Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး

Image



အပါယ်လွတ်ကြောင်း ကုသိုလ်(၇)မျိုးတို့မှာ -

(၁)။ သရဏဂုံ ဆောက်တည်ခြင်း (သရဏဂုံကုသိုလ်) ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို မိရိုးဖလာဗုဒ္ဓဘာသာတို့လို မကိုးကွယ် မဆည်းကပ်ဘဲ၊ တကယ့်စစ်မှန်သော ခိုင်မြဲသောသဒ္ဓါ၊ ပညာဦးစီးသော စိတ်ထားဖြင့် ကြည်ညိုခြင်းလို့ဆိုတဲ့ (သရဏဂုံကုသိုလ်)တွေပွားပြီး ကိုးကွယ်ဆည်းကပ်ရပါမယ်။ အဲ့ဒီကုသိုလ်မျိုး အမြဲမပြတ်ဆောက်တည်ထားရင် အပါယ်လေးပါးက လွတ်မြောက်နိုင်ပါတယ်။ ဘုရားရှင်လက်ထက်က သာဓကတွေ ရှိပါတယ်၊ စာရှည်မည်စိုး၍ ရေးမပြနိုင်တာကို ခွင့့်လွှတ်သည်းခံပေးကြပါ။

(၂)။ ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်) ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလည်း အပါယ်လေးပါးက လွတ်မြောက်နိုင်ပါတယ်။

(၃)။ စာရေးတံမဲချခြင်းကုသိုလ် စာရေးတံမဲချခြင်းကုသိုလ်ဆိုတာ ဗုဒ္ဓဘာသာဝင်များရဲ့ သီတင်းကျွတ်အချိန်အခါ သယမမှာ ကျောင်းတိုက်အသီးသီးမှ သံဃာတော်များကို မဲချ၍(မဲခွဲ၍) ကိုယ်ဆီကို မဲကျလာတဲ့သံဃာတော်ကို ဆွမ်းအစရှိတဲ့ လှူဖွယ်ဝတ္ထုအစုစုကို လှူဒါန်းရတဲ့ ကုသိုလ်ပါ။ ကျရာသံဃာကို မွန်မြတ်စွာ လှူဒါန်းလိုက်ရသောကုသိုလ်သည် ပုဂ္ဂိုလ်ကိုလည်း အစွဲမထားတဲ့အတွက် သံဃာ့ဂုဏ်ကို ရည်မှန်းရာလည်းရောက်သည့်အတွက် အင်မတန် မွန်မြတ်လှတဲ့ကုသိုလ်မျိုးပါပဲ။ ဒီကုသိုလ်ဒါနကို စာရေးတံဆွမ်းဝတ်လို့ ခေါ်ပါတယ်။ အလွယ်မှတ်ချင်ရင် စာရေးတံမဲချတဲ့ ကုသိုလ်လို့ပဲ မှတ်သားလိုက်ပါ။ အဲ့ဒီကုသိုလ်ဟာ အင်မတန်မှကို ပြုရလွယ်ကူပြီး၊ အကုန်အကျနည်းပေမယ့် ရရှိလိုက်တဲ့အကျိုးကျေးဇူးကတော့ အပါယ်လေးပါးမှတောင် လွတ်ကင်းနိုင်ပါတယ်။

(၄)။ ပက္ခိယဘတ်ကုသိုလ် အဓိပ္ပါယ်ကတော့ မိမိတို့ ကိုးကွယ်ဆည်းကပ်နေတဲ့ ဘုန်းကြီးကျောင်းများကို တစ်လ ဆွမ်းတစ်ချိုင့်သော်လည်းကောင်း၊ နှစ်ချိုင့်သော်လည်းကောင်း၊ လှူဒါန်းရတဲ့ ကုသိုလ်မျိုးကို ခေါ်တာပါ။ အရှင်းဆုံးပြောရရင် ရက်သတ္တပတ်ဆွမ်း၊ လဆွမ်း စတာတွေကို ခေါ်တာပါ။ လဆန်းပက္ခမှာလှူရင် လဆန်းပက္ခဆွမ်း၊ လဆုတ်မှာလှူရင် လဆုတ်ပက္ခဆွမ်းလို့ခေါ်တယ်။ အဲ့ဒီလို တစ်လကို တစ်ကြိမ်သော်လည်းကောင်း၊ နှစ်ကြိမ်သော်လည်းကောင်း လှူတဲ့အလှူဒါနကို ပက္ခိယဘတ္တကုသိုလ်လို့ ခေါ်ပါတယ်။ ဒီကုသိုလ်သည်လည်းပဲ အကုန်အကျလည်းနည်း ပင်ပန်းမှုလည်းမကြီးပေမယ့် အပါယ်လေးပါးက လွတ်မြောက်နိုင်တဲ့အထိ အကျိုးကျေးဇူးကြီးမားပါတယ်။ ဒီကုသိုလ်မျိုးကိုလည်း အသက်ထက်ဆုံး လုပ်သွားကြပါလို့ တိုက်တွန်းချင်ပါတယ်။

(၅)။ ဝဿဝါသိကကုသိုလ် ဝါဆိုသင်္ကန်းကပ်လှူတဲ့ ကုသိုလ်ပါ။ နှစ်စဉ်နှစ်တိုင်း ဝါဆိုဝါကပ်တော်မူကြတဲ့ သံဃာတော်အရှင်သူမြတ်တို့ကို နှစ်စဉ်နှစ်တိုင်း ဝါဆိုသင်္ကန်း ကပ်လှူမယ်ဆိုရင်(တစ်စုံတတ်နိုင်လျှင်တစ်စုံ၊ နှစ်စုံတတ်နိုင်လျှင်နှစ်စုံ) အဲ့ဒီကုသိုလ်ဟာလည်းပဲ အကုန်အကျမများပေမယ့် ရရှိလိုက်တဲ့ အကျိုးကျေးဇူးဟာ အပါယ်လေးပါးကတောင် လွတ်မြောက်စေနိုင်ပါတယ်။

(၆)။ ဧကောအာဝါသောကုသိုလ် အဓိပ္ပါယ်ကတော့ ကျောင်းတစ်ဆောင်သော်လည်းကောင်း၊ ဇရပ်တစ်ဆောင်သော်လည်းကောင်း လှူဒါန်းရတဲ့ကုသိုလ်ကို ဆိုလိုပါတယ်။ ကျုပ်တို့က ဆင်းရဲတယ် ကျောင်းတစ်ဆောင် မတတ်နိုင်ဘူး၊ ရပါတယ်.. ကျောင်းတစ်ဆောင်လုံး မတတ်နိုင်ရင် အုတ်တစ်ချက် သဲတစ်ပွင့်လှူဒါန်းလိုက်ပါ။ အဲ့ဒီအလှူဒါနထဲမှာ မိမိရဲ့သဒ္ဓါအရင်းခံတဲ့ ဒါနကုသိုလ်တွေ ပါဝင်သွားပါပြီ။ အဲ့ဒီလို အမြဲလိုလို လှူဒါန်းနေတဲ့ပုဂ္ဂိုလ်ဟာ အပါယ်လေးပါးက လွတ်မြောက်နိုင်ပါတယ်။

(၇)။ ဧကာပေါက္ခရဏီကုသိုလ် အဓိပ္ပါယ်ကတော့ ရေတွင်းရေကန်များကို တူးဖော်ခြင်း၊ လှူဒါန်းခြင်း၊ ရေတွင်းရေကန်အဟောင်းများကို ပြုပြင်လှူဒါန်းခြင်း စတဲ့ကုသိုလ်မျိုးပါ။ အဲ့လောက်အထိ မလုပ်နိုင်သေးဘူးဆိုရင် မိမိအိမ်ရှေ့မှာသော်လည်းကောင်း၊ လမ်းထောင့်တစ်နေရာရာမှာသော်လည်းကောင်း ရေအိုးစင်လေးဆောက်ပြီး သောက်ရေအိုးလေး တည်ထားမယ်ဆိုရင် အဲ့ဒီကုသိုလ်အတိုင်း အကျိုးကျေးဇူးရနိုင်ပါတယ်။ ဒါလည်း မလုပ်နိုင်သေးဘူးဆိုရင် အောက်ထစ်ဆုံးအနေနဲ့ ရေသန့်ဘူးလေးနဲ့ ခွက်ကလေးချပြီး ဖင်ထိုင်ခုံတစ်လုံးပေါ်မှာ တည်ထားပြီး ခရီးသွား ရဟန်း ရှင် လူအပေါင်းတို့ သောက်သုံးဖို့တည်ထားမယ်ဆိုရင် အဲ့ဒီဒါနဟာ ငွေကြေးနဲ့တိုင်းတာလို့ သေးပေမယ့် ရရှိမယ့်အကျိုးကျေးဇူးကတော့ အပါယ်လေးပါးကတောင် လွတ်မြောက်နိုင်ပါတယ်။

ဒီကုသိုလ်(၇)မျိုးစလုံးဟာ သောတာပန်များရဲ့ အပါယ်လေးပါးမှ လွတ်ကင်းသလို ပုထုဇဉ်တွေမှာလည်း လွတ်မြောက်နိုင်တယ်လို့ မြတ်ဗုဒ္ဓက အဘိဓမ္မာကျမ်းတွေမှာလည်း ဟောကြားခဲ့ပါတယ်။ မသိသေးသူများ ရှိပါကလည်း သိပြီးသူများက တဆင့်ပြန်လည် ပြောကြားပေးဖို့ မေတ္တာရပ်ခံပါရစေ။ ဤကုသိုလ်(၇)မျိုးထဲမှ တစ်မျိုးသော်လည်းကောင်း၊ နှစ်မျိုးသော်လည်းကောင်း၊ ၇-မျိုးစလုံးကိုသော်လည်းကောင်း အမြဲတမ်း ပြုလုပ်သွားမယ်ဆိုရင် မြတ်စွာဘုရားက သောတာပန်ပုဂ္ဂိုလ်နဲ့အလားတူပြီး အပါယ်လေးပါးက လွတ်မြောက်နိုင်တယ်လို့ အတိအလင်းဟောကြားခဲ့ပါတယ်။ တစ်ကြိမ်လောက်လုပ်ရုံနဲ့တော့ မလွတ်မြောက်နိုင်ဘူးဆိုတာကိုလည်း သတိပြုစေချင်ပါတယ်။ "နိဗဒ္ဓ"ဆိုတဲ့ပါဠိက ပါနေတော့ အမြဲတမ်းဝတ်ထားပြီး ပြုလုပ်ရမှာဖြစ်တယ်။ ဒါမှလည်း သေခါနီးအချိန် ဂတိနိမိတ်တွေ ကောင်းမှာ။ ဒါ့ကြောင့် အပါယ်လွတ်ချင်သူများအနေဖြင့် ဤ(၇)ချက်ကို ကျင့်ကြံပွားများ အားထုတ်နိုင်ကြပါစေလို့ မေတ္တာပို့သ ဆုတောင်းပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: ဓမ္မအမြင်ခရီးဖြင့် ခရီးသွားနေသော Yarzar

Latest Comments

Leave a Comment

Related News