Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သရဲအကြောင်း သောင်းပြောင်းထွေလာ

Image



မြန်မာပြည်မှာ သရဲဇာတ်လမ်းတွေက နားထောင်လိုက်ရင် ကိုယ်တိုင် အခြောက်ခံရတဲ့ ဇာတ်လမ်းက နည်းတယ်ကွ၊ သူတစ်ပါး အခြောက်ခံရတာကို ပြန်ပြောတာက များတယ်။

သရဲဆိုတာ မရှိဘူးလို့ ငါမပြောပါဘူးကွာ၊ ဘုရားဟောထဲမှာ ပေတဝထ္ထုဆိုတာ ပါတယ်၊ အဲဒါ သရဲ အကြောင်းပဲ၊ အဲဒါကို မယုံဘူးဆိုရင် ဘုရားဟောကို မယုံဘူး ဆိုတာ ဖြစ်သွားမှာပေ့ါကွာ၊ ပြီးတော့ ယောမင်းကြီးဦးဖိုးလှိုင်လို ပညာရှိကလည်း ‘တစ္ဆေတ္တဒီပနီ’ဆိုတဲ့ သရဲတစ္ဆေ ရှိကြောင်းကို ခိုင်မာတဲ့ ကျမ်းတစ်အုပ် ရေးသွားခဲ့ဖူးတယ်၊ အဲဒီတော့ ဒီလောကမှာ သရဲတစ္ဆေ မရှိဘူး ဆိုတာ ပြောလို့ ဘယ်ဖြစ်မှာလဲကွာ၊ ပညာရှိ ပြောတဲ့ စကားကို မယုံသလို ဖြစ်တော့မှာပေါ့။

နေ့စဉ်နေ့တိုင်း အချိန်မှန်မှန် ပြုလုပ်ခဲ့တဲ့ သင်္ခါရအမှုတွေဟာ Wave အဖြစ် ကျန်ခဲ့တယ်၊ သူမရှိပေမယ့် အဲဒီ သင်္ခါရအမှုတွေဟာ အရှိန်ရပြီး ဆက်လက် လှုပ်ရှားတာပေ့ါကွာ၊ အဲဒါကို မသိတဲ့လူက သရဲ ခြောက်သလို အောက်မေ့ရတယ်၊ အမှန်က သရဲ မဟုတ်ဘူး။

တောထဲမှာ သစ်ပင်နှစ်ပင် ကပ်လျက် ပေါက်နေတယ်၊ အဲဒီသစ်ပင်နှစ်ပင်ရဲ့ သစ်ကိုင်းနှစ်ကိုင်းဟာ တစ်ကိုင်းနဲ့ တစ်ကိုင်း ကပ်လျက် ထိနေကြတယ်၊ လေတိုက်တဲ့ အခါတိုင်းမှာ တစ်ကိုင်းနဲ့တစ်ကိုင်း ပွတ်ကြိတ်ပြီးတော့ ကျွီကျွီနဲ့ မြည်တယ်ကွ၊ နှစ်ပေါင်းများစွာ မြည်လာတယ် ဆိုပါတော့ကွာ၊ တစ်နေ့မှာ သစ်ခုတ်သမားက အဲဒီသစ်ပင် နှစ်ပင်လုံးကို ခုတ်ပစ်လိုက်တယ်၊ တစ်ပင်က မန္တလေးသစ်ခွဲစက်ကို ပါသွားတယ်၊ တစ်ပင်က ရန်ကုန် သစ်ခွဲစက်ကို ပါသွားတယ်၊ မန္တလေးကို ပါသွားတဲ့ သစ်သားကလဲ အိမ်လဲ ဆောက်ပြီးရော တကျွီကျွဲိနဲ့ မြည်တော့တာပဲ၊ ရန်ကုန်မှာ ဆောက်တဲ့ အိမ်ရဲ့ သစ်သားကလဲ တကျွီကျွီနဲ့ မြည်တော့တာပဲ အဲဒါကို မသိတဲ့ လူတွေက သစ်ခြောက်လို့ ပြောနေကြတာ၊ အမှန်က သစ်ကိုင်းနှစ်ကိုင်း နှစ်ပေါင်းများစွာ ပွတ်ကြိတ်ပြီး မြည်လာတဲ့ အသံဟာ Wave အဖြစ်နဲ့ ဆက်ပြီး မြည်ေနေတာ၊ ဘာသရဲမှ မဟုတ်ဘူး။

တို့လူမျိုးတွေဟာ သရဲနဲ့ တစ္ဆေကို ခွဲပြီး နားမလည်ဘူးကွ၊ သရဲခြောက်တာကို တစ္ဆေခြောက်တယ်လို့ ပြောလိုပြော၊ ခွဲခွဲခြားခြား မသိကြဘူး၊ ခေါက်ဆွဲထုပ် ဆွဲပြီး အိမ်ပြန်လာတာ ထန်းပင်ကြီးနားလဲ ရောက်ရော၊ သရဲက ခေါက်ဆွဲထုပ်ကို ဆွဲလုလို့ ခေါက်ဆွဲထုပ် ပါသွားတယ် ပြောလိုပြော၊ သရဲ ဆိုတာ အင်္ဂလိပ်လို Ghost လို့ ခေါ်တာ၊ သူက ဘာမှ ထိလို့ ကိုင်လို့ မရဘူး၊ တစ္ဆေကတော့ အင်္ဂလိပ်လို Devil လို့ ခေါ်တယ် ထိလို့ ကိုင်လို့ ရိုက်လို့ နှက်လို့ ရတယ်၊ တစ္ဆေတ္တ ဆိုတဲ့ ပါဠိစကားဟာ ရိုက်ပုတ်နှိပ်စက်တယ်လို့ အဓိပ္ပါယ် ရတယ်။ ပြီးတော့ သဘက်ဆိုတာ ရှိသေးတယ်ကွ၊ သူကတော့ အပျင်းကြီးတစ္ဆေမျိုးပဲ။ နောက်ပြီးတော့ ပြိတ္တာဆိုတာ ရှိသေးတယ်။ သူကတော့ ငတ်ကြီးကျ တစ္ဆေတစ်မျိုးပဲ။

ပြောရဦးမယ်၊ အဲဒါကတော့ မြေဘုတ်ဆိုတဲ့ အကြောင်းပဲ၊ ဒီကောင်က လူတွေ ဘာတွေ ချော်လဲတဲ့အခါ ခြေထောက်ကို လာပြီး ဖိထားတတ်တဲ့ မကောင်းဆိုးဝါးပဲ၊ သူ့ကို အင်္ဂလိပ်လို အာ့သ်စွမ်း လို့ ခေါ်တယ်၊ တို့မြန်မာ တွေကတော့ မြေဘုတ်ဘီလူး ဆိုပြီး ခေါ်တယ်။

သရဲလည်း မဟုတ်၊ နတ်လည်း မဟုတ်တဲ့ နတ်ပြာနတ်မွဲ နတ်ဆင်းရဲ ဆိုတဲ့ ကောင်လဲ ရှိသေးတယ်ကွ၊ သူ့ကိုလဲ ချမ်းလို့ ခေါ်တယ်၊ အဲဒီကောင်က တော်တော် နောက်တီးနောက်တောက် နိုင်တယ်၊ ပစ္စည်းတွေဘာတွေ ကျပျောက်ရင် သူက လက်နဲ့ အုပ်ထားတယ်၊ တအောင့်လောက် ကြာမှ ထုတ်ပေးတယ်၊ မှင်စာ အသေးစားလေးပေါ့ကွာ။

မုန့်သည်တွေ အထူးသဖြင့် ဘိန်းမုန့် ခေါက်မုန့်တို့ လုပ်တဲ့ မုန့်သည်တွေ ပထမဆုံး မုန့်သေးသေးလေး လုပ်ပြီး ဖိုပေါ်မှာ တင်မြှောက်တာ တွေ့ဖူးတယ်မှလား၊ အဲဒါ ဖိုစောင့်နတ်ပေ့ါကွာ၊ အဲဒီဖိုစောင့်နတ်ကလဲ မကောင်းဆိုးဝါးပါပဲ။ ရွာတွေ ဘာတွေ ဖန်ဆင်းပြီး အုပ်စုနဲ့ ခြောက်တဲ့ သရဲတစ္ဆေတစ်မျိုး ရှိသေးတယ်ကွ၊ မြန်မာလို ကြပ်လို့ ခေါ်တယ်၊ အင်္ဂလိပ်လို ဘရောင်နီလို့ ခေါ်တယ်။

သရဲခြောက်တယ်လို့ ပြောတဲ့ နေရာတွေမှာ ဒိုင်နမိုတစ်လုံး သွားထားပေးလိုက်ပါဗျာ၊ ပြီးတော့ အဲဒီဒိုင်နမိုကို မောင်းပေးလိုက်စမ်းပါ၊ သရဲခြောက်တယ် ဆိုတဲ့ သတင်းဟာ တစ်မုဟုတ်ချင်း ပျောက်သွား လိမ့်မယ်။

ရာဇဝင်မှာ ပါတဲ့ သူရဲကောင်း ဥဒိန်ကျော်ခေါင်ဟာ သရဲဖြစ်သွားတယ် ဆိုပေမယ့် သရဲဘဝနဲ့ကို စစ်တွေ ဝင်ပြီး တိုက်ပေးတယ်တဲ့၊ အဲဒါကြောင့် ဘုရင်က လူစွမ်းသူရဲကောင်းတွေကို ဆုချီးမြှင့်တဲ့အခါမှာ သူ့ကိုပါ ဆုတံဆိပ်တွေ ချတယ်လို့ ကြားဖူးတယ်။ ကြားဖူးတယ် ဆိုတာက ယောမင်းကြီးဦးဖိုးလှိုင် ရေးတဲ့ တစ္ဆေတ္တဒီပနီမှာ အတိအလင်း ဆိုထားတယ်။

(ဆရာကြီးမင်းသိင်္ခ ရဲ့ ဆားပုလင်းနှင်းမောင်နှင့် ဘုမ္မဝတီအရှုပ်တော်ပုံဝထ္ထုကနေ ပြန်လည် ကောက်နုတ် တင်ပြတာ ဖြစ်ပါတယ်)

ဖိုးသူတော် (www.phothutaw.com)

Credit: ဗေဒင်သုတ

Tags:
  • ,

Latest Comments

Leave a Comment