Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

လူတိုင်းသိထားသင့်သော ရေခဲရေ (သေမင်း) အကြောင်း သိကောင်းစရာ

Image



လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ် ရေသန့်ဘူး ပေးလိုက်ရာ တစ်ရှိန်ထိုး မော့ချလိုက်ပြီးနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ပြင်ပ ဆေးရုံတစ်ခုသို့ ပို့လိုက်ရသည်ဟု သိရပါသည်။

နေပူထဲမှ ပြန်လာပြီး အိမ်ရောက်သည်နှင့် ရေခဲသေတ္တာထဲမှ ရေအေးအေး တစ်ပုလင်း ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သော ရက်ပိုင်းက မျက်စိများ နီရဲလာပြီး ခေါင်းကိုက်လာသဖြင့် ပြင်ပ ဆေးခန်းတစ်ခုတွင် သွေးချိန်ကြည့်ရာ အပေါ်သွေး 200 mm Hg တက်နေသဖြင့် ဦးနှောက်သွေးကြော ပေါက်နိုင်သောကြောင့် ဆရာဝန်က ဆေးရုံ တက်ခိုင်းလိုက်ရသည်ဟု သိရသည်။

ရာသီဥတု ပူပြင်းသဖြင့် ပြင်ပသို့ လုံးဝမထွက်ဘဲ အိမ်ထဲမှာနေရင်း ရေခဲရေကို Water Cooler စက်မှယူပြီး တစ်စွက်စွက်နဲ့ သောက်လေ့ရှိသော မိသားစုတစ်စု ရှိသည်။

သူတို့တစ်အိမ်လုံး မိတ်အိုင်းခေါ် မိတ်ဖု အပြင်လိုက် ထွက်ပြီး နီရဲနေသည်ကို တွေ့ရသည်။ ၂ နှစ် ၃ နှစ် အရွယ်ကလေးများမှာ ရေခဲရေ သောက်ပြီး ခေါင်းတွင် အပူဖုကြီးများ ထွက်ပြီး အချို့အဖုကြီးများမှာ ပြည်တည်ပြီး အနာကဲ့သို့ ဖြစ်နေသည်။

ရေခဲရေကို လေဖြင့် မှုတ်ပေးနေသည့် ပန်ကာ တစ်မျိုး Air Cooler ဝယ်ပြီး အသုံးပြုနေသူများမှာ မျက်နှာများ ရောင်အမ်းခြင်း၊ အရေပြားထူပြီး ယားနာများ ထွက်ခြင်းတို့ ဖြစ်ကြောင်း သတိထားမိလာသဖြင့် လေမှုတ် ပန်ကာထဲသို့ ရေခဲရေမထည့်ဝံ့ကြတော့ဘဲ သာမာန် ရိုးရိုးရေကိုသာ ထည့်သုံးစွဲနေရကြောင်း သုံးစွဲသူ မိတ်ဆွေတစ်ဦးက ပြောပြသဖြင့် သိရလေသည်။

ရေခဲချောင်း ရေခဲထုပ် အစားများသည့် ကလေးများမှာ အပူကန်ခြင်း၊ မျက်နှာနှင့် မျက်ခွံများပေါ်တွင် မိတ်ဖုကြီးများနှင့် အနာဖုများ ထွက်ခြင်း၊ အစာမကြေခြင်း၊ အာသီး ရောင်ခြင်းများ အပြင် အချို့မှာ ရေခဲမသန့်သဖြင့် ဝမ်းကိုက်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ကြောင်း သိရသည်။

လျှာနှင့်အာခေါင်များတွင် အနာခွက် ချိုင့်ငယ်လေးများ ပေါက်ပြီး အစပ် မစားနိုင်သူများ ဆေးခန်းလာပြသည်ကို တွေ့ရဖူးသည်။

လျှာဘေးမှာ အနာဖုလေး ထွက်လာသောအခါ သွားဖုံး၊ အံသွားတို့နှင့် ပွတ်တိုက်မိပြီး အနာ ဖြစ်လာသည်။ ထိုအနာမှာ အစက်ကလေးမှ ကျယ်ပြန့်သွားသောအခါ ချိုင့်ခွက်ကဲ့သို့ ဖြစ်သည်။အစာနှင့် အချဉ်အစပ်တို့ ထိတွေ့လျှင် မခံနိုင်ဖြစ်သည်။

စိတ်ပင်ပန်းသူ၊ သောကများသူ၊ စာမေးပွဲနီးချိန် ကျောင်းသား၊ ကျောင်းသူများတွင် ဤပါးစပ်နာများ တွေ့ရသဖြင့် ဆရာဝန်ကြီးများက Stress Ulcer ဟု ခေါ်ကြသည်။

တိုင်းရင်းဆေးနှင့် ရိုးရာဆေးပညာ အယူအဆ ရှုထောင့်မှ ကြည့်လျှင် ထိုအနာများသည် အပူကန်အနာများ ဖြစ်သည်။

ဝမ်းထဲမှ အစာအိမ်ထဲမှ အပူများ အထက်သို့ ကန်တက်ပြီး ခံတွင်းနှင့် လျှာအာခေါင်၊ သွားဖုံးတို့တွင် အနာစက်များ ထွက်လာခြင်း ဖြစ်သည်။

မိတ်ဆွေတစ်ဦးက သူ၏ လျှာနှင့်သွားဖုံးတွင် မကြာခဏ အပူကန်နာများ ထွက်ပြီး မစားနိုင်၊ မသောက်နိုင် ဖြစ်ရကြောင်း ပြောသည်။

ထိုသူ၏ အလေ့အကျင့်ကို ကြည့်သောအခါ ထမင်းစားလျှင် ရေခဲရေပုလင်းနှင့် ရေခွက်ကို ဘေးမှာ ချထားသည်။

ထမင်းစားပြီးလျှင် ရေခဲရေနှစ်ခွက်ခန့် အဝသောက်ချသည်။ ဤအကျင့်ကြောင့် သူ့လျှာမှာ အပူကန်နာများ မပြတ် ထွက်နေခြင်း ဖြစ်နိုင်သည်။

ထမင်းစားပြီး ရေခဲမုန့် စားကြသူများကို စားသောက်ဆိုင်ကြီးများတွင် တွေ့ရဖူးသည်။ အချို့ဆိုင်က စားသောက်သူများကို ကုန်ကျငွေ Bill ရှင်းချိန်တွင် အချိုပွဲအဖြစ် ရေခဲမုန့်ခွက်များ လာချပေးသည်။

အချို့အလှူများတွင်လည်း ထမင်းသို့မဟုတ် ဒံပေါက်၊ ကြက်ဆီထမင်း စသည် ကျွေးမွေးဧည့်ခံ ပြီးနောက် အချိုပွဲဝိုင်းသို့ ထပ်မံကြွရောက်ရန် ဖိတ်ခေါ်ပြီး အချိုပွဲများနှင့် ရေခဲမုန့် ကျွေးသည်ကို တွေ့ရဖူးသည်။

ရေခဲမုန့်အပြင် ရေခဲရေပါ ပါသည့် အလှူများလည်း တွေ့ဖူးသည်။ အီဆိမ့်သော အစာများ တစ်ဝစားပြီးချိန်တွင် ရေခဲမုန့်၊ ရေခဲရေ သောက်ခြင်းမှာ အစာအိမ်မှ မီးဖိုကြီးကို ငြိမ်းပစ်သည်နှင့် အလားသဏ္ဍန် တူလေသည်။

လူ၏ အစာအိမ်တွင် ဝမ်းမီးဟုခေါ်သော အစာချေသည့်မီး ရှိသည်။ ပါစကတေဇောဓာတ် ဟုလည်း ခေါ်ဆိုနိုင်လေသည်။

ထိုဓာတ်အားကောင်းမှ ဝမ်းမီးတောက်မည်။ ဝမ်းမီးတောက်မှသာ အစာကြေမည်။ အစာကြေမှသာ ဝမ်းမှန်မည်။ ဝမ်းမှန်မှသာ အကြောအချဉ်များ ပေါ့ပါးပြီး နေထိုင်ကောင်းမည်။

ကျန်းမာမည်။ ထိုင်းမှိုင်းခြင်း၊ နောက်ကြောတက်ခြင်း၊ ဇက်ထိုးခြင်းတို့မှာ ဝမ်းချုပ်သူများတွင် ဖြစ်လေ့ရှိသော ရောဂါများ ဖြစ်သည်။ အစာကြေလျှင် ဝမ်းမှန်လျှင် ညောင်းကိုက်၊ ဇက်ကြောတက် ဝေဒနာများ မဖြစ်နိုင်ပါ။

ထိုကဲ့သို့ အစာကြေကျက်စေရန် တောက်နေသော ဝမ်းမီးကို ရေခဲရေ သောက်ချလိုက်သောအခါ ငြိမ်းလိုက်သည်နှင့် သဏ္ဍာန်တူလေသည်။

မီးပုံကြီးကို ရေနှင့်လောင်းချလိုက်သောအခါ ဝုန်းကနဲ အခိုးအငွေ့များနှင့် ပြာပူများ အထက်သို့ ပျံ့လွင့်တက်သွားသည်ကို မြင်ကြည့်နိုင်ပေသည်။

ထိုအခိုးအငွေ့များသည် အစာအိမ်မှ အထက်သို့ တက်လျှင် လည်ချောင်း တစ်လျှောက်နှင့် အာခေါင်၊ လျှာ၊ သွားဖုံး စသည်တို့ကို ရောက်မည် ဖြစ်သည်။

စာရေးသူကိုယ်တိုင် နေပူပြင်းပြီး မနေနိုင်၊ မထိုင်နိုင်ဖြစ်အောင် ပူပြင်းသည့် ကာလက ဆေးခန်းမှ အိမ်ပြန်ရောက်သည်လျှင် သမီးများသောက်သည့် ရေခဲရေပုလင်းကို ယူပြီး သောက်မိသည်။

အသိတရား ရှိသော်လည်း ပူလွန်း၍ မနေနိုင်။ အလွန်အရသာ ရှိပါသည်။ ပူပြီး မောနေသည့်အချိန် ရေခဲရေ အေးအေးလေးကို ကိုင်းဖန်ခွက်ကြီး တစ်ခွက် အပြည့်မော့ချ လိုက်ရသည့် အရသာမှာ ကောင်းလှသည်။

ထိုကဲ့သို့ တစ်ပါတ်ခန့် ရေခဲရေကို သောက်ပြီးနောက် စာရေးသူ၏ လျှာဘေးတွင် အပူဖုတစ်ခု ထွက်လာသည်။ ထို့နောက် အဖုကြီးလာပြီး အနာဖြစ်လာသည်။

စကားပြောသည့်အခါ သွားနှင့် ပွတ်မိပြီး စကားမပြောနိုင်၊ အစား မစားနိုင်အောင် ဖြစ်ရသည်။ ရေခဲရေ၏ အကျိုးပင် ဖြစ်သည်။

ရေခဲရေသည် အစာအိမ်မှ ဝမ်းမီးအားကို နည်းသွားစေသဖြင့် အစာ မကြေသမျှသည် အစာဟောင်းအိမ်မှာ သွားစုပြီး စမျဉ်းဟုခေါ်သော ဝမ်းအမာအကျစ်ခဲများ ဖြစ်ရသည်။

ဝမ်းကိုခက်ခဲစွာ သွားရသည်။ အပူနှင့်အအေးသည် ဆန့်ကျင်ဘက် ဝိရောဓိဖြစ်သည်။ ရှင်းပြနေစရာ မလိုအောင် ထင်ရှားသော ဓာတ်သဘော ဖြစ်သည်။

အစာအိမ်အတွင်းတွင် အပူဓာတ် ရှိသည်။ ထိုအပူသည်ပင် သက်စောင့်ဓာတ် ဖြစ်သည်။ အစာအိမ်မှ အပူသည် အာခံတွင်းသို့ တက်သည်။

အာခံတွင်းတွင် ငုံထားလျှင် ပူနွေးလာသည်။ ဘုရားရှင် လက်ထက်က အဇာတသတ် မင်းသား ငယ်စဉ်က လက်မတွင် ခူနာပေါက်သည်။ အနာ ပြည်ကိုက်သက်သာစေရန် ဖခင် ဗိမ္မိသာရ မင်းကြီးက အာခံတွင်းတွင် ငုံထားပေးသည်။

အာငွေ့ကြောင့် အနာပြည် ပေါက်သွားသည်ကို သားနိုးမည်စိုး၍ မျိုချလိုက်သည်။ အာခံတွင်း အငွေ့၏ အစွမ်းကား အနာကိုပင် ပြည်ပေါက်စေသည်။

ဆရာဝန်တို့သည် လူနာ၏ ကိုယ်အပူချိန်ကို ပြဒါးတိုင် ငုံထားခိုင်းပြီး တစ်မိနစ် ကြာသောအခါ မှတ်သားရသည်။ ၉၈.၄ ဒီဂရီဖာရင်ဟိုက် ဆိုလျှင် ပုံမှန်ဖြစ်သည်။

ကိုယ်တွင်းအပူချိန် တက်လာလျှင် အဖျားရှိသည်ဟု သတ်မှတ်သည်။ ပြဒါးချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်မှ ၁၀၃ ဒီဂရီ ဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိသော်လည်း ထို့ထက် အပူကြီးလျှင် သတိလစ်ခြင်း၊ တက်ခြင်းအထိ ဖြစ်နိုင်သည်။

၁၀၇ ဒီဂရီဖာရင်ဟိုက်တွင် အူပေါက်ပြီး အသက်ဆုံးရှုံးနိုင်သည်။ ထိုကဲ့သို့ အပူကြီးနေသူများကို ပြင်ပမှ ရေအေးဖတ် တင်ခြင်း၊ ရေခဲရေဖြင့် ရေပတ်တိုက်ခြင်း ပြုလုပ်၍ ရသော်လည်း ပါးစပ်ထဲသို့ ရေခဲရေ မတိုက်ရပေ။

အစာအိမ်သွေးကြော ပေါက်ခြင်း၊ အူပေါက်ခြင်း၊ သတိလစ်ပြီး တက်ခြင်း၊ ဦးနှောက်သွေးကြော ပေါက်ခြင်းတို့ ဖြစ်နိုင်သည်။

တလောက အလွန်အပူကြီးချိန်တွင် မိတ်ဆွေ ဆရာဝန်တစ်ဦးက ဘီယာဆိုင် တစ်ဆိုင်သို့ ခေါ်သွားပြီး ဘီယာတိုက်သည်။ အလွန်ပူသည့် အချိန်တွင် ဘီယာသောက်ခြင်းသည် အလွန်ကောင်းသည်ဟု ပြောသည်။

သဲကန္တာရတွင် လမ်းပျောက်နေသူ တစ်ဦးသည် ဘီယာသံဘူးငယ် နှစ်ဘူးဖြင့် အသက် ဆက်ခဲ့ရဖူးသည်ဟု သူစာထဲတွင် ဖတ်ခဲ့ရဖူးကြောင်း ပြောပြသည်။

ပညာရှိ သတိဖြစ်ခဲဟု ပြောရမည်လား၊ သတိမမူ ဂူမမြင်ဟု ပြောရမည်လား။ အပူဒဏ် ကာကွယ်ရန် အကြောင်းပြချက်ဖြင့် ညနေတိုင်း ဘီယာသွားသောက်ကြပြီး ၃၊ ၄ ရက်အကြာတွင် စာရေးသူတွင် လည်ချောင်းနာပြီး အသံဝင်သွားသည်။

လည်ချောင်းနာသည်မှာ အစာပင် မျိုမချနိုင် ဖြစ်သည်။ သောက်ခါစရက်က ဆီးရွှင်ခဲ့သော ဘီယာသည် နောက်ပိုင်းရက်များတွင် ဆီးပူဆီးအောင့် ဖြစ်လာသည်။

စာရေးသူကို ဘီယာသောက် ခေါ်ခဲ့သူ ဆရာဝန် သူငယ်ချင်းမှာ ခြေထောက် မထောက်နိုင်၊ ယခင်ကရှိသော Gout ရောဂါ ပြန်ထလာပြီး ခြေမဆစ်ကြီး ရောင်လာသဖြင့်၊ ဤကား ဘီယာသောက်ခြင်း၏ အကျိုးပင် ဖြစ်တော့သည်။ နွေထနောင်း၊ ဆောင်းမန်ကျည်း ဟူသော စကားရှိသည်။

ရှေးက ဗမာကြီးများသည် နွေနေပူပြင်းချိန်တွင် ထနောင်းပင် အရိပ် ကောင်းကောင်းတွင် ရေနွေးကြမ်းအိုးနှင့် အညာထန်းလျက်ခဲလေး စားပြီး အပူငြိမ်းခဲ့ကြသည်။

ရေနွေးကြမ်းသည် အဖန်ရည်ဟု ခေါ်ပြီး ဝမ်းထဲကို ရောက်လျှင် အပူကို ငြိမ်းစေသည်။ လေကိုလည်း ကြေစေသည်။ အစာအိမ်နှင့်လည်း သင့်သည်ဟု ဆိုသည်။

ရှေးကလူကြီးများ အဆိုအရ နွေရာသီတွင် ထနောင်းရွက်၊ ထနောင်းဖူး သုပ်စားလျှင် ဝမ်းလျှော၊ ဝမ်းပျက် ကာကွယ်သည်။ အပူငြိမ်းသည်။ ကျောက်၊ ဝက်သက် ရောဂါများပင် ကာကွယ်သည်ဟု ဆိုသည်။

ယခုခေတ်တွင် ရေနွေးကြမ်းဝိုင်း ဓလေ့များသည် ပျောက်ကွယ်သလောက် ဖြစ်နေပြီ။ အလှူများတွင် ရေနွေးကြမ်းအိုးနှင့် ရေသန့်ဘူးများကိုသာ နေရာတိုင်း တွေ့နေရလေပြီ။

လူ၏အသက်သည် ဝမ်းမီး ဖြစ်သည်။ ဝမ်းမီး အားမကောင်းလျှင် ရောဂါအမျိုးမျိုး ရနိုင်သည်။ အစာမကြေရောဂါနှင့် ဆီးချိုရောဂါ၊ ကိုယ်တွင် အဆီတက်သော ရောဂါ၊ ကျောက်ကပ် ရောဂါတို့သည် ရေခဲရေ အသောက်များသူတို့တွင် ဖြစ်ကြောင်း တွေ့ရသည်။ရေခဲရေကို နေ့စဉ် သောက်သုံးသူများသည် ခန္ဓာကိုယ်တွင်းမှ ဝမ်းမီးကို ငြိမ်းနေသူများ ဖြစ်သည်။

မီးငြိမ်းသော မီးဖိုဖြင့် ချက်သော အစာသည် မကြေကျက်နိုင်သည်ကို သတိပြုမိဖို့ လိုသည်။ လွန်ကဲခြင်းသည် မည်သည့်အခါမျှ မကောင်း၊ နောက်ဆက်တွဲ ဆိုးကျိုး ရှိနိုင်သည်။

မြေသောက် ရေအိုးတွင် ထည့်ထားသော ရေအေးသည် သာမန်ရေအေး ဖြစ်သည်။ လူကို ဒုက္ခမပေးနိုင်။ ထိုရေကိုပင် အပူထဲမှ ပြန်လာလျှင် ချက်ခြင်း မသောက်သင့်။ ချွေးသိပ်ပြီးမှ သောက်ရမည်ဟု ရှေးလူကြီးများက ဆိုသည်။

ရေခဲသေတ္တာထဲမှ ထွက်လာသော ပုလင်းများ၊ Water Cooler မှ ကျလာသော ရေတို့သည် သဘာဝ လွန်ကဲသော ရေပျက် ဖြစ်သည်။

ခန္ဓာကိုယ်မှ လက်ခံနိုင်သော အအေးဓာတ် လွန်ကဲသဖြင့် တုန့်ပြန်ခြင်း၊ လက်မခံဘဲ ကန်ထုတ်ခြင်း၊တွန်းလှန်ခြင်းတို့ကို ခံရမည် ဖြစ်သည်။

ရေခဲရေကို အစဉ်သဖြင့် သောက်နေသူများကို လေ့လာကြည့်သောအခါ ခေတ္တသာ ရေငတ်ပြေပြီး ပြန်ပူလာခြင်း၊ မကြာခဏ ရေငတ်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ အာသီးရောင်ခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွခြင်း၊ လျှာအရသာ မတွေ့ခြင်း၊ လည်ချောင်းပူခြင်း၊ နာခြင်း၊ အစာရေမျိုပြွန် ရောင်ခြင်း၊ အစာအိမ် ရောင်ခြင်း၊ အစာမကြေခြင်း၊ ဖျားလျှင် အလွယ်တကူ အူရောင်ခြင်း၊ အသည်းရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းရောဂါ ရခြင်း၊ တစ်ကိုယ်လုံး ညောင်းကိုက်ပြီးနောက် ကြောတက်ခြင်း၊ နုံးခွေခြင်း၊ မျက်စိ အမြင်မကြည်လင်ခြင်း၊ ရေချိုးပြီးလျှင် မျက်စိများနီရဲခြင်း၊ ဦးခေါင်းနောက်စေ့မှ ခေါင်းကိုက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဦးခေါင်းပူခြင်း၊ ခန္ဓာကိုယ်တွင် ယားနာများထွက်ခြင်း၊ အပူဖုများ ထွက်ခြင်းတို့ကို မလွဲမသွေ ဖြစ်နိုင်လေသည်။

နိဂုံးအားဖြင့် အကြံပြုလိုသည်မှာ-

၁။ မြေအိုး၊ သဘာဝရေအိုးမှ အေးသောရေကိုသာ သောက်ပါ။

၂။ ဖြစ်နိုင်လျှင် ကြိုချက်ထားပြီးသော ရေကို အအေးခံပြီး ရေကျက်အေး သောက်ပါ။

၃။ ရေနွေးကြမ်း သို့မဟုတ် အဖန်ရည်ကို ထမင်းစားပြီးတိုင်း သောက်ပါ။

၄။ နံနက်အိပ်ယာထ ရေမချိုးမီ၊ ညအိပ်ယာဝင်ချိန်တို့တွင် ရေတစ်ခွက် သောက်သော အကျင့်ကို ကျင့်ပါ။

၅။ ရေခဲရေ၊ အလွန်အေးအောင် ပြုလုပ်ထားသော ရေကို ရှောင်ပါ။

၆။ ထမင်းစားနေစဉ်နှင့် ထမင်းစားပြီး ရေခဲရေ တစ်ဆက်တည်း သောက်လျှင် အစာအိမ်ကို ဒုက္ခရောက်စေပါသည်။

၇။ ရေခဲရေကို တစ်စွတ်စွတ် သောက်ခြင်းသည် အဆိပ်သောက်ခြင်းနှင့် တူသဖြင့် ထိုအကျင့်ကို ဖျောက်ပစ်ပါ။

၈။ ရေကြောင့် အသက်ရှည်စေနိုင်သည်။ ရေခဲရေကြောင့် အသက်တို စေနိုင်သည်ကို အထူးသတိပြုပါ။

ဖိုးသူတော် (www.phothutaw.com)

Credit: Original

Latest Comments

Leave a Comment

Related News