Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သပိတ်ကျင်းတွင် ရိုက်ခံရသောကျောင်းဆရာများ အမှုဖွင့်မည်

Image



(ရန်ကုန်) — မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာတွင် ကျောင်းဆရာတချို့ လမ်းဘေးတွင် ဂစ်တာတီးနေစဉ် ရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ဝင်ရောက်ရိုက်နှက်မှုနှင့် ပတ်သက်ပြီး ရဲစခန်းသို့ သွားရောက်တိုင်ကြားမည်ဟု ရိုက်နှက်ခံရသည့် ကျောင်းဆရာတစ်ဦးက မေ ၂၂ ရက်နေ့တွင် ပြောသည်။

မူလတန်းကျောင်းဆရာများမှာ ၁၆ ရက်ကြာ ပညာရေးဆိုင်ရာ သင်တန်းတစ်ခုကို တက်ရောက်နေသူများဖြစ်သည်ဟု ဆိုသည်။

မေ ၂ဝ ရက်နေ့ည ဆယ်နာရီဝန်းကျင်တွင် သင်တန်းတက်နေသူများထဲမှ ၁၃ ဦး ဂစ်တာတီး သီချင်း ဆိုနေကြစဉ် ရွာအုပ်ချုပ်ရေးမှူး အပါအဝင် ခြောက်ယောက်ခန့်က သွားရောက် ဟန့်တားခဲ့ကြောင်း သိရသည်။ ညအချိန် ဆူညံခြင်း မပြုရန် ပြောကြားသောအခါ ကျောင်းဆရာတို့က တောင်းပန်ပြီး ထိုနေရာမှာ ထွက်ခွာသွားကြသည်ဟု ဆိုသည်။

နောက်ဆုံးကျန်ရစ်သော ကျောင်းဆရာ ၃ ဦးနှင့် ရွာအုပ်ချုပ်ရေးအဖွဲ့တို့ အငြင်းပွားမှုဖြစ်ပွားပြီး ထိုးကြိတ်ရိုက်နှက်ခံရသည်။

“ဆိုင်ကယ်မောင်းလို့ တစ်လှိမ့်နှစ်လှိမ့် မောင်းထွက်နေပြီ။ အဲ့ဒါကိုမှ သူတို့က ကန်လှဲပစ်လိုက်တာ။ သော့တွေလည်း ဆွဲနုတ်၊ ပြီးတော့ ဝင်ပြီးတော့ထိုးကြတာပဲဗျာ။ ကျွန်တော်တို့ စကားမှားခဲ့ရင်တောင် ကျေးရွာအုပ်ချုပ်ရေးမှူးအနေနဲ့ အခုလို မလုပ်သင့်ပါဘူး” ဟု ကျောင်းဆရာတစ်ဦးက ပြောသည်။

ဦးခေါင်း၊ မျက်နှာ အပါအဝင် ခန္ဓာကိုယ်နေရာတချို့တွင် ဒဏ်ရာရရှိသွားသည့် ဒုတိယတန်းသင်ကျောင်းဆရာ သုံးဦးကို လက်ထိပ်နောက်ပြန်ခတ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားသည်။

ရုံးခန်းရှိ ကြမ်းပြင်ပေါ်တွင်ထိုင်စေပြီး 'ဘာဆရာတွေလဲ။ ကကြီး ခကွေး၊ အေ ဘီ စီ လောက် တတ်တဲ့ ဆရာတွေ၊ …. ငါက သံပုံးတီးလိုက်ရင် တစ်ရွာလုံးထွက်လာရင် မင်းတို့အရိုးတခြား အသားတခြား ဖြစ်သွားမယ်' ဟု ပြောခဲ့ကြောင်း ကျောင်းဆရာများက ရှင်းပြသည်။ အုပ်ချုပ်ရေးမှူးလက်ထဲတွင် တုတ်နှစ်ချောင်းကို သံကြိုးဖြင့်ဆက်ထားသည့် နံချပ်ကူ ရှိနေသည်ဟု ဆိုသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဆက်သွယ်သည့်အခါ အုပ်ချုပ်ရေးမှူးက မှတ်ချက်ပေးခြင်း၊ ဖြေကြားခြင်း မပြုပေ။

ဇရပ်ကွင်းကျေးရွာ နယ်မြေရဲကင်းမှ ရဲအုပ် မျိုးမင်းလွင်က အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် ဖြေရှင်းပေးစဉ် ကျောင်းဆောင်ရှေ့ဂစ်တာတီးနေသည့် အချိန်မှာ ညကိုးနာရီကျော်ပြီဖြစ်ကြောင်း၊ ရွာတွင် အနယ်နယ်မှ ရွှေတွင်းတူးလုပ်သားများစွာရှိသဖြင့် ညဘက် ဆူညံခြင်း ခွင့်မပြုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

“ဒီကောင်တွေ သောင်းကျန်းတယ်၊ လက်ထိပ်ခတ်၊ လက်ထိပ်ခတ်ဆိုပြီး အုပ်ချုပ်ရေမှူးက ခတ်ခိုင်းလို့ ခတ်ထားတယ် ဆိုပြီး ကျွန်တော့်ဆီ ရဲဘော်လေးတွေက ဖုန်းဆက်တယ်။ ကျွန်တော်လည်း မင်းတို့ အခုချက်ချင်း လက်ထိပ်ဖြုတ်ထား ဆိုပြီး အုပ်ချုပ်ရေးမှူးရုံးကို လိုက်သွားတာဗျ။ အမှုဖွင့်တာ မဟုတ်တော့ သူတို့ကို စစ်ဆေးလို့မရဘူး။ သူတို့ပြောတဲ့ လက်နက်တွေ၊ ဘာတွေလည်း ကျွန်တော်တော့ မမြင်မိဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ် ဥက္ကဋ္ဌက ထိုဖြစ်ရပ်သည် ဥပဒေမဲ့လုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။

“ဒါဟာ ဆရာလောကကို ဥပဒေမဲ့ ခြိမ်းခြောက်တာဖြစ်ပါတယ်။ ရိုက်နှက်ခံရတဲ့ ကာယကံရှင်ဆရာတွေကတော့ ရာဇဝတ်ကြောင်းအရ တရားစွဲလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဥပဒေကြောင်းအရ အရေးယူဖို့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်နေတယ်” ဟု အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်မျိုးလှိုင်က Myanmar Now သို့ ပြောသည်။

ထိုကျောင်းဆရာများသည် ဇရပ်ကွင်းကျေးရွာတွင်ဖွင့်လှစ်သော ၁၆ ရက်ကြာသင်တန်းကို တက်ရောက်နေသူများဖြစ်ပြီး သင်တန်းအစီအစဉ်ကို ဖျက်သိမ်းခြင်း မရှိကြောင်း သပိတ်ကျင်းမြို့နယ် ပညာရေးမှူး ဦးခင်မောင်သောင်းက ပြောသည်။

ဝင်းနန္ဒာ/Myanmar Now

Myanmar Now

https://www.facebook.com/myanmarnownews







Latest Comments

Leave a Comment

Related News