Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

လိုဏ်ဂူထဲပိတ်မိသည့် ကလေးငယ် ၁၃ ဦးထဲမှ ထူးချွန်သည့်မြန်မာကလေးငယ် နာမည်ကြီးနေ

Image



ထိုင်းနိုင်ငံမြောက်ပိုင်းက လိုဏ်ဂူတခုထဲမှာ ပိတ်မိနေခဲ့တဲ့ ဘောလုံးနည်းပြနဲ့ လူငယ်ဘောလုံးအသင်းသား ၁၃ ဦးထဲမှာ မြန်မာပြည်ဖွား တိုင်းရင်းသားကလေးငယ်တဦး ပါဝင်ပြီး သူ့ရဲ့ ထူးချွန်ထက်မြက်မှုတွေကြောင့် မီဒီယာတွေမှာ နာမည်ကြီးနေပါတယ်။

အသက် ၁၄ နှစ်အရွယ် အဒေါလ်ဆန်းမွန် အမည်ရတဲ့ အဲဒီကလေးငယ်ဟာ မြန်မာနိုင်ငံ၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်း ဒုက္ခသည်အဖြစ် နေထိုင် ပညာသင်ကြားနေတာ ဖြစ်ပါတယ်။သူအပါအဝင် နည်းပြနဲ့ တောဝက်ဘောလုံးအသင်းသားတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ထဲက ခွန်နမ့်နန်းနွန်း လိုဏ်ဂူထဲကို ဇွန်လ ၂၃ ရက်နေ့က ဝင်ရောက်သွားခဲ့ကြပြီး ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။နောက်ဆုံးသူတို့ကို ပထမဆုံး အသက်ရှင်လျက် ပြန်တွေ့ချိန်မှာတော့ အဒေါလ်ကို ကယ်ဆယ်ရေးအဖွဲ့နဲ့ အင်္ဂလိပ်လို ပြောဆိုဆက်သွယ်နိုင်တဲ့ တဦးတည်းသော ကလေးအဖြစ် ကမ္ဘာ့သတင်းမီဒီယာတွေမှာပါ ဖော်ပြခဲ့ကြတာပါ။

ဂူထဲကနေ “ကျနော် အဒေါလ်ပါ။ ကျနော် အခြေအနေကောင်းပါတယ်” လို့ အော်ပြောလိုက်ပြီး ထိုင်းဘာသာနဲ့ “ဝေ” လို့ အသံထွက် ဦးညွှတ်နှုတ်ဆက်တာဟာ ယဉ်ကျေးဖွယ်ရာ လေးလေးစားစား နှုတ်ဆက်တာမျိုးဖြစ်တယ်လို့ သူ့ရဲ့ဆရာတွေက ဆိုပါတယ်။မျက်ဝန်းကျယ်ကျယ်၊ ခပ်ပိန်ပိန်ပုံစံရှိတဲ့ အဒေါလ်က ကယ်ဆယ်ရေးအဖွဲ့ကို အင်္ဂလိပ်လို “ဒီနေ့ ဘာနေ့လဲဗျ” လို့ မေးခဲ့ပြီး ဂူထဲက သူတို့တွေ ဆာလောင်နေကြတဲ့အကြောင်း ပြောဆိုနိုင်ခဲ့တာပါ။

သူဟာ ၇ နှစ်သား အရွယ်ကတည်းက မိသားစုနဲ့ခွဲကာ ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေခဲ့တာဖြစ်ပြီး ခရစ်ယာန်ဘုရားကျောင်းတခုမှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

အဒေါလ်ဟာ ထိုင်း၊ မြန်မာနဲ့ တရုတ်ဘာသာစကားတွေကိုလည်း ပြောဆိုနိုင်ပြီး မိသားစုက သူရှိတဲ့ ဘုရားကျောင်းကို လာရောက်လည်ပတ်လေ့ရှိတယ်လို့ ဆိုပါတယ်။ဝဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တယ်လို့ ပြောပေမယ့် မြန်မာမှာရော နိုင်ငံတကာကပါ အသိအမှတ်မပြုထားဘဲ မြန်မာအစိုးရနဲ့ ဝဒေသ နှစ်ဖက်စစ်တပ်တွေကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေအနေနဲ့ ထိုင်းနိုင်ငံဘက်ကို ရွှေ့ပြောင်းနေထိုင်ရတာမျိုးတွေ ရှိတဲ့ ဒေသတခု ဖြစ်ပါတယ်။အဒေါလ်ဟာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းဒုက္ခသည် ၄ သိန်းကျော်ထဲမှာ တဦး အပါအဝင်ဖြစ်ပြီး သူ့မှာ မွေးစာရင်း၊ နိုင်ငံသားဖြစ်မှု အထောက်အထား၊ နိုင်ငံကူးလက်မှတ်တွေ ရှိမနေတဲ့အတွက် တရားဝင်လက်ထပ်ခွင့်၊ အလုပ်လုပ်နိုင်ခွင့်၊ ဘဏ်ငွေစာရင်းဖွင့်ခွင့်၊ ခရီးသွားလာခွင့်၊ မဲပေးခွင့် စတာတွေကို ရရှိနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ဒါပေမယ့် သူတက်ရောက်နေတဲ့ ကျောင်းက ဒါရိုက်တာ ဖူနဝစ် သက်ပ်ဆူရင်ကတော့ အဒေါလ်ကို “သူက ရတနာတပါးပဲ” လို့ ချီးကျူးလိုက်ပါတယ်။

“သူက ကျောင်းစာရော၊ အားကစားပါ ၂ မျိုးလုံး ထူးချွန်သူပါ။ သူက ကျောင်းအတွက် သူ့ရဲ့အောင်မြင်မှုကနေ ရွှေတံဆိပ်ဆုတွေ၊ ဂုဏ်ထူးဆောင်လက်မှတ်တွေ အများကြီး ယူပေးနိုင်ခဲ့သူပါ။”ထူးချွန်လိုစိတ်ပြင်းပြတဲ့ ဘောလုံးသမားလေး အဒေါလ်ဟာ စန္ဒယားနဲ့ ဂစ်တာတီးရတာတွေကိုလည်း နှစ်သက်ပြီး လက်ရှိမှာတော့ သူ့အကြောင်းဟာ သတင်းမီဒီယာတွေမှာရော လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာပါ လူပြောများ ရေပန်းစားနေတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit:  DVB

Tags:
  • ,

Latest Comments

Leave a Comment