Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက်ပိုင်း ပါကစ္စတန်သို့ ပထမဆုံးအကြိမ် မာလာလာ ပြန်လာ

Image



သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှု ကြုံခဲ့ရသည့်နောက်ပိုင်း မာလာလာ ယူဆွတ်ဖ်ဇိုင်သည် ပထမဆုံးအကြိမ်အဖြစ် ပါကစ္စတန် နိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

မတ် ၂၈ ရက် ညပိုင်းတွင် အသက် ၂၀ အရွယ်ရှိ မာလာလာသည် အစ္စလာမ်မာဘတ် မြို့တော်သို့ ရောက်ရှိလာကြောင်း သိရသည်။ သို့သော် လုံခြုံရေးအရ သူမ၏ ခရီးစဉ် အသေးစိတ် အချက်အလက်များကို အစိုးရက မထုတ်ပြန်ခဲ့ချေ။

မာလာလာသည် ဆယ်ကျော်သက် ကျောင်းသူဘဝ ကတည်းက မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရေးအတွက် တက်ကြွစွာ တောင်းဆို လှုပ်ရှားခဲ့ရာမှ တာလီဘန်တို့၏ ရန်ညှိုးဖွဲ့ခြင်းကို ခံခဲ့ရသည်။ ၂၀၁၂ တွင်မူ တာလီဘန် သေနတ်သမား တစ်ဦးက မာလာလာကို အနီးကပ် ပစ်ခတ် လုပ်ကြံခဲ့ရာ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

ထိုစဉ်ကတည်းက မာလာလာသည် ဗြိတိန်သို့ ပြောင်းရွှေ့ကာ ဆေးဝါးကုသမှု ခံယူခဲ့ပြီး အခြေချ နေထိုင်လျက် ရှိသလို ပါကစ္စတန်သို့လည်း လုံးဝ ပြန်မလာဖြစ်ခဲ့ချေ။ ယခုတစ်ကြိမ် မွေးရပ်သို့ ပထမဆုံး ပြန်လာရာတွင် သူမသည် ပါကစ္စတန် သမ္မတ ရှာဟစ်ဒ်ခါကန် အက်ဘာဆီနှင့် တွေ့ဆုံရန်လည်း စီစဉ်ထားသည်။

တာလီဘန်တို့၏ ခြိမ်းခြောက်မှုကို စိုးရိမ်ရသဖြင့် မာလာလာ၏ ခရီးစဉ်ကို လျှို့ဝှက်ထားရာ သူမ၏ ဇာတိဒေသဖြစ်သော ဆွက်တောင်ကြားသို့ ပြန်သွားရန် ရှိမရှိကိုလည်း မသိရသေးချေ။

မာလာလာသည် ဖိနှိပ်ခံ လူငယ်များ၏ဘဝ လွတ်မြောက်ရေးအတွက် အနစ်နာခံ လှုပ်ရှားခဲ့ခြင်းကြောင့် ၂၀၁၄ ခုနှစ်၏ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုကိုလည်း ဆွတ်ခူး ရရှိခဲ့သည်။ သူမသည် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိသူများအနက် အသက်အငယ်ဆုံး အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ပါကစ္စတန်တွင် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း စစ်ဆင်ရေးများ အရှိန်မြှင့်တင် ဆောင်ရွက်ပြီး တာလီဘန်တို့ကို တိုက်ခိုက်နေသည့်တိုင် အဆိုပါ စစ်သွေးကြွ အဖွဲ့၏ လှုပ်ရှားမှုများ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

Ref: BBC

ဖိုးသူတော် (www.phothutaw.com)

Credit: 7Day

Latest Comments

Leave a Comment

Related News