Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

သတိပြုဖွယ်ရာ အမျိုးသမီး မျိုးပွားအင်္ဂါ ကင်ဆာများ

Image



အမျိုးသမီးတွေဟာ မျိုးပွားအင်္ဂါ ကင်ဆာဖြစ်ပြီဆိုတာနဲ့ မိန်းမအင်္ဂါလက္ခဏာများ ဆုံးရှုံးမှာ၊ ကလေး မမွေးနိုင်တော့မှာကို တွေးပူကြောက်ရွံ့တတ်ကြပါတယ်။

ဒါပေမဲ့ အမျိုးသမီး မျိုးပွားအင်္ဂါကင်ဆာ အထူးကုဆရာဝန်ကြီးရဲ့ အဆိုအရတော့ ဒီကင်ဆာတွေ ဖြစ်နှုန်းဟာ အသည်းကင်ဆာ၊ အူမကြီးကင်ဆာတွေလောက် အဖြစ်မများဘဲ ဖြစ်လာရင်လည်း ကုသရ လွယ်ကူတယ်လို့ ဆိုကြပါတယ်။

အရေးအကြီးဆုံး အမျိုးသမီး မျိုးပွားအင်္ဂါကင်ဆာ 4 မျိုး ရှိပါတယ်။

1. သားအိမ်ကင်ဆာ

သားအိမ် အတွင်းသားနံရံတွေမှာဖြစ်တဲ့ ကင်ဆာဖြစ်ပြီး   အမျိုးသမီး မျိုးပွားအင်္ဂါကင်ဆာတွေထဲမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ စောစော သိနိုင်တာကြောင့် 80 - 90 ရာခိုင်နှုန်းလောက်ဟာ ပြန်လည်ကောင်းမွန်လာတတ်ပါတယ်။

 ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ မသိရသေးပေမယ့် အများစုမှာ estrogen နဲ့ progesterone လို့ခေါ်တဲ့ ဟော်မုန်းမမျှတလို့ ဖြစ်တတ်ပါတယ်။

သားအိမ်ကင်ဆာဖြစ်သူ အမျိုးသမီး 90% မှာ သွေးဆုံးပြီးနောက် ပုံမမှန် သွေးဆင်းတာမျိုးနဲ့ လာတတ်တာကြောင့် ကင်ဆာဖြစ်နေကြောင်း စောစောသိနိုင်ပါတယ်။

စမ်းသပ်စစ်ဆေးမှု အမျိုးမျိုးပြုလုပ်ပြီး ရောဂါကို ဖော်ထုတ်နိုင်ပါတယ်။

သားအိမ် ခွဲစိတ်ဖြတ်တောက်ခြငး်က သားအိမ်ကင်ဆာအတွက် အဓိကကုထုံးဖြစ်ပြီး ဓာတ်ကင်ကုသခြင်း၊ ဟော်မုန်းကုသခြင်း၊ ဆေးသွင်းကုသခြင်းများနဲ့လည်း ကုသနိုင်ပါသေးတယ်။ သားအိမ်ကင်ဆာ မဖြစ်ရလေအောင် တားဆေးသောက်ခြင်း၊ ကိုယ်အလေးချိန် ချခြင်း၊ ဆီးချိုထိန်းခြင်း စတာတွေနဲ့ ကာကွယ်နိုင်ပါတယ်။

2. သားဥအိမ်ကင်ဆာ

သေနိုင်လောက်အောင် ဆိုးတတ်ပေမယ့် ရှားပါတယ်။ အမေရိကမှာ တစ်နှစ်ကို အမျိုးသမီး 20000 လောက် ဖြစ်တတ်ကြောင်း သိရပါတယ်။ စောစောသိပြီး ကုသနိုင်ရင်တော့ 95 ရာနှုန်းလောက်ဟာ ကုသပျောက်ကင်းနိုင်ပေမယ့် 70 ရာနှုန်းသော ကင်ဆာတွေဟာ အချိန်လွန်မှ ရောက်လာတတ်ကြပါတယ်။

သားဥအိမ်ကင်ဆာဟာ အသက် 50 ကျော်မှာ ဖြစ်တတ်ပေမယ့် အသက် 35 နှစ်အောက် အမျိုးသမီးတွေမှာလည်း တွေ့ရတတ်ပါတယ်။

ဘာကြောင့်ဖြစ်ရတယ်ဆိုတာ သေချာမသိသေးပေမယ့် ရောဂါမျိုးရိုးရှိသူတွေမှာ သားဥအိမ်ကို ကြိုတင်ဖြတ်တောက်ထားဖို့ စဉ်းစားသင့်ပါတယ်။

သန္ဓေတားဆေး သောက်သူတွေဟာ သားကြောဖြတ်သူတွေထက်စာရင် အဖြစ်များပြီး အဆီအစိမ့် လျှော့စားခြင်းက ရောဂါဖြစ်နှုန်းကို လျော့နည်းစေတာကိုလည်း တွေ့ရပါတယ်။

သားဥအိမ်ကင်ဆာရဲ့ရောဂါလက္ခဏာများဟာ အခြားအသေးအမွှားရောဂါတွေနဲ့ သွားတူနေတဲ့အတွက် တော်ရုံသတိမပြုတတ်ကြပါဘူး။ သားဥအိမ်ကင်ဆာ ပုံမှန်စစ်ဆေးမှု မပြုလုပ်ထားမိရင် သူ့ရောဂါလက္ခဏာတွေကို အူ ပုံမမှန်တုံ့ပြန်ရောဂါ၊ အူရောင်ရောဂါ၊ သည်းခြေအိတ် ပုံမမှန်ရောဂါတွေနဲ့ မှားယွင်းကုသနေတတ်ပါတယ်။

မိန်းမကိုယ်အောက်ပိုင်းကို စမ်းသပ်ရာမှာ သားဥအိမ် ကြီးနေတာကို တွေ့ရရင်တော့ အခြားလိုအပ်တဲ့ သွေးစစ်ခြင်း၊ အာထရာောင်းဓာတ်မှန်ရိုက်ခြင်း စတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

အဓိကကုထုံးတွေကတော့ သားဥအိမ်နဲ့ ကင်ဆာတစ်သျှူးတွေကို ဖြတ်တောက်ပြီး အခြားဓာတ်ကင်တာ၊ ဆေးသွင်းတာ စတဲ့ ကင်ဆာကုသနည်းတွေနဲ့ ဆက်လက်ကုသရပါမယ်။

သတိပြုရမှာက ပုံမမှန် သွေးဆင်းတာ၊ ဗိုက်နာတာနဲ့ အခြား ပုံမမှန်လက္ခဏာတွေ တွေ့ရပါက ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။

3.သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာဟာ အရင်တုန်းက အမေရိကမှာ အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ သေချာစစ်ဆေးမှုတွေ၊ ကာကွယ်ဆေးတွေနဲ့ ရှာဖွေကုသကာကွယ်နိုင်ပြီ ဖြစ်တဲ့အတွက် တဖြည်းဖြည်းနဲ့ လျော့နည်းပြီ ဖြစ်ပါတယ်။ အသက် 9 နှစ်မှ 26 နှစ်အတွင်း အမျိုးသမီးများကို သားအိမ်ခေါင်းချွဲ စစ်ဆေးပြီး ကာကွယ်ဆေးထိုးပေးခြင်းဖြင့် တစ်နှစ်ကို သားအိမ်ခေါင်းကင်ဆာ 10000 အောက်သာ တွေ့ရတော့တယ်လို့ ဆိုပါတယ်။

ပုံမှန်စစ်ဆေးစမ်းသပ်မှု ခံယူမယ်ဆိုရင် ကင်ဆာ မပြောင်းမီကတည်းက စောစောသိ၊ စောစောကုနိုင်တဲ့အတွက် ကင်ဆာဖြစ်နှုန်း လျော့နည်းလာမှာပါ။

အသက် 21 နှစ်အရွယ်မှာ ပထမဆုံး သားအိမ်ခေါင်းချွဲ စစ်ဆေးကြည့်ပြီး ပုံမှန်အဖြေရပါက 3 နှစ်တစ်ခါပုံမှန် ဆက်လက်စစ်ဆေးသင့်ပါတယ်။ အသက် 30 နောက်ပိုင်း ရောက်တဲ့အခါ 5 နှစ်တစ်ခါမျှ ပြောင်းလဲစစ်ဆေးပေးနိုင်ပါတယ်။ အသက် 65 နှစ်ကျော်ပြီးနောက် သားအိမ်ခေါင်းချွဲ စစ်ဆေးမှု 3 ကြိမ်ဆက်တိုက် ပုံမှန်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း 20 အတွင်း ပုံမမှန်တာမျိုး မတွေ့ခဲ့ရဘူး ဆိုရင်တော့ ဆက်လက်စစ်ဆေးစရာ မလိုအပ်တော့ပါဘူး။

အတွင်းထဲထိ တိုးဝင်နေပြီဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာကို စောစော သိရှိခဲ့မယ်ဆိုရင် ရှင်သန်နှုန်း 5 နှစ်ခန့် ရှိပါတယ်။

သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တဲ့အချက်တွေကတော့ HPV ပိုးဝင်ခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ HIV ပိုးဝင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

အစောပိုင်း သားအိမ်ခေါင်းကင်ဆာတွေဟာ နာကျင်ခြင်းလည်း မရှိသလို ရောဂါလက္ခဏာလည်း မပြသတတ်ပါဘူး။ တဖြည်းဖြည်း ရောဂါဆိုးလာတော့မှသာ ပုံမမှန် သွေးဆင်းတာမျိုး ဖြစ်လာတတ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ အများစုဟာ မိန်းမကိုယ်အောက်ပိုင်း စမ်းသပ်မှုနဲ့ သားအိမ်ခေါင်းချွဲ စစ်ဆေးမှုတွေကနေ သိရတာဖြစ်ပြီး ကင်ဆာရောဂါနဲ့ တူနေပါက သေချာအောင် စစ်ဆေးမှုတွေ လုပ်ရပါမယ်။

ကုသမှုကတော့ ရောဂါအဆင့်၊ လူနာအသက်၊ ကျန်းမာရေးအခြေအနေ၊ ကလေးထပ်ယူ/မယူ စတာတွေအပေါ် မူတည်ပြီး ဓာတ်ကင်ခြင်း၊ ကင်ဆာဆေးသွင်းခြင်း၊ ခွဲစိတ်ခြင်း စတာတွေနဲ့ အဓိက ကုသနိုင်ပါတယ်။

4.မိန်းမကိုယ်ကင်ဆာ

မိန်းမကိုယ်နှုတ်ခမ်းသားမှာလည်း ကင်ဆာ ဖြစ်နိုင်ပါသေးတယ်။ မိန်းမကိုယ်ကင်ဆာဟာ အဖြစ်နည်းပြီး တော်ရုံ သတိမမူမိတတ်ကြပါဘူး။ ဒါပေမဲ့ စောစောသိခဲ့မယ်ဆိုရင် အလွယ်တကူ ကုသပျောက်ကင်းနိုင်ပါတယ်။ အသက်ကြီးတဲ့ အမျိုးသမီးတွေဟာ ပုံမှန်စမ်းသပ်စစ်ဆေးမှု သိပ်မလုပ်ကြတဲ့အတွက် ရောဂါသိချိန်မှာ ကင်ဆာပျံ့နေလေ့ ရှိပါတယ်။ အမေရိကန် ကင်ဆာအစည်းအရုံးရဲ့ အဆိုအရ မိန်းမကုယ်ကင်ဆာဟာ အမျိုးသမီးကင်ဆာရဲ့ 4 ရာခိုင်နှုန်းမျှ ရှိပါတယ်။

အသက် 70၊ 80 ဝန်းကျင် အမျိုးသမီးတွေမှာ အဖြစ်များပေမယ့် အသက်ငယ်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ HPV ပိုးဝင်ခြင်း၊ မိန်းမကိုယ် ကြွက်နို့ပေါက်ခြင်းနဲ့ သားအိမ်ခေါင်းချွဲ ပုံမမှန်ခြင်းတို့လည်း ပါဝင်ပါတယ်။

မိန်းမကိုယ် ကင်ဆာအများစုဟာ ဘာလက္ခဏာမှ မပြတတ်ပေမယ့် အများဆုံးကတော့ ဘယ်လိုကုတ်ကုတ် မသက်သာတဲ့ ယားယံမှုတွေနဲ့ လာလေ့ရှိပါတယ်။ ကင်ဆာလက္ခဏာ အများစုဟာ အခြားအခြေအနေတွေနဲ့လည်း တွဲနေနိုင်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး ကုသသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Dr. Mya Phoo Ngon (drmyanmar)

#

Latest Comments

Leave a Comment

Related News