အပန်းဖြေခရီးမှာ ဓာတ်ပုံအတွက် ကိုယ်ဟန်ပြနေတုန်း ငါးမန်းအကိုက်ခံရတဲ့ မော်ဒယ်

ငါးမန်းကိုက်ခံရလို့ ကထရီးနား အင်တာနက်မှာ နာမည်ကြီးသွား
ဘဟားမား ကျွန်းစုထဲက အဇူမာ ကျွန်းဟာ သဲသောင်ဖြူတွေ ပေါလို့ နာမည်ကြီးပါတယ်။
ကြည်လင်တဲ့ ပင်လယ်ရေနဲ့ ကမ်းခြေအလှကြောင့်လည်း ဓာတ်ပုံ အလှရိုက်စရာ နေရာအဖြစ် လူကြိုက်များပါတယ်။
မော်ဒယ် ကထရီးနား ဇာရုစကီးနဲ့ သူ့ရည်းစားတို့ ကျွန်းကို အရင်လက သွားလည်ချိန်မှာတော့ ရှုခင်းတွေကို ကျေနပ်မဆုံး ဖြစ်ခဲ့ပါတယ်။
စတန်နီယယ်ကီးလို့ ထင်ရှားတဲ့ နေရာမှာ နေ့လယ်စာ စားအပြီးမှာ ရေငုပ်နေတဲ့သူတွေ၊ နောက် ငါးမန်းအုပ်နဲ့ ဆော့ကစားနေသူတွေကို ကထရီးနား သွားတွေ့ပါတယ်။
ရည်းစားနဲ့ မိသားစုဘက်က သတိပေးတဲ့ကြားက ရေထဲဆင်းပြီး ငါးမန်းတွေနဲ့ ဓာတ်ပုံရိုက်ဖို့ ကထရီးနား ကြိုးစားပါတယ်။
'ပင်လယ်ရဲ့သမီးပျို'
၁၉ နှစ်သမီး ကထရီးနားဟာ မိုင်ယာမီမှာ သူနာပြုနဲ့ စီးပွားရေး နှစ်ဘွဲ့ယူခဲ့သူ ဖြစ်ပါတယ်။ ငယ်ကတည်းက ကယ်လီဖိုးနီးယားမှာ ရေကူးကစားလာခဲ့သူမို့ သမုဒ္ဒရာနဲ့ အစိမ်းသက်သက် မဟုတ်ပါဘူး။
ရေလွှာလျှောစီး၊ ရေငုပ်ခဲ့တဲ့ အတွေ့အကြုံအရ ဒီငမန်းမျိုးတွေဟာ အင်မတန် စိတ်ချရတယ် ဆိုတာ သိပါတယ်လို့လည်း သူက ဘီဘီစီကို ပြောပါတယ်။
လူတွေ ဒီငါးမန်းတွေနဲ့ ရိုက်ထားတဲ့ ပုံတွေကို အင်စတရာဂရမ် ဆိုက်မှာ အများကြီး တွေ့ဖူးပါတယ် လို့လည်း ဆိုပါတယ်။
ဆိပ်ကမ်းနားမှာ တဝဲလည်လည် နေတတ်တဲ့ ဒီငါးတွေနဲ့ ဓာတ်ပုံရိုက်ပြီး အင်တာနက်မှာ တင်ကြလို့ ကမ္ဘာလှည့် တွေအတွက် စွဲဆောင်စရာ ဖြစ်လာပါတယ်။
ဓာတ်ပုံတွေ ရိုက်နေတုန်းမှာ အနားက လူတယောက်က ကမ်းပေါ်ကနေ သူ့ကို ရေထဲ ဖော့လှဲပြီး ဓာတ်ပုံရိုက်ကြည့်ဖို့ ပြောပါတယ်။
ကျွန်မလည်း လှဲလိုက်ရော စက္ကန့်ပိုင်းမှာပဲ အောက်ကို ဆွဲချခံရတယ်လို့ ကထရီးနားက ပြန်ပြောပြပါတယ်။
သူ့ကောင်လေး အဖေက သူ့ကို ဓာတ်ပုံရိုက်နေတဲ့အချိန်မှာပဲ ဖြစ်သမျှ အကုန်လုံး မှတ်တမ်းတင်မိသား ဖြစ်သွားပါတယ်။
ငါးမန်းကိုက်ခံရတဲ့အချိန်ကို ရိုက်ထားမိ
ရေအောက်မှာ အသက်ဘေးအတွက် အလွတ်ရုန်း
အကိုက်ခံရတဲ့ လက်ကို လေထဲမြှောက်ထားရ
ငါးမန်းက သူ့ကို ရေအောက်မှာ ခဲထားတုန်း လက်ကောက်ဝတ်ကို အနာခံပြီး လွတ်အောင် ရုန်းရပါတယ်။
ဒဏ်ရာကို ချက်ချင်း လက်နဲ့အုပ်ထားပြီး သွေးထွက်တာ ရပ်အောင် လက်ကို မြှောက်ထားတာကို ပုံတွေက ပြနေပါတယ်။
ဒါမှ ရေထဲ သွေးတွေ ရောက်မကုန်မှာပါ။
ဒီအချိန်မျိုးမှာ လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ အဒရီနယ်လင်း ဟော်မုန်းတွေကြောင့် စိတ်ပူပန်လာလိမ့်မယ်၊ ကျွန်မကတော့ တည်တည်ငြိမ်ငြိမ်နေခဲ့ပါတယ် လို့လည်း ပြောပါတယ်။
လန့်ပြီး အော်ဟစ်နေမယ် ဆိုရင် အခြေအနေ ပြောင်းသွားနိုင်တယ် လို့လည်း ဆိုပါတယ်။
ဒဏ်ရာတွေကို ချုပ်ပြီး ပဋိဇီဝဆေးတွေ သောက်နေရပါတယ်။ ခုချိန်ထိ ဒဏ်ရာမှာ ငါးမန်းသွားအစတွေ ကပ်ကျန်နေပါတယ်။
ဒဏ်ရာက အမာရွတ် ကျန်ခဲ့မှာပါ။ အခြေအနေ ပိုမဆိုးသွားခဲ့တာကိုပဲ မော်ဒယ်က ကျေနပ်နေပါတယ်။
ငါးမန်းသွားစ ဝင်နေတာ ဖယ်ဖို့စောင့်
သူ့သတင်းက အမေရိကန် မီဒီယာတွေမှာ ပါလာတော့ ကထရီးနားကို လူမှုကွန်ယက်တွေမှာ နောက်ကလိုက်လာတဲ့ ပရိသတ်အသစ် မှတ်ချက်အသစ်တွေ အများကြီး တွေ့လာပါတယ်။
မကောင်းမြင်နဲ့ ပုတ်ခတ်ရေးတာတွေလည်း အများကြီးပါ။
'ဉာဏ်မရှိတဲ့ မော်ဒယ်ဂဲလ်'
သူ့ကို လူမှုကွန်ယက် အသုံးစွဲလွန်းပြီး နမော်နမဲ့ နိုင်တဲ့သူလို့ မှတ်ချက်ချခံရတာကို စိတ်မကောင်း ဖြစ်ပါတယ်။ သူ့အကြောင်းကို သတင်းထောက်တွေ လာမေးတော့မှ ဒီပုံတွေကို တင်ဖို့ စဉ်းစားမိတာပါ။
ငါးမန်း အစားကျွေးချိန်မှာ ရေထဲဆင်းတယ်၊ ဒေသခံတွေ ပြောတာ နားမထောင်ဘူး ဆိုတဲ့ စွပ်စွဲချက်တွေ ကိုလည်း သူက ငြင်းဆိုပါတယ်။
သိသမျှနဲ့ သူတို့လိုရာ ဆွဲရေးနေကြတာလို့လည်း ကထရီးနားက ပြောပါတယ်။
အင်မတန် ဆိုးရွားတဲ့ အမုန်းတရား မှတ်ချက်တွေ ရတယ်လို့လည်း ပြောပါတယ်။
ဒီလို ပြောပိုင်ခွင့်က အင်တာနက် အခွင့်အရေးလားလို့လည်း မေးခွန်းထုတ်ပါတယ်။
ကထရီးနားနဲ့ ရည်းစား နီကိုလိုတို့ လူမှုကွန်ယက်က တိုက်ခိုက်မှုတွေ ဖျက်နေရ
သူကြုံခဲ့ရတဲ့ အဖြစ်ကြောင့် သူများတွေ ဒီနေရာကို သွားမလည်ရဲအောင် ဖြစ်သွားမှာကို ကထရီးနားက မလိုလားပါဘူး။
အဇူမာ ကျွန်းဟာ သူရောက်ဖူးသမျှ အလှဆုံး နေရာတခုပါ လို့လည်း ပြောပါတယ်။
သမုဒ္ဒရာကို ကျွန်မ လန့်မသွားပါဘူး၊ ပိုပြီးတောင် ချစ်လာပါတယ်လို့ ကထရီးနားက ဆိုပါတယ်။
သူက အရိုင်း တိရစ္ဆာန်ပဲ၊ ရည်ရွယ် ကိုက်တာ မဟုတ်ပါဘူး။ ဒီငါးမန်းတွေဟာ ထိန်းလို့ရတဲ့ အနေအထား မဟုတ်ဘူးဆိုတာ ရေသွားကူးသူတိုင်း သိထားဖိုလိုတယ် လို့လည်း ဆိုပါတယ်။
BBC Burmese
https://www.bbc.com/burmese
Latest Comments
Leave a Comment