Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဦးကိုနီလုပ်ကြံခံရမှု အကြိမ် ၁၀၀ မြောက်ရုံးထုတ်

Image



တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုတရားခွင်ဟာ ဒီကနေ့ သောကြာနေ့မှာ အကြိမ် ၁၀၀ တိတိ ပြည့်ပြီး တဲ့နောက်မှာတော့ စွပ်စွဲခံရသူတွေဘက်က တင်ပြထားတဲ့ သက်သေ သုံးဦးကိုပဲ စစ်ဆေးဖို့ ကျန်ပါတော့တယ်။ ဒါကြောင့်လည်း မကြာခင်မှာ အမှု ပြီးပြတ်နိုင်ခြေ ရှိတယ်လို့ တရားလိုရှေ့နေက ပြောပါ တယ်။ ဒီကနေ့တရားခွင်ကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် မမေခက ရန်ကုန်မြို့ ကနေ သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဥပဒေအကြံပေးတဦးလည်းဖြစ်၊ ထင်ရှားတဲ့ တရား လွှတ်တော် ရှေ့နေကြီးလည်း ဖြစ်တဲ့ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ကြားနာ စစ် ဆေးနေတာပါ။ ဒီကနေ့ရုံးချိန်းမှာ လူသတ်မှုနဲ့ဆက်စပ်ပြီး စွပ်စွဲခံထား ရသူတွေထဲကတဦးဖြစ်တဲ့ ဦးဇေယျာဖြိုး ဘက်ကတင်သွင်းတဲ့ သက်သေသုံးဦးကို စစ်ဆေးဖို့ ဆင့်ခေါ်ထားပေမယ့် သက်သေတွေမလာတာကြောင့် သူတို့ကို သက်သေစာရင်းကနေ တရားရုံးက ပယ်ဖျက်လိုက်ပါတယ်။

ဒီအမှုကိုစစ်ဆေးလာတာ နှစ်နှစ်ကြာမြင့်ပြီဖြစ်ပြီး ခုချိန်ထိ မပြီးပြတ်သေးဘဲ ဖြစ်နေတာပါ။ အထူးခုံရုံးဖွဲ့ပြီးတော့ တပတ်ကို နှစ်ရက် စစ်ဆေးနေပေမယ့်လည်း တရားခံဘက်က မလိုအပ်တဲ့သက်သေတွေတင်တာကြောင့် ပိုပြီး ကြန့်ကြာနေရတာလို့ တရားလိုရှေ့နေတွေဘက်က စွပ်စွဲပြောဆိုသလို လူသတ်မှုသံသယနဲ့ စွပ်စွဲဖမ်းဆီး ခံထား ရသူတွေဘက်ကလည်း တရားလိုဘက် က ကြန့်ကြာအောင် လုပ်နေတာလို့ ပြန်လှန်စွပ်စွဲတာတွေရှိပါတယ်။

ဒီအမှုမှာ တရားလိုသက်သေ အယောက် ၈၀ ကိုတင်ပြခဲ့ပြီး ၇၂ ယောက်ကို စစ်ဆေးခဲ့ပြီးဖြစ်သလို စွပ်စွဲခံထား ရသူတွေဘက်က တရားခံပြသက်သေ ၇၂ ယောက်ကို တင်ပြခဲ့ပါတယ်။ လက်ရှိမှာ တရားခံပြသက်သေ ၃ ဦးပဲ ကျန်တော့တာကြောင် ့ မကြာခင်မှာ အမှု ပြီးပြတ်သွားနိုင်တယ်လို့ တရားလိုရှေ့နေ ဦးခင်မောင်ဋ္ဌေးက ပြောပါတယ်။

“လက်ရှိအမှုအခြေအနေက တရားခံပြသက်သေ စစ်ဆေးဖို့ ၃ယောက်ဘဲကျန်တဲ့ အခြေအနေ ရောက်နေပါပြီဗျ။ အမှုအရည်အသွေးကတော့ တရားရုံးကဆုံးဖြတ်မှာပါ။ ရှေ့တပတ်မှာစစ်ဖို့ ၃ ယောက်ပဲကျန်မယ်။ အဲ ၃ ယောက် စစ်ဖို့ ရုံးလာရင် ရှေ့တပတ်မှာ ပြီးသွားပါပြီခင်ဗျ။ မလာဘူး ဆိုလည်း အမှုတိုးတက်ရာ တိုးတက် ကြောင်းအတွက် ရှေ့ဆက်မယ်လို့ဆုံးဖြတ်ရင် ရှေ့ တချိန်းပြီး လျှောက်လဲချက် ပေးရတော့မယ်လို့မြင်ပါတယ်ဗျ။”

၂၀၁၇ ဇန်နဝါရီလ ၂၉ ရက် ညနေ ၅ နာရီက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရား လွှတ်တော် ရှေ့နေ ဦးကိုနီကို သေနတ်သမားကြည်လင်းက အနီးကပ် သေနတ်နဲ့ပစ်ပြီး လုပ်ကြံခဲ့ တာ ဖြစ်ပါတယ်။ ဒီအမှုမှာ စွဲချက်တင်ခံထားရတဲ့ဦးဇေယျာဖြိုးကတော့ သူပါဝင်ပတ်သက်တယ် ဆိုတာကို တရားလိုဘက်က ဖော်ထုတ် သက်သေပြတာမျိုး မရှိသေးတာကြောင့် သူ့အနေနဲ့ နစ်နာတယ်လို့ဆိုပြီး အမှုကိုကြန့်ကြာအောင်လုပ်တာ မရှိဘူးလို့ ဆိုပါတယ်။

“ကျနော်ကြောင့်ကြန့်ကြာရတာမရှိဘူး။ စွပ်စွဲခံရသူတွေကြောင့်ကြန့်ကြာနေတာမရှိဘူးူ။ ဒီအမှု ဒီလောက်ကြာ သွားလို့ ဘယ်လောက်နစ်နာလဲ။ ရုံးချိန်း ၁၀၀ ရှိပြီ။ ကျနော်နဲ့ပတ်သက်ပြီး ဘယ်ဟာ ပေါ်ပေါက်တာရှိလဲ။ တရားလိုဘက်ကနေ လျှောက်ပြောနေတယ်။ လျှာရိုးမရှိတိုင်း တရားရုံးက ၃ ဆို သူတို့ဘက်က ၄ လုပ်တယ်။ ပြောင်းပြန်ပြောတယ်။ တရားရုံးမှာ ဘာမှပေါ်ပေါက်ချက်မရှိဘူး။ ကြား ထဲကကျနော်တို့အများကြီးနစ်နာတယ်။ ဖမ်းဆီးချုပ်နှောင်ခံရတယ်။ အနှိပ်စက်ခံခဲ့ ရသေးတယ်။”

ဒီအမှုမှာ အဓိကတရားခံလို့ စွပ်စွဲခံထားရတဲ့ ကိုအောင်ဝင်းခိုင်ကိုတော့ အခုချိန်ထိ မဖမ်းမိသေးပါဘူး။ ဦးအောင်ဝင်းခိုင်မပါဘဲ အမှုကို စီရင်ချက်ချဖွယ်ရှိနေပြီး အဓိကတရားခံလို့ စွပ်စွဲခံထားရသူကို မဖမ်းနိုင်လို့ ဒီအမှုဟာ နစ်နာသူတွေအတွက် မျှတတဲ့ ဆုံးဖြတ်ချက် ချနိုင်ပါ့မလားလို့မေးခွန်းထုတ်တာတွေလည်းရှိပါတယ်။

တရားလိုရှေ့နေ ဦးရောဘတ်ဆန်းအောင်ကတော့ ဒီအမှုမှာ နစ်နာခဲ့သူတွေအတွက် မျှတတဲ့ စီရင်ချက် တခု ရလာနိုင်မယ်လို့ မျှော်လင့်ကြောင်း အခုလို ပြောပြသွားပါတယ်။

“ဒါကမြန်မာနိုင်ငံမှာ နို်င်ငံတကာလေဆိပ်မှာ အခုလိုရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်ခံရတာ တကြိမ်တခါမှ မပေါ်ဘူးသေးတဲ့ ထူးခြားဖြစ်စဉ်ဖြစ်လို့ မြန်မာနိုင်ငံသူနို်င်ငံသားသာမက ကမ္ဘာကပါစိတ်ဝင်စားတဲ့ အမှုဖြစ်တော့ တရားသူကြီးတွေက လေးနက်စွာသုံးသပ်ပြီးဆုံးဖြတ်တာဖြစ်တော့ နစ်နာသူတွေ အတွက်တော့ အဖြေတခု ကောင်းမွန်စွာရမယ်လို့ယုံကြည်ပါတယ်။”

ဖေဖော်ဝါရီလကုန်လောက်မှာ အမှုကို အပြီးသတ်နိုင်မယ်လို့ နှစ်ဖက်ရှေ့နေတွေဘက်က ခန့်မှန်းထားကြပြီး ဇန်နဝါရီလ ၁၇ ရက်နေ့ မှာ နောက်ဆုံးကျန်တဲ့ တရားခံပြသက်သေတွေကို စစ်ဆေးဖို့ရှိပါတယ်။

https://burmese.voanews.com

ဖိုးသူတော် (www.phothutaw.com)

Credit: မေခ  / ဗွီအိုအေ (မြန်မာပိုင်း)

#

Tags:
  • ,

Latest Comments

Leave a Comment