Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အလောင်းမင်းတရား၏ အားအကိုးရဆုံး ဗိုလ်ချုပ်ကြီး (၃) ဦး အကြာင်း

Image



ဦးကောင်း မဟုတ်တဲ့ ဦးကောင်း

ဦးကောင်း ဟု ဆိုလိုက်လျှင် ကင်း၀န်မင်းကြီးဦးကောင်း လို့ အားလုံး ပြေးမြင်မိမှာ ဖြစ်ပေမယ့် ကျွန်တော်ပြောမယ့်သူက ကင်း၀န်မင်းကြီး ဦးကောင်းမဟုတ်ပါ။ ကင်း၀န်မင်းကြီး နဲ့နာမည်တူသူ မင်းကျော်ပျံချီ ခေါ် သေနတ်၀န်ဦးကောင်း ဖြစ်ပါတယ်။ ဒီဦးကောင်းကတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ အားအကိုးရဆုံးရဲဘော်ရဲဘက် တစ်ယောက်ဖြစ်ပါတယ်။

ဟံသာ၀တီရောက်မင်းကြီး မရှိတော့တဲ့နောက် ဒုတိယမြန်မာနိုင်ငံဟာ ပျက်စီးသွားခဲ့ရပါတယ်။ ဒီအချိန်မှာ မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျဟာ မုဆိုးဖိုရွာမှာ ထန်းလုံးတပ်ဆောက်ကာ လက်ရွေးစင်သူရဲကောင်း ၆၈ ယောက်တို့နှင့်အတူ တတိယမြန်မာနိုင်ငံ ဦးစွန်းကို တည်ထောင်ခဲ့ပါတယ်။

ဒီနေရာမှာ အလောင်းမင်းတရားလက်ထက် သတ္တိရှိမရှိ စစ်ပြီး လက်ရွေးစင်ရွေးချယ်ပုံကို ပြောပြချင်ပါတယ်။ ချွန်ထက်တဲ့ လှံတစ်ချောင်းကို အစစ်ခံမည့်သူ လည်ပင်းနှင့်တိုင်းကာ ထောင်ထားပါတယ်။ အစစ်ခံရမည့်သူဟာ လည်ပင်း ရှေ့တည့်တည့်ထောင်ထားတဲ့ လှံကို အရှိန်နဲ့ ပြေး၀င်ပြီး အထိုးခံရမှာ ဖြစ်ပါတယ်။

လည်ပင်းအတိရောက်မှ ကျွမ်းကျင်တဲ့သူက လှံကို ဆတ်ခနဲ ဖယ်ရှားလိုက်တာပဲ ဖြစ်ပါတယ်။ အခက်မသင့်လျှင် ဒါဏ်ရာရသွားနိုင်ပါတယ်။ ထိုသို့ပြေးနေစဉ်မှာ မျက်နှာတစ်ချက် မပျက်ရ ၊ အပြေးရှိန်မလျှော့ ရပါ။ ထိုသို့သောသူများကိုသာ လက်ရွေးစင်အဖြစ်ရွေးပါတယ်။ လက်ရွေးစင်များကို ရဲရောင်မြန်မာ(၀ါ) ရဲမြန်မာ ဟု ခေါ်ကြပါတယ်။

သူရဲကောင်း ၆၈ ယောက်ထဲတွင် သေနတ်၀န်ဦးကောင်း ၊ မုဆိုးချုံဗိုလ်(ဦးတွန်) ၊ မဟာသီဟသူရ (ဦးသာ) ၊ မဟာစည်သူ (ဦးနှောင်း) နှင့် ဗလမင်းထင်(ဦးလွင်) တို့မှာ နှလုံးရည် လက်ရုံးရည် အလွန်ကောင်းသူများ အဖြစ် ထင်ရှားပါတယ်။

အထူးသဖြင့် ဦးကောင်း၊ ဦးတွန် နှင့် ဦးသာ တို့အား အလောင်းမင်းတရားကြီး၏ သားတော်ကြီးများဖြစ်တဲ့ မောင်လောက်(နောင်တော်ကြီးမင်း) နှင့် မောင်ရွ(ဆင်ဖြူရှင်) တို့နှင့် တန်းတူ အခွင့်အရေးပေးခြင်း ခံခဲ့ရပါတယ်။ ဦးကောင်းတို့ သူရဲကောင်း သုံးယောက်ဟာ ဦးအောင်ဇေယျ၏ တိုက်ပွဲတိုင်းတွင် ရှေ့ဆုံးမှ ပါ၀င်ခဲ့ကြပါတယ်။

တိုက်ပွဲတိုင်းနိုင်အောင် အစီအမံများဖြင့် တိုက်နိုင်သဖြင့် ဦးကောင်း အား ဦးအောင်ဇေယျက မဟာသေနာပတိအဖြစ် အမြင့်ဆုံးမြှောက်စားခဲ့ပါတယ်။ မင်းကျော်ပျံချီ ၊ မင်းလှမင်းခေါင် ၊ မဟာသေနာပတိ ၊ အဂ္ဂမဟာသေနာပတိ ၊ သေနတ်၀င် စတဲ့ ရာထူးဘွဲ့များစွာကိုလည်း ပေးအပ်ခံခဲ့ရပါတယ်။

ဦးကောင်းဟာ အလောင်းမင်းတရားကြီး ၏ တိုက်ပွဲများ အောင်မြင်ရန် အဓိက စွမ်းဆောင်ပေးခဲ့သူဟု ပြောလျှင်မမှားပါ။ အလောင်းမင်းတရားကြီး၏ ရန်ဘက် ငချစ်ညိုနှင့် စီးချင်းယှဉ်တိုက်ခိုက်ခြင်း ၊ နာမည်ကျော် မွန်စစ်သူကြီးဒလဗန်း၏ အငြိုးတကြီး တိုက်ခိုက် မှုများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

မုဆိုးဘိုတိုက်ပွဲ ၊ ခင်ဦးတိုက်ပွဲ ၊ အင်း၀မြို့သိမ်းတိုက်ပွဲ နှင့် ရန်ကုန်ကိုသိမ်းတိုက်ပွဲ စတဲ့နာမည်ကြီးတိုက်ပွဲတွေမှာအောင်မြင်ခဲ့သောသေနာပတိဦးကောင်းဟာသန်လျှင်မြို့သိမ်းတိုက်ပွဲအတွင်း ရရှိခဲ့တဲ့ သေနတ်ဒါဏ်ရာကြောင့် ကျဆုံးခဲ့ပါတယ်။

သန်လျှင်သည် ပြင်သစ်တို့ရဲ့ အကူအညီကြောင့် လက်နက်အင်အား တောင့်တင်းနေတဲ့အချိန်မှာ ဦးကောင်းက ဦးဆောင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မြို့ရိုးပေါ်တွင် သေနတ် ၊ အမြှောက်များ တပ်ဆင်ထားသဖြင့် ကုန်းဘောင်ရဲမက်များ အကျအဆုံးများခဲ့ပါတယ်။

အကျအဆုံးများသော်လည်း ဦးကောင်းသည် နောက်ဆုတ်ဖို့မပြော မြို့တွင်း၀င်နိုင်မည့် နည်းလမ်းကို ရှာကြံခြင်း ၊ တပ်သားများအား အားပေးခြင်း ၊ ကွပ်ကဲခြင်း တို့ကို ပြုလုပ် လျက်ရှိပါတယ်။ ထိုစဉ် မြို့ရိုးပေါ်ရှိ သေနတ်အလက် ၂၀ ခန့်သည် ဦးကောင်းရှိရာကို စုပြုံပစ်ကြပါတယ်။ ရဲမက်များက စိုးရိမ်သဖြင့် ဦးကောင်းကို ကြည့်ရာ ဟန်မပျက် ကွပ်ကဲနေသဖြင့် သေနတ်မမှန်ဟု ထင်ကာ စိတ်သက်သာရ ရသွားကြပါတယ်။

တကယ်တော့ ဦးကောင်းသည် သေနတ်ဒါဏ်ရာများကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် တပ်သားများ စိတ်ဓာတ်ကျမည် စိုးတာကြောင့် ဒါဏ်ရာကိုအ၀တ်ဖြင့် ကြပ်ကြပ်စည်းကာ ဘာမှမဖြစ်သယောင် ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

စစ်ကဲကျော်ထင်ရွှေတောင်ကို ဆက်လက် တိုက်ခိုက်စေပြီး ကိုယ်တိုင်ကတော့ မင်းတရားကြီးရှိရာ သန်လျက်စွန်းသို့ လှေဖြင့် ဆင်း ခဲ့ပါတယ်။ လှေဆိပ်ကို ရောက်တဲ့အချိန်မှာ ဦးကောင်း၏ ကိုယ်မှာ သွေးများရွဲနစ်နေခဲ့ပါပြီ။

အလောင်းမင်းတရားကြီးသန်လျက်စွန်းမှ မျှော်ကြည့်နေစဉ် လှေတစ်စင်းအပြင်းလှော်လာရာ ဦးကောင်း ဒါဏ်ရာရရှိကြောင်း သိပြီးနောက် “ဟာဆုံးခဲ့ပြီ” ဟု အာမေဋိတ်ပြုခဲ့ပါတယ်။ စိုးရိမ်စွာဖြင့် ” မောင်ကောင်းရဲ့ ဒဏ်ရာကို အစွမ်းကုန် ပြုစုကြပါ “ဟု သမားတော်များ အား ပြောနေစဉ် ဦးကောင်းက “မရနိုင်တော့ပါဘုရား ၊ ကျွန်တော်မျိုး ယနေ့ပင် ကိုယ်တော့်ကို ပစ်၍ သွားရချေတော့မည်” ဟု လျှောက်တင်ကာ ရွှေတိဂုံစေတီကို အာရုံပြုရင်း ကွယ်လွန်သွားခဲ့ပါတယ်။ အလောင်းမင်းတရားကြီးက အလွန်စိတ်မကောင်းဖြစ်တော်မူကာ ဦးကောင်းအား ထီးဖြုအုပ်ပြီး အဂ္ဂမဟာသေနာပတိဘွဲ့ဖြင့် ခမ်းခမ်းနားနား သဂြိုလ်ပေးခဲ့ပါတယ်။

ကုန်းဘောင်ကို ပူးပေါင်းတည်ထောင်ခဲ့သော ဗိုလ်ချုပ်ကြီးရဲ့ ဇာတ်သိမ်းခန်း (သို့) ဦးတွန်

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ သူရဲကောင်းများအနက် မင်းခေါင်အနော်ရထာ (ခေါ်) ဦးတွန် သည် တိုက်ရည်ခိုက်ရည် ကောင်းလှသည်။ သူ၏ ဇာတ်သိမ်းမှာ ကြေကွဲဖွယ်ကောင်းလှသည်။ မင်းခေါင်နော်ရထာသည် ကုန်းဘောင်တိုက်ပွဲများတွင် ရှေ့ဆုံးမှ ရွပ်ရွပ်ချွံချွံ တိုက်တတ်သူ ဖြစ်သည်။ တိုက်တိုင်းလည်းနိုင်သည်သာ များသည်။ မင်းတရားကြီး အရေးမလှ၍ ဆုတ်ခွာသော အခါတွင်လည်း နောက်ဆုံးမှ ခုခံကာ ဆုတ်လေ့ရှိသူ ဖြစ်သည်။

ယိုးဒယားကို အလောင်းမင်းတရား၀န်းရံထားရာမှ မအောင်မြင်ပဲ ဆုတ်ခွာလာရာလမ်းတွင်လည်း သူသည် နောက်ဆုံးမှချန်ကာ နေခဲ့သည်။ ၀ုိင်းရံထားသော ယိုးဒယားတပ်များကို တိုက်လျှင် မင်းတရားကြီးတို့ ပြန်လှည့်ကာ စစ်ကူပေးရမည် ဖြစ်သဖြင့် မတိုက်ပဲ အ၀ုိင်းခံထားလိုက်သည်။ ကျန်သည့် ဗိုလ်မှူးတပ်မှူးများကိုလည်း အလောင်းမင်းတရားကြီးဆီသာလွှတ်လေသည်။ သူကိုယ်တိုင်ကား တပ်တစ်တပ်နှင့်သာ ကျန်ရစ်သည်။

ထိုသို့ ဆုတ်ခွာလာရာလမ်းတွင်ပင် အလောင်းမင်းတရားသည် နတ်ရွာစံလေသည်။ ဆင်ဖြူရှင် ဖြစ်လာမည့် မြေဒူးမင်းသားသည် ဦးတွန်ထံမှ အလောင်းမင်းတရားကြီး ချီးမြှင့်ထားသော ယိမ်းနွဲ့ပါးဓားကို ပြန်သိမ်းသည့် အပြင်နောက်ကျန်စစ်သည်များကို ရိပ်က္ခာ မထောက်ရဟု အမိန့်ချလေသည်။

ဤအချိန်မှစ၍ ဦးတွန်သည် မြေဒူးမင်းသားအပေါ် ယုံကြည်မှု မရှိတော့။ နောက်ဆုံးမှ ဆုတ်ခွာလာရင်း နယ်စပ်သို့ရောက်သောအခါ နေပြည်တော်ကို မပြန်တော့ပဲ တောင်ငူသို့သာသွားလေတော့သည်။

မြေဒူးမင်းသားကလည်း ဦးတွန်သည် စိတ်မှုမမှန်ဟု နောင်တောကြီးမင်းအား လျှောက်သော်လည်းနောင်တော်ကြီးမင်းက ယုံတော်မမူ ၊ ဦးတွန်သည် ခမည်းတော်၏ ရဲဘော်ရဲဘက်သာ ဖြစ်၍ လူလွှတ်၍ခေါ်စေသည်။ ခေါ်မရ၍ ဖမ်းခေါ်ရန်ကြံလေသည်။ တောင်ငူမင်းက ဦးတွန်အား တရားနာရန် ဖိတ်ပြီး ဗိုလ်မှူး ၆ ဦးနှင့် ဦးတွန်အား ဖမ်းရန်ကြံသည်။

သို့သော် ငယ်ကြောက်များဖြစ်၍ ဦးတွန်နားကိုမှု မကပ်ရဲ ၊ တရားနာနေစဉ်ပင် ရိပ်မိသွားသော ဦးတွန်သည် ချက်ချင်းပင် ထပြန်လေသည်။ ဆင်စီး၍ဆုတ်ရင်း အနီးတွင်ရှိသော စက်တိုင်ကို လှံဖြင့်ထိုးခဲ့ရာ ထုတ်ချင်းပေါက်သွားသည်။ မည်သူမျှ မလိုက်ရဲတော့။

ဦးတွန်အပေါ် သံယောဇဉ်ရှိလှသော နောင်တော်ကြီးမင်းသည် ဦးတွန်အား ထပ်မံခေါ်စေပြန်သည်။ ဦးတွန်၏ ရဲဘော်ရဲဘက် မင်းလှနော်ရထာတို့ကို အကျိုးအကြောင်းရှင်းပြကာ ခေါ်လေသော်လည်း ဦးတွန်သည် မလိုက်။

“သူတို့သည် ညီအစ်ကိုသာဖြစ်သည်။ ငါထက်စာလျှင် သူ၏ညီတော်ကိုသာ ယုံပေလိမ့်မည်။ အခုအခါငါ့ကိုကယ်မည့် မင်းတရားကြီးလည်း မရှိတော့ ။ ငါမလိုက်တော့ သွေးသောက်တို့သာ ပြန်ပါလေ” ဟု ဆိုသည်။

အကြိမ်ပေါင်းများစွာ ခေါ်သော်လည်း မလိုက်။ ဦးတွန်နှင့် တပ်သည်အင်း၀ကို သိမ်းလိုက်ကြသည်။ မင်းခေါင်နော်ရထာကို ကြောက်ရွံကြပြီးဖြစ်သဖြင့် ကြာရှည်စွာ မခံပဲ အရှုံးပေးလိုက်ကြလေသည်။

ထိုအခါ နောင်တော်ကြီးမင်းက ဒီအတိုင်းဆိုမဖြစ်တော့ လုပ်ကြံမှပင်ဖြစ်တော့မည်ဟု ဆိုကာ အင်း၀ကို ၀ုိင်းစေသည်။ ၀ိုင်းရံပြီး မြို့တွင်းသို့ မ၀င်ရဲ ၊ ဗိုလ်မှူးတပ်မှူးအပေါင်းသည် ဦးတွန်အစွမ်းအားသိပြီးဖြစ်သဖြင့် ရင်ဆိုင်ရမှာလန့်နေကြ၍ ဖြစ်သည်။

အပြင်မှသာ ၀န်းရံပစ်ခတ်သဖြင့် မြို့တွင်းပြည်သူတို့အရေးကို ငဲ့ညှာမိသော ဦးတွန်သည် အနောက်တံခါးမှ တပ်နှင့်အတူ မြို့ပြင်သို့ထွက်လေသည်။ ထိုသို့ထွက်သည်ကို သိလျှင် ဗိုလ်မှူးတပ်မှူး တို့ကလိုက်ကြသည်။ သို့ဖြင့် မက္ခရာဗိုလ်သီရိရွှေတောင်သည် ဦးတွန်တို့အား မီလာသည်။

ထိုအခါဦးတွန်က “ဟယ် သီရိရွှေတောင် ၊ ပဇာမူ၍ လိုက်လာသနည်း” ဟု ဆိုရာ သီရိရွှေတောင်က “မင်းကို ဖမ်းမည်ဟု လိုက်လာသည်” ဟု ပြန်ပြောရာ “သီရိရွှေတောင် ၊ နင် ထမင်းကို မုန်းပြီလား” ဟု ဆိုကာ မြင်းကိုလှည့်၍ လှံ ကို လွှတ်လေသည်။ လှံသည် သီရိရွှေတောင် လက်ယာနံဘေးကို ပတ်၍ မြင်းကို စိုက်ရာ ကြောက်လန့်ပြီး ဆက်မလိုက်ရဲတော့ပေ။

 နောက်ဆုံးတွင် တပ်များသည် ဦးတွန်နားသို့ မကပ်ရဲပဲ အေ၀းမှပင် ပစ်ခတ်လေရာ ဦးတွန်၏ ဘက်တော်သားများ အထိနာကာ ဦးတွန်ပင် သေနည်ကျည်ဆန် ထိသွားလေသည်။ စိတ်လျှော့သွားသော ဦးတွန်သည် ချောက်ကမ်းပါး တွင် ထိုင်၍ မှိုင်တွေနေလေသည်။

ဤသည်ကို မြေဒူးသားငချစ်ကောင်း သိသွားပြီး ချောင်း၍ဖမ်းချင်သော်လည်း အနားသို့မကပ်ရဲ ပဲ ချက်ကောင်းကို စောင့်နေလေသည်။ မင်းခေါင်နော်ရထာသည် ဆီးစပ်တွင် မှန်ထားသော သေနတ်ဒါဏ်ရာကို လှန်ကြည့်ကာ နာလှ၍ ညည်းညူနေသည်ကို မြင်မှ ချုံမှ ရုတ်တရက်ထွက်ကာ မင်းခေါင်နော်ရထားအား ချောက်ထဲသို့ တွန်းချလေသည်။

သို့သော် သတိမလွတ်သော မင်းခေါင်နော်ရထာက လက်ယာဘက်ဖြင့် ဖမ်းရာငချစ်ကောင်းကို မိပြီး နှစ်ဦးသားလုံးထွေးသွားကြသည်။ ငချစ်ကောင်းက ကြောက်လန့်ပြီး ‘ကယ်ပါ၊ ကယ်ပါ’ အော်ဟစ်သည်တွင် နောက်မှသေနတ်သမားတို့က ပြေးလာ၍ ၀ုိင်း၀န်းပစ်ခတ်ကြရာ ကုန်းဘောင်တည်ထောင်သူ အလောင်းမင်းတရား၏ ရဲဘော်ရဲဘက် ဗိုလ်ချုပ်ကြီးမင်းခေါင်နော်ရထာမှာ ဇာတ်သိမ်းသွားရလေတော့သည်။

ဤအဖြစ်သား နောင်တောင်ကြီးမင်းလက်ထက် အလွန်၀မ်းနည်းဖွယ်ကောင်းလှသော အဖြစ်အပျက်ပင် ဖြစ်လေသည်။ မင်းခေါင်နော်ရထာသည် အသက်စွန့်ကာ ကာကွယ်လို၍ နောက်ချန်နေခဲ့သည်ကို ပုန်ကန်ချင်သဖြင့် ထိုသို့ချန်နေရစ်သည်ဟု မြေဒူးမင်းသားက ထင်သည်။ သို့ဖြင့် ဓါးကိုသိမ်းကာ ရိက္ခာကိုလည်း ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

မင်းခေါင်နော်ရထာကလည်း မြေဒူးမင်းသားကို မယုံတော့ ၊ နေပြည်တော်ရောက်လျှင် သူ့အတွက် အခြေအနေမကောင်းနိုင်တော့သည်ဟု ထင်ကာ ဆန္ဒမရှိပါပဲ ပုန်ကန်သူအဖြစ်သို့ရောက်ရသည်။ တစ်ယောက်ကိုတစ်ယောက် သင်္ကာမကင်းဖြစ်မှုလေးမှဤသို့သူရဲကောင်းကြီးတစ်ယောက်ဆုံး ရှုံးရသည်မှာ သင်ခန်းစာ ယူစရာပင်ဖြစ်လေတော့သည်။

ဇာတ်သိမ်းမလှခဲ့တဲ့ သူရဲကောင်းဗိုလ်ချုပ်ကြီး (သို့) မဟာသီဟသူရ ဦးသာ

ဆင်ဖြူရှင်မင်းလက်ထက်မှာ ယိုးဒယားတိုက်ပွဲများ ၊ တရုတ်တို့ရဲ့ကျူးကျော်တိုက်ပွဲများကို အောင်မြင်အောင်တိုက်ခဲ့ကြောင်း သိကြပြီးဖြစ်မှာပါ။ ထိုတိုက်ပွဲတိုင်းလိုလိုမှာ အနိုင်ရအောင် ဦးဆောင်ကွပ်ကဲနိုင်ခဲ့သူ ဗိုလ်ချုပ်ကြီးတစ်ဦးတည်းပင် ဖြစ်ပါတယ်။ ထိုလက်ရုံးရည် နှလုံးရည်နှင့်ပြည့်စုံသူ ဗိုလ်ချုပ်ကြီးရဲ့အမည်မှာ မဟာသီဟသူရ ဖြစ်ပါတယ်။

တကယ်တော့ ၀န်ကြီး မဟာသီဟသူရဟာ ဆင်ဖြူရှင်မင်းလက်ထက်မှာမှ ကျော်ကြားခဲ့တာ မဟုတ်ပါဘူး။ မဟာသီဟသူရဟာ တတိယနိုင်ငံကို စတင်ထူထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီးရဲ့ သူရဲကောင်း မြင်းရည်တက် ၆ကျိပ် ၈ယောက်ထဲမှာ ထိပ်ပိုင်းမှပါ၀င်ခဲ့သူ ဦးသာဖြစ်ပါတယ်။ သေနတ်၀န် ဦးကောင်း ၊ မုဆိုးချုံဗိုလ် ဦးတွန် တို့နှင့် အတူလက်တွဲကာ တိုက်ပွဲ၀င်ခဲ့သူဖြစ်ပါတယ်။

ရွှေတောင်ထွတ်ကဲ ၊ မင်းလှရာဇာဘွဲ့များရရှိခဲ့သူ ၀န်ကြီးမဟာသီဟသူရဟာ အလောင်းမင်းတရားကြီး နတ်ရွာစံပြီးနောက် သားတော်ဒီပဲယင်းမင်း ၊ မြေဒူးမင်း ၊ စဉ့်ကူးမင်း နှင့် ဘိုးတော်ဘုရားလက်ထက်တိုင်အောင် အဆင့်ဆင့် အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းရည်ဟာ ဆင်ဖြူရှင်မင်းလက်ထက် သက္ကရာဇ် ၁၁၂၇ မှ ၁၁၃၀ အထိဖြစ်ပွားခဲ့သော တရုတ်တို့နှင့် တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲလေးပွဲမှာ အထင်ရှားဆုံးဖြစ်ခဲ့ပါတယ်။ အင်အားကြီးမားလှတဲ့ တရုတ်တပ်တွေကို မဟာသီဟသူရရဲ့ စစ်ရေးစွမ်းရည်ဖြင့် အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။

တရုတ်တို့အား ရိက္ခာဖြတ်တောက်တိုက်ခိုက်ခြင်း ၊ ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်စေခြင်း စသည်တို့ဟာ မဟာသီဟသူရရဲ့ အစီအစဉ်တွေပဲ ဖြစ်ပါတယ်။ လေးကြိမ်စလုံး တရုတ်တို့အား အနိုင်ရရှိပြီးနောက် ကျန်ဗိုလ်မှူးများက ဆက်လက်တိုက်ခိုက်ရန်ပြောသည်ကို လက်မခံပဲ နှစ်ဘက် ပြည်သူတို့အား ငဲ့ညှာကာ စစ်ပြေငြိမ်းစေခဲ့ပါတယ်။ မဟာသီဟသူရရဲ့ အမျှော်အမြင်ကြီးမှုကြောင့် တရုတ်တို့နှင့် စစ်မက်မဖြစ်ပွားတော့သော်လည်း ဆင်ဖြူရှင်မင်းက မဟာသီဟသူရအား ထိုသို့လုပ်ရပါမလားဟု အမျက်ရှကာ နယ်ပြောင်းပစ်လိုက်ပါတယ်။

ထိုမှ စဉ့်ကူးမင်းလက်ထက်တွင် အသည်၀န်ကြီး ၊ ဘိုးတော်ဗဒုံမင်းလက်ထက်တွင် ၀န်ကြီးစသည်ဖြင့် တာ၀န်များထမ်းဆောင်ခဲ့သော်လည်း ၁၇၈၂ ဖေဖော်၀ါရီလ ၂၃ ရက်နေ့တွင် စည်သာမင်းသားနှင့် အတူပူပေါင်းနန်းလုရန်ကြံစည်မှုဖြင့် ကွပ်မျက်ခြင်းခံခဲ့ရပါတယ်။ တိုက်တိုင်းအောင် စစ်ဗိုလ်ချုပ်ကြီး၏ နိဂုံးကား မလှခဲ့ပါချေ။

ဖိုးသူတော် (www.phothutaw.com)

Credit:baganthar

#

Tags:
  • ,

Latest Comments

Leave a Comment