိုင်တဲ့အထိ အသက်ပေးကာကွယ််သွားပါမယ် ၊   ဂျပန်အင်ပါယာကြီး နေမင်းကြီးလို တောက်ပပါစေ……. အလေးပြု ”   အိုယားစံရဲ့ ပြန်ပြောလိုက်တဲ့လေသံနဲ့ စကား ကို ဂျပန်စစ်ဗိုလ်ကြီးက   ကျေနပ်သလိုနဲ့ တစ်ချက်ပြုံးလိုက်ရင်း အိုယားစံရဲ့ ပုခုံးကို ပုတ်လိုက်ရင်း   ထွက်သွားတော့ တယ် ၊   အဲ့ဒီ့နေ့ညက ဂျပန်ဗိုလ်ကြီးနဲ့ သူ့ရဲ့သူငယ်ချင်းရောင်းရင်း တပ်မတော်သားတွေကို   နောက်ဆုံးမြင်လိုက်ရ လိုက်ခြင်းလို့ဆိုရမယ်…. ။

တိုက်ပွဲ၀င် ဂျပန်စစ်သည်တော်တွေအားလုံးကို   ဗမာ့မျိုးချစ်တပ်မတော် နဲ့ မဟာမိတ်တပ်တွေ နှစ်ဖွဲ့ပေါင်း အင်အား အလုံးအရင်းလက်နက်အပြည့်အစုံ   လေကြောင်းအင်အားတွေရောကြောင့် ဘယ်လိုမှ တင်းမခံနိုင်တော့ဘဲ ဂျပန်စစ်သား တွေ   အတုန်းအရုန်း သေဆုံးသွားကြပြီး တိုက်ပွဲမှာ ကျဆုံးသွားကြတယ်… ၊ အဖြစ်အပျက်တွေက   မနေ့တစ်နေ့က လိုပါပဲ…. မနေ့ကမှ တစည်းတလုံးတည်း နိုင်ငံတော်သီချင်းတွေသီဆို ၊   ညစာကိုအတူတူ၀ိုင်းဖွဲ့စား ကြရင်း မနက်ဘက် စစ်ထွက်သွားကြတဲ့ ရောင်းရင်းတွေ   တစ်ယောက်တစ်လေမှ ပြန်မလာလေခြင်းဆိုကတည်းက အိုယားစံ အခြေအနေကို   ရိပ်စားမိလိုက်တယ် ၊ ဒါပေမယ့် ကတိတည် သစ္စာစောင့်တတ် အမိန့်နာခံလွန်းတဲ့   ဂျပန်စစ်သား ပီပီ သူ့အထက် က အရာရှိပေး ခဲ့တဲ့ အမိန့်အတိုင်း ကျေပွန်အောင်   စခန်းဟောင်းနေရာလေးမှာ ပုန်းအောင်း နေရင်း ရန်သူ့တပ်တွေ ဖြတ်သန်းအလာကို   စောင့်ရင်း မိုင်းတွေကြိုထောင်ထားလိုက်တယ် ၊

နာရီပိုင်းအတွင်း သူမှန်းထားတဲ့အတိုင်းပဲ   ရန်သူ့စစ်တပ်က အလုံးအရင်းနဲ့ ပြေး၀င်လာကြတာကိုမြင်လိုက်ရတယ် ၊ သူထောင်ထားတဲ့မိုင်တွေကြောင့်   လူတစ်ချို့ကတော့ ကြွေလွင့်သွားကြပြီ…အခု သူ့ဘ၀ရဲ့အချိန်မှာ ဂျပန်ပြည်ကြီးမှာရှိတဲ့   သူ့အမေနဲ့ မွေးရပ်မြေက မိသားစုတွေကို တစ်ချက်သတိရသွားမိတယ် … ၊ တစ်ဖက်မှာလည်း   ဂျပန်နိုင်ငံတော်အတွက် ဂုဏ်ယူစွာ အသက်ပေးရတော့မှာမို့ ၀မ်းနည်း၀မ်းသာမျက်ရည်ကျလိုက်မိရင်း   စက်သေနတ်ကို တင်းတင်းဆုပ်ကိုင်ထားရင်း အသံအကျယ်ကြီးနဲ့မာန်တင်းအော်လိုက်ရင်း   သေနတ်ကိုကျည်ကုန်တဲ့အထိ ဆွဲရမ်းပစ်လိုက်တယ်…. ၊   “ ဂျပန်အင်ပါယာကြီး အဓွန့်ရှည်ပါစေ … ”   “ ဒတ်…ဒတ်…ဒတ်…ဒတ်…ဒတ်…ဒတ် ”   “ ဖောင်းဖောင်းဖောင်း ဒိုင်း ”   မကြာခင်မှာပဲ တစ်ဖက်က လာတဲ့ ကျည်ဆံမိုးတွေက   အိုယားစံရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်၀င်လျှိုထွက်သွားတော့တယ် ၊   အိုယားစံတစ်ယောက် မျက်လုံးအပြူးသားနဲ့ သူ့တာ၀န်ကိုကျေပွန်အောင်   မထမ်းဆောင်နိုင်တော့ဘူး ၊ ဒီနေရာကို မကာကွယ်နိုင်တော့ဘူးဆိုတဲ့   အသိတွေနဲ့ မျက်လုံးမမှိတ်နိုင် စိတ်မချနိုင်စွာနဲ့ မြေပြင်ပေါ် ပတ်လက်လန်လဲကျသွားတော့တယ် ၊   စစ်ယူနီဖောင်းတစ်ခုလုံးကတော့ ရဲရဲနီလို့…… ။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ၊ ရွာငယ်လေးရှိတဲ့နယ်မြေအပိုင်းတွေမှာ   အေးချမ်းနေပြီး ၊ တိုင်းသူပြည်သားတွေ စစ်ပွဲရဲကအပျက်အစီးတွေကြားထဲကနေ   ပြန် ကုန်းထဖို့ ကြိုးစားနေကြတဲ့အချိန်လေး…. ၊ တစ်ချိန်က အိုယားစံတို့   ဂျပန်စစ်တပ်တွေ စခန်းချခဲ့ကြတဲ့နေရာလေးမှာတောင် ရွာငယ်လေးတစ်ခု   ဖြစ်နေခဲ့ပြီ… ၊   အဲ့ဒီ့ရွာလေးမှာနေကြတဲ့သူ တွေက အခြားအခြားသော နေရာတွေကနေ   ရေခံမြေခံကောင်းမွန်တဲ့နေရာတစ်ခုကိုရှာဖွေရွှေ့ပြောင်းလာကြတဲ့သူတွေမို့   ဒီနယ်ရဲ့ ငယ်မွေးခြံပေါက်တွေ မဟုတ်ကြဘူး… ၊ ဒီမြေသမိုင်းကြောင်းကို   မသိကြသလို … ၊ ဒီမြေပြင်မှာဖြစ်ပျက်ခဲ့သမျှ သမိုင်းပုံရိပ်တွေကိုလည်း   မသိနိုင်ကြဘူး…. ၊   ရွာကလေး အိမ်ခြေ ဆယ်ဂဏန်းလောက်နဲ့ အစပြုထားတာမို့   လူအရမ်းနည်းပြီး တောထဲတောင်ထဲမှာည်းဖြစ်နေတာကြောင့် အပြင်လောက   ပတ်၀န်းကျင်နဲ့ အသွားအလာ အဆက်အသွယ် ပြတ်တောက်နေသလိုဖြစ်နေပြန်တယ်   လိုအပ်တာမှန်သမျှကိုလည်း ရွာထဲတင် အပြန်အလှန် ကူညီကြရင်းပြည့်စုံနေပြီးသားမို့   အပြင်ထွက်ပြီး တစ်ခြားရွာတွေဆီအဆက်အသွယ်နည်းပါးတာလည်းပါတယ် ၊

ရွာထဲမှာ ရွာပြင်ဘက်ကတစ်ခြားရွာတွေနဲ့မြို့တွေဆီကို အမြဲလိုလို မဖြစ်မနေ   အဆက်အသွယ်လုပ်နေရတဲ့ အိမ်တစ်အိမ်တော့ရှိနေသေးတယ် ၊   အဲ့ဒီ့အိမ်က ကိုဘကျော် နဲ့ မကြင်မြိုင် တို့ အိမ်ပဲ ၊ ကိုဘကျော်တို့ လင်မယားက   သားသမီးမထွန်းကားကြဘူး ၊ လင်မယားနှစ်ယောက် တောင်ယာအလုပ်အကိုင်ကိုလည်း   ၀ါသနာမပါကြတာမို့ အနီးဆုံးမှာရှိတဲ့ မြို့တွေ ၊ နယ်တွေ အထိ တက်ပြီး လိုအပ်တဲ့   ကုန်ခြောက်လေးတွေကို ၀ယ်ပြီး ရွာထဲမှာ ကုန်ခြောက်ဆိုင်အသေးလေးဖွင့်ရင်း   စီးပွားရှာဖြစ်တယ် ၊ သူတို့အလုပ်အကိုင်လေးက အလုပ်ဖြစ်တယ်လို့ဆိုရမယ် ၊   တစ်ရွာလုံးပြေးကြည့်မှ ဒီတစ်ဆိုင်တည်း ရှိတာမို့ စီးပွားရေးက အဆင်ပြေတယ်လေ ၊   ကိုဘကျော် တစ်ခါတစ်ခါ မြို့ဘက်ကို ခရီးသွားရင် သုံးလေးရက်လောက်အထိကြာတတ်တယ် ၊   တစ်နေ့ ထုံးစံအတိုင်း ကိုဘကျော်တို့ ဆိုင်ငယ်လေးအတွက်   ကုန်ခြောက်ပစ္စည်းလေးတွေလိုအပ်လာတော့ မြို့ဘက်ဆီကို သွားဖို့အကြောင်းဖန်လာပြန်တယ် ၊   ထုံးစံအတိုင်း သူ့ရဲ့ မယားချောလေး မကြင်မြိုင်ကို နှုတ်ဆက်ပြီး မြို့ကိုတစ်ယောက်တည်း   ထွက်သွားလိုက်တယ် ၊ သူ့ကျောမှာပိုးထားတဲ့ ဘေးလွယ်အိတ်ထဲမှာတော့ သူအမြဲဆောင်တတ်တဲ့   ဆောင်ဓါး ဓါးမြှောင်လေးတစ်ချောင်းနဲ့ ရိက္ခာခြောက်တွေ ပါလေ့ရှိတယ် ၊ ဒီလိုနဲ့   ကိုဘကျော်တစ်ယောက် မြို့တက်သွားပြီး လိုအပ်တဲ့ အသား ငါး အခြောက်အခြမ်းတွေ   ကုန်ခြောက်တွေကို သယ်လာပြီး တစ်ယောက်တည်း ရွာဆီပြန်လာဖြစ်တယ် …. ၊

ခါတိုင်းသူပြန်လာနေကျက မနက်ပိုင်း… ၊ ဒီတစ်ကြိမ်လမ်းမှာစီးလာတဲ့ ကားကြီးက   ပျက်နေတာနဲ့မို့ ညအချိန်မတော်ကြီးမှ ရွာထဲကို ၀င်လာဖြစ်တယ်… ၊ ရွာကလည်း လမ်းမကြီးကနေ   ရွာအထဲကိုရောက်ဖို့ တော်တော်လေးကို ခြေလျင် လျှောက်ရတာမို့ ပါလာတဲ့ ကုန်ပစ္စည်းတွေ မနိုင်တနိုင်နဲ့   နားလိုက် ဆက်လျှောက်လိုက်နဲ့ တစ်ယောက်တည်း လှမ်းလာခဲ့တယ် ၊ အစကတည်းက   အကြောက်အလန့်မရှိတဲ့သူမို့ ပတ်၀န်းကျင်ကို သိပ်ဂရုမစိုက်နေ တတ်ဘူး… ၊ ဒါပေမယ့်   ရွာအ၀င်အ၀နေရာနားအရောက် ရွာအ၀င်မှာရှိတဲ့ ညောင်ပင်ကြီးတစ်ပင်နားရောက်တော့   ညောင်ပင်ကြီးက လေမတိုက်ပဲ ယိမ်းယိုင်နေတာကို ထူးထူးဆန်းဆန်းတွေ့လိုက်ရတယ် ၊   ရုတ်တရက်မို့ စိတ်ထဲ ထူးဆန်း နေ တာရယ် တစ်ခါမှ ဒီလိုမကြုံဖူးတာရယ်ကြောင့်   ကိုဘကျော် စိတ်ထဲ နည်းနည်းတော့ ကြောက်မိသလို ဖြစ်သွားမိတယ် ၊ ဒါပေမယ့််   ကိုဘကျော် အပင်ကြီးကိုမကြည့်ပဲ အောက်ကိုငုံ့ထားရင်း လမ်းဆက်လျောက်လိုက်တယ် ၊   အပင်ကြီးနားရောက်လေလေ ကျောထဲမှာ စိမ့်တက်လာလေလေဖြစ်နေပြန်တယ် ၊   လမ်းတစ်လျောက်ကြည့်ပြန် တော့ လည်း ညမှောင်မှောင်ကြီးမှာ သက်ရှိဆိုလို့   ကိုယ်တစ်ယောက်တည်းဖြစ်နေတာမို့ နည်းနည်းလေးတော့ အားငယ်မိသွားသလိုခံစားမိလိုက်ရတယ် ၊

မကြာခင်မှာပဲ နားထဲမှာ စကားသံတွေဆက်တိုက်ကြားနေရတယ် ၊ သူကြားနေရတဲ့   အသံတွေက ပီပီသသပါပဲ ဒါပေမယ့် မြန်မာစကားမဟုတ်တဲ့အတွက် ဘာတွေပြောနေမှန်း   သူနားမလည်ဘူးဖြစ်နေတယ် ၊ နောက်တော့အမှတ်မထင် အရဲစွန့်ပြီး ညောင်ပင်ကြီးဆီကို   လှမ်းကြည့်လိုက်မိတော့ ညောင်ပင်ကြီးပေါ်မှာ မျက်လုံးနီရဲရဲကြီး တွေနဲ့ ခန္ဓာကိုယ် တစ်ခုလုံး   မဲမှောင်နေတဲ့ လူတစ်ယောက်က ဂျပန်စစ်သား စစ်၀တ်စုံအပြည့်၀တ်ထားရင်း အပင်ခွကြားမှာ   ဆောင့်ဆောင့် ထိုင်နေတာကိုလှမ်းမြင်လိုက်ရတယ် ၊ မကြုံစဖူးမို့ ရင်ထဲ ထိတ်ခနဲဖြစ်သွားရင်   မျက်၀န်းသူငယ် အိမ်တောင်ပြူးသွားမိတယ် ၊ ဒါပေမယ့် ကိုယ့်စိတ်ကို ကိုယ်ပြန်ထိန်းထားလိုက်တယ် ၊   အပင်ပေါ်က မဲမဲသတ္တ၀ါကြီးက ကိုဘကျော် ဒီလမ်းကို ဖြတ်မှာကို မကြိုက်သလိုနဲ့ ရန်လိုတော့မလို   လုပ်ပြနေတယ် ၊ လူတစ်ယောက်ထက်စာရင် ၊ သတ္တ၀ါကြီးတစ်ကောင်နဲ့ ပိုတူနေသေးတယ် ၊   မှောင်မဲနေတဲ့ညဆိုပေမယ့် လရောင်အားကိုးနဲ့ မသဲမကွဲလေး မြင်နေရတယ် ၊   လူ့ရဲ့အသိစိတ်ကလည်း လှုံ့ဆော်ပေးတတ်တာမို့ တစ်ဖက်ကတစ်စုံတစ်ရာရဲ့   ခံစားချက်ကိုကြိုသိနေသလိုပဲ ၊ ကိုဘကျော်လည်း သူ သရဲခြောက်ခံနေရပြီဆိုတာကို   သိလိုက်ပြီးပြေးရင်လည်း လွတ်မယ်မထင် ၊ ကျောပေါ်မှာလည်း အထုတ်အပိုးတွေနဲ့မို့   မရဲတရဲ အားတင်းထားပြီး လှမ်းအော်လိုက်တယ်   “ ငါ ဒီရွာသား…ငါ့ရွာငါပြန်လာတယ်ကွာ…. မင်းကဘာဖြစ်ချင်တာလဲ   မင်းက ဘာကောင်လဲကွ ”

ကိုဘကျော် စကားသံတွေက တုန်ယင်နေတာကိုကြည့်ပြီး   ကြောက်စိတ်ကို ထိန်းထားနေရတယ်ဆိုတာကို ခန့်မှန်းနိုင် တယ် ၊   တစ်ဖက်က လည်း ကိုဘကျော်ကို ဘာမှပြန်မတုန့်ပြန်ပဲ   အူထဲအသဲထဲအထိ ကြောက်စရာကောင်း လောက်တဲ့ မျက်လုံးနီရဲကြီးတွေနဲ့   စိုက်ကြည့်နေပြန်တယ် ၊ ကိုဘကျော်လည်း မထူးပါဘူးဆိုပြီး   ဖနောင့်နဲ့တင်ပါး တသားတည်းကျ အောင် ထွက်ပြေးပါလေရော ၊   အဲ့ကျမှ အပင်ပေါ်က အကောင်ကြီးက အပင်ပေါ်ကနေ မျောက်တစ်ကောင်လို   ဇောက်ထိုးကြီး ကုပ်တွယ်ဆင်းလာပြီး ကိုဘကျော်နောက်ကို ပြေးလိုက်လာတော့တယ် ၊   ကိုဘကျော်လည်း အသက်ဘေးမို့ ကျောပေါ်က ကုန်ခြောက်တွေရော ပါလာသမျှပစ္စည်းတွေပါ   အကုန်ထားခဲ့ပြီး လူပဲ အလွတ်ပြေးထွက်ခဲ့လိုက်တယ် ၊

မိုးစင်စင်လင်းလာတော့ ကိုဘကျော်ကို ရွာလယ်ခေါင်နေရာမှာ သတိလစ်နေတဲ့အနေအထားနဲ့   တွေ့လိုက်ကြရတယ် ၊ အဲ့ဒါနဲ့ ရွာက ဘုန်းတော်ဆီခေါ်သွား ပရိတ်ရည်တွေတိုက် ၊ မြန်မာတိုင်းရင်းဆေးတွေနဲ့   ကုသလိုက်တော့ ခဏချင်း ကိုဘကျော်သတိရလာတယ် ပြီးတော့ ကရောင်ချောက်ချားတွေ   ထအော်သေးတယ် …   “ မလာနဲ့ မလာနဲ့ ဂျပန်သရဲကြီး ဂျပန်သရဲ မဲမဲကြီး   ဂျပန်စစ်သားကြီး မလာနဲ့ ငါ့ဆီမလာနဲ့ ”   အကြိမ်ကြိမ် အဲ့လို အော်နေရာက ဘုန်းတော်ကြီးက   ဘုရားစာတွေရွတ်ဖတ်ပေးလိုက်ရာက တော်တော်လေးကြာတော့မှ   လူကောင်းပကတိပြန်ဖြစ်သွာ းတယ် … ၊ အဲ့ကျမှ သူကြုံခဲ့လာတာတွေကို   သေချာပြန်ပြောပြပါလေရော ၊ ကိုဘကျော်ပြောတဲ့စကားတွေကို လူနည်းစုက   လက်ခံပေမယ့် မယုံတဲ့သူက ပိုများကြတယ် ၊

ကိုဘကျော်က အရက်မသောက်တတ်လို့   အရက်မူးပြီးပြောတာ မဟုတ်ဘူးဆိုပေမယ့် ညဘက်မို့ တစ်ယောက်တည်း မြင်ချင်ရာမြင်   သွေးလေချောက်ချားပြီး အထင်မှားတာလို့ပဲ ကောက်ချက်ချလိုက်ကြတယ် ။   ပိုပြီးထူးခြားဖြစ်လာတာက ကိုဘကျော်ဒီလိုကြုံပြီးနောက်ပိုင်း   ရွာထဲက အဲ့နေရာမှာ ညဘက် သွားစမ်းကြတဲ့လူငယ်တွေ ကာလသားတွေ   ရှိလာတယ် ၊ တစ်ချို့ ကာလသားတွေဆု အိမ်ကနေ အမဲသားအစမ်းတွေကိုပါသယ်သွားပြီး   အဲ့အပင်အောက်မှာ ချထားရင်း သွားစမ်းကြသေးတယ် ၊ စမ်းကြတဲ့သူတိုင်းလည်း   ကိုဘကျော်ပြောသလို ပုံစံနဲ့ အတိအကျတူတဲ့ ဂျပန်စစ်သားသရဲကြီး   အနောက်က လိုက်တာကို ခံကြရတယ် ၊ ထူးခြားချက်က ညဘက်မှ   အဲ့ဒီ့ သရဲကြီးက ခြောက်လန့်တတ်တာပဲ… ၊   ဒီလိုသတင်းတွေကြောင့် ရွာထဲကလူတွေ ရွာပြင်ကို မသွားရဲကြတော့ဘူး ၊   အရေးအကြောင်းရှိလို့သွားရင်လည်း မနက်ပိုင်း မိုးစင်စင်လင်းနေမှ သွားတတ်ကြတယ် ၊   အပြန်နောက်ကျတဲ့အခါမှာလည်း ရွာထဲပြန်မ၀င်တော့ဘဲ ခရီးလမ်းမှာပဲ ဖြစ်သလို အိပ်ဖြစ်လိုက်ကြတယ် ၊   နောက်နေ့မိုးလင်းပြီးအလင်းရောင်သေချာရမှ ရွာကိုပြန်ရဲကြတော့တယ် ။

ဒီလိုနဲ့ နှစ်တွေအလှလှကြာလာတဲ့အခါ……   ရွာငယ်လေးမှာရှိတဲ့ ကိုဘကျော်နဲ့မကြင်မြိုင်တို့လင်မယားမှာ သားဦးလေးတစ်ယောက်   မွေးဖွားလာခဲ့ကြတယ် ၊ တစ်ရွာလုံးက ဒီတစ်သက် ကလေးမရနိုင်တော့ဘူးလို့ ထင်ထားတဲ့   လင်မယားက ကလေးလေးရသွားကြတော့ တစ်ရွာလုံးအံသြနေကြရတယ် ၊ တစ်ရွာလုံးတင်မကဘူး   ကိုဘကျော်တို့လင်မယားကိုယ်တိုင်လည်း အံ့သြနေမိကြတယ် ၊ သူတို့ကလေးလေးကလည်း   မွေးလာကတည်းက အဖေနဲ့ရော အမေနဲ့ပါ ရုပ်မတူဘူး ၊ အသားအရည်ကလည်း ဖြူဖွေးဥနေပြီး   အနီရောင်ဘက်ပါသမ်းနေပါရော့ ၊ ကလေးလေးစကားပြောတတ်တဲ့အရွယ်ရောက်ကတည်းက   ဘယ်သူမှဘာမှ မသင်ပေးပါဘဲ မြန်မာစကားမဟုတ်တဲ့စကားတွေကိုပြောပြောနေတတ်တယ် ၊   “ နိဟွန်းဂျင်းနို့ ” ဆိုတဲ့ စကားကို ပိုပြောနေတတ်တယ် ၊   သူဘာကိုဆိုလိုချင်တယ်ဆိုတာတစ်ယောက်မှ နားမလည်ကျဘူး ၊   ကလေးလေး အရွယ်ရောက်လို့ လမ်းလျှောက်တတ်လာခါစမှာ အမေနဲ့အဖေအလုပ်ရှုပ်နေတုန်း   တစ်ယောက်တည်း အိမ်ကနေ ထွက်သွားပြီး ရွာအ၀င်အ၀နားက ညောင်ပင်ကြီးအောက်နားက   မြေကြီးတွေကို လက်နဲ့ ယက်နေတတ်တာကို ရွာသားတစ်ချို့ကမြင်ပြီး ကလေးကို အိမ်ကို   ပြန်ခေါ်သွားပေးရတာ အကြိမ်ကြိမ်ပဲ အဲ့လို ပြန်ခေါ်သွားတိုင်းလည်း   ကလေးက ငယ်သံပါအောင်ကို အော်ငိုနေတတ်တယ် ၊ နောက်တော့ ကလေးငယ်လေး   တစ်ခုခုထူးဆန်းနေတာကို သတိထားမိလာကြပြီး လူကြီးတွေက ကလေးကို   ချော့မေးကြတယ် ၊   “ သားသား ဒီညောင်ပင်ကြီးအောက်မှာ ဘာသွားလုပ်တာလဲ ”   “ သားပစ္စည်းတွေရှိလို့သွားတူးတာ ” တဲ့…

ကလေးအဖြေကို မယုံရဲ ယုံရဲနဲ့ ရွာက လူကြီးတွေစုပြီး   ကလေးကိုညောင်ပင်ဆီကိုခေါ်လာခဲ့ကြတယ် ၊ ညောင်ပင်ဆီ ရောက်တော့   ကလေးက အရင်ပြေးပြီး မြေကြီးတွေကို ဖယ်နေတာကိုမြင်လိုက်တယ်… ၊   ကလေးမြေကြီးတွေကို ဖယ်နေတဲ့ယက်နေတဲ့နေရာနားကိုဦးတည်ပြီး   ရွာထဲကလူတွေ ၀ိုင်းတူးကြပါလေရော ၊ တူးရင်းတူးရင်းက သုံးပေနီးနီး လောက်တူးပြီးတဲ့အခါ   ညောင်မြစ်တွေပွေရှုပ်နေတဲ့ကြားက တူးနေတဲ့ ပေါက်တူးတစ်ချောင်း မြေအောက်က   ခပ်မာမာ ရှိတာတစ်ခုနဲ့ ထိမိတဲ့ အသံကို ကြားလိုက်ရတယ်   တစ်နေကုန်တူးနေရာက အသံတစ်သံကြားရတော့ တစ်ရွာလုံး   အံ့သြတကြီးစိတ်၀င်စားသွားကြပြီး အဲ့ဒီနေရာကိုဦးစားပေး သတိထားပြီး   တူးယူကြတယ် တော်တော်လေးတူးပြီးတော့မှ သံချေးတွေတက်နေတဲ့   စစ်လက်နက်တွေ ၊ ဂျပန်စစ်သားအသုံးအဆောင်ပစ္စည်းတွေ ၊ ဂျပန်ဓါး ၊ တွေကို   ၀တ်ဆင်ထားတဲ့ အရိုးစုတစ်ခုကို တွေ့လိုက်ကြတယ် ၊ သူ့ခေါင်းရင်းမှာ   သံသေတ္တာတစ်လုံး… ၊

သံသေတ္တာလေးကိုဖွင့်လိုက်တော့   ဟောင်းနွယ်းစုတ်ပျက်နေတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ၊ စစ်သုံးမှန်ပြောင်း ၊   ကျည်ဆံတွေ ၊ စစ်လက်နက်အသေးစားလေးတွေနဲ့ ဒင်္ဂါးပြားတွေ ၊   သံသေတ္တာအသေးစားထူထူလေး တစ်ခုကိုလည်း တွေ့လိုက်ရတယ် ၊   သံသေတ္တာအသေးလေးက နှစ်ချို့နေတော့ ဖွင့်ရခတ်ခဲနေတဲ့အထိ သံချေးတွေ   တွယ်ညိနေတယ် အဲ့ဒီ့ လက်တစ်၀ါးစာ သံသေတ္တာဘူး အသေးလေးကို   ဖွင့်လိုက်တဲ့အခါ သေတ္တာထဲက ဂျပန်၀တ်စုံနဲ့ ရှေ့ဆုံးက ထိုင်နေတဲ့မိန်းမကြီးတစ်ယောက် ၊   သူ့နောက်က ဂျပန်စစ်သားတစ်ယောက်နဲ့ ဂျပန်စစ်သားဘေးမှာ သူ့မိန်းမ နဲ့ သားလေးကိုကပ်လျက်   မြင်ရတဲ့ အဖြူအမဲဓါတ်ပုံလေးက ထင်ရှားနေတာကိုအံ့သြတကြီးမြင်လိုက်ရတယ်… ၊ ဓါတ်ပုံအောက်မှာ   ဟောင်းနွမ်းစုတ်ပျက်နေတဲ့ စာရွက်လေးတွေနဲ့ ဂျပန်ရှေးခေတ်ငွေစက္ကူတွေကို မြင်တွေ့ကြရတယ် ၊   ကလေးငယ်လေးက အဲ့ဒီပစ္စည်းတွေကိုကြည့်ပြီး ရှိုုက်ကြီးတငင်ငိုယိုလို့ ……. ။

အိမ်ရှင် အဘက စားပြောနေရင်းက မောလွန်းလို့ ရေနွေးလေး ငှဲ့သောက်နေတုန်း   သတိုးကဇာတ်လမ်းတစ်ခုလုံးမှာ မြောပါသွားရာက သိချင်စိတ်ကို ဟန်မဆောင်နိုင်တော့ဘဲ   “ အခု အဘပြောနေတဲ့ ဇာတ်လမ်းက ဖြစ်ရပ်မှန် သေချာပါတယ် နော် အဘ ”   “ အေးလေ ကျုပ်ကလူလေးကိုလိမ်ရမှာလား ”   “ ဒါဆို ရွာအ၀င်အ၀က ညောင်ပင်ကြီးမှာ ခြောက်နေတဲ့ ဂျပန်စစ်သားသရဲကြီးက   သူ့တာ၀န်နဲ့ အမိန့်ကို နာခံပြီး အစွဲအလမ်းနဲ့ မကျွတ်ဘဲဖြစ်နေတာကနေ ကျွတ်ချိန်တန်ပြီး   လူ၀င်စားပြန်ဖြစ်တာပေါ့နော်…. ၊ ရွာအ၀င်အ၀က ဂျပန်လိုရေးထားတဲ့   ဂျပန်စစ်သား စောင့်နေသည် ဆိုတဲ့စာကလည်း ဒီလူ၀င်စားရေးထားတာပေါ့နော် ”   “ ဟုတ်တာပေါ့ လူလေးရ… ”   “ ဘာရည်ရွယ်ချက်နဲ့ရေးထား တာလဲ သိလား အဘ ”   “ သိပ်သိတာပေါ့….ဟိုးအရင်ကဆို တိုက်ပွဲကြောင့် သေကြေသွားကြတဲ့လူတွေထဲက   မကျွတ်မလွတ်ကြသေးတဲ့ အခြားလူမျိုးခြားစစ်သား တစ္ဆေတွေက ကျတ်ကုန်းလို   ညဘက်တွေဆို ဒီအနီးအနာမှာ စစ်တပ်လိုက်ကို မြင်မြင်ရတတ်တယ်ကွ…   ဒါကြောင့် ဂျပန်စစ်သား စောင့်နေသည် ဆိုတဲ့စာလေးကို ရွာအ၀င်မှာ   အသိပေးတဲ့အနေနဲ့ ရေးထားတာ ဆိုလိုချင်တာက တစ်ခြား နာနာဘာ၀လောကက   မကျွတ်သေးတဲ့ စစ်သားတစ္ဆေတွေ ရွာထဲ၀င်ပြီး မနှောက်ယှက်ရဲတော့အောင်ပေါ့ကွာ ”

“ အဘပြောတာကြီးက နည်းနည်း ပုံပြင်ဆန်နေသလားလို့ ”   သတိုးရဲ့ စကားကြောင့် အိမ််ရှင်အဘက သူ့အိပ်ခန်းထဲကို ခဏ၀င်သွားပြီး   သေတ္တာလေးတစ်ခုကို ယူလာခဲ့တဲ့ ၊ သေတ္တာလေးကိုင်ထားတဲ့အဘကို   စိတ်၀င်တစား ကြည့်နေတဲ့ သတိုးကို အိမ်ရှင်အဘက သေတ္တာလေးထိုးပေးလိုက်တယ်   သတိုးက အဘပေးတဲ့ သေတ္တာလေးကို မချင့်မရဲ ဖွင့်ကြည့် လိုက်တဲ့အခါ   သေတ္တာထဲမှာ ဟောင်းနွမ်းပျက်ဆီးနေတဲ့ ဂျပန်စစ်သားအသုံးအဆောင်ပစ္စည်းတွေအပြည် ၊ ဂျပန်ဓါးတေ ွအပြင်   သေတ္တာရဲ့ အတွင်းအဖုံးနေရာမှာတော့ ဟောင်းနွမ်းစုတ်ပျက်နေတဲ့ အဖြူအမဲ ဓါတ်ပုံလေးတစ်ခု….   ဓါတ်ပုံထဲမှာ လူလေးယောက် ၊ အဲ့ထဲက ဂျပန်စစ်သား၀တ်စုံအပြည့်နဲ့လူရဲ့ မျက်နာကို သတိုး   သေချာကြည့်နေမိရင်း ကြက်သီးတွေ ထ လာမိပြီး ရုတ်တရက် အိမ်ရှင်အဘမျက်နာကို   လှမ်းကြည့်မိလိုက်ရင်း သတိုးမျက်လုံးပြုးသွားမိတော့တယ် …   “ ဒါ…ဒါ…ဒါ………….ဇာတ်လမ်းထဲက ဂျပန်စစ်သား လူ၀င်စားဆိုတာ ”   ဓါတ်ပုံကိုကြည့်လိုက် အိမ်ရှင်အဘကိုကြည့်လိုက် အိမ်ရှင်အဘရဲ့နာမည်ကိုပြန်သတိရသွားလိုက်နဲ့   ညောင်ပင်က ဂျပန်စစ်သားသရဲကြီးက…၊ လူ၀င်စားကြီးက … ၊ အဘက ……. ၊   စကားတွေထစ်ငေါ့နေရင်း သတိုး အံ့သြကြီးနေမိတော့တယ်…….. ။

ဖိုးသူတော် (www.phothutaw.com)

Credit:မိုးစွေ

#

Tags:
  • ,

Latest Comments

Leave a Comment