Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

လစာကို အမြဲမျှော်နေရတဲ့ ဘဝမှလွတ်ကင်းစေဖို့

Image



လလည်း ကုန်ခါနီးနေပြီ။ လက်ထဲက ပိုက်ဆံလည်း ကုန်ပြီ။ မြန်မာနိုင်ငံမှာ

ဝန်ထမ်းတစ်ယောက်ဖြစ်ရတာ နိုင်ငံအခြေအနေအရ လုပ်ခလစာတွေ နည်းနေတာတစ်ကြောင်း၊

ကုန်ဈေးနှုန်းတွေက ဘယ်တော့မှ လစာကိုမစောင့်တာက တစ်ကြောင်း၊ တိုးတက်လာတဲ့

ခေတ်ကြီးထဲမှာဆိုရင် ဝယ်စရာ ပစ္စည်းတွေက ပိုများလာတာကတစ်ကြောင်း အရင်လို

ပြတ်တုန်းလတ်တုန်း ၂၃ မဟုတ်တော့။ ထန်ကုန် ၁၅ ရက်ကျော်ရင် ပိုက်ဆံရှိသေးတဲ့

သူက တော်တော်ခြျွေတာတတ်တဲ့ သူလို့ပဲပြောရမယ်။ ကျွန်တော်ဆိုရင် စံချိန်တင်

လကုန်ပြီး ၅ ရက် အကြာမှာတင် ပိုက်ဆံ ပြတ်ဖူးတယ်။ ဒီလိုနဲ့ အချိန်တွေ

တစ်လပြီးတစ်လ၊ တစ်နှစ်ပြီး တစ်နှစ်ကုန်ဆုံးလာတယ်။ ကျွန်တော်တို့လက်ထဲမှ

စုမိလာတဲ့ပိုက်ဆံဆိုတာ နတ္တိ။

ဘာကြောင့် ကျွန်တော်တို့ မုန်းတဲ့

အလုပ်မှာ တကုပ်ကုပ်နဲ့ ဆက်လုပ်နေကြရတာလဲ။ အလုပ်ရှိမှ ဂုဏ်တင့်တယ်လို့

ထင်ကြလို့လား။ မဟုတ်ပါဘူး။ အဖြေကတော့ ကျွန်တော်တို့ မုန်းတဲ့ အလုပ်တွေမှာ

သည်းညည်းခံရင်း လုပ်နေရတဲ့ အကြောင်းရင်တော့ လစာကြောင့်ပါ။ ကျွန်တော်တို့

အသက်ရှင်ဖို့အတွက် အဓိက လိုအပ်တဲ့ဟာက အစာနဲ့ ရေမဟုတ်ပါဘူး။

ဒါတွေကိုဝယ်ယူလို့ရမယ့် ပိုက်ဆံပါ။ ကျွန်တော်တို့ အသက်ရှင်ဖို့အတွက်

အလုပ်လုပ်ကြတယ်။ ဒီလိုနဲ့ လစာရဲ့ ကျွန်တစ်ယောက်လုံးလုံးဖြစ်လာတယ်။

လစာကိုမျှော်ရတယ်။ လစာလေး ရလာရင် ပျော်ရတယ်။ လစာမရှိတော့ရင် ဝမ်းနည်းကြတယ်။

လူတော်တော်များများက ဒီအခြေအနေကနေ ရုန်းထွက်ကြချင်ပေမဲ့

မရုန်းထွက်တတ်ကြဘူး။ ဒီလိုနဲ့ ဒါကြီးဟာ လောကဓံ တရားကြီးပါလားဆိုပြီး

သေတဲ့အထိမှတ်ယူသွားကြတယ်။ တကယ်တော့ ဘယ်အရာမဆို နည်းလမ်းကတော့ ရှိပါတယ်။

အခုလိုဘုံပြဿနာ ဖြစ်နေတဲ့ လစာကျွန်ဖြစ်ခြင်းဆိုတဲ့ ကိစ္စမှာဆို

ပိုပြီးတော့တောင် ရှိပါသေးတယ်။ ဒီအထဲကမှ ပျိုမေတို့အတွက် လစာကျွန်

မဖြစ်ချင်ရင် လုပ်သင့်တဲ့ အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။

ဝင်ငွေ ၁၀ ရာခိုင်နှုန်းကို စုပါ။

ပျိုမေတို့တော့

မသိဘူး။ ကျွန်တော်ကတော့ ဝင်ငွေ ၁၀ ရာခိုင်နှုန်းကို စုပါဆိုတာ ၅

တန်းလောက်ကတည်းကြားဖူးတယ်။ ခရစ်ယာန်ဘာသာမှာလည်း ဆယ်ဖို့

တစ်ဖို့ဆိုတာရှိသလို ရှေးဘုရင်တွေလက်ထက်မှာလည်း သဿမေဓခွန်ဆိုတာရှိတာကိုး။

နောက်ပြီး ဆရာဖေမြင့် ဘာသာပြန်ထားတဲ့ ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်၊

ဒီထဲမှာလည်း ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို စုဖို့ပြောထားတာပဲ။ နောက်ပြီး

ဆရာချစ်စံဝင်းရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဆယ်ပုံ တစ်ပုံကို

စုဖို့ပြောထားတယ်။ ပျိုမေတို့တော့ မသိဘူး။ ကျွန်တော်က ဘဝတိုးတက်ရေးနဲ့

ပတ်သတ်ပြီး လောဘ နည်းနည်းကြီးတယ်။ ဝင်ငွေ ဆယ်ပုံတစ်ပုံစုရင်

နည်းနည်းပဲရမှာပေါ့ဆိုပြီးသိပ်မစုချင်ဘူး။ ဝင်ငွေရဲ့ ၂ ပုံ ၁ ပုံလောက်ကို

စုချင်တာ။ ဒါပေမဲ့ ဘယ်တော့မှ စုတဲ့ဆီကို မရောက်ဘဲ လစာရောက်ရင် ပိုက်ဆံ

ကုန်ကုန်သွားတဲ့ အဖြစ်နဲ့ ခဏခဏ ကြုံခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်

နားမလည်ခဲ့တာက ဖြည်းဖြည်းမှန်မှန်ဆိုတဲ့ သဘောကို နားမလည်ခဲ့တာ။ တကယ်တော့

လစာကို နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ဖြည်းဖြည်းမှန်မှန်စုပြီး

အကျင့်ဖြစ်လာအောင် မွေးမြူရမယ်ဆိုတဲ့ သဘောကို ကျွန်တော် သတိမထားမိခဲ့တာပါ။

ဒီနေ့

လူအများစုက လစာပေါ်မှာပဲ မှီခိုနေကြရတယ်။ တကယ်လို့ အနာဂတ်မှာ

ကံဆိုးတာတစ်ခုခုဖြစ်လာရင် လစာပေါ်မှာပဲ မှီခိုနေရတဲ့ သူတွေဘဝက ဒုက္ခရောက်ပြီ။

ဒီတော့ ကျွန်တော်တို့တွေအနေနဲ့ ပစ္စုပန်မှာပဲ ဆင်သေကောင်စားတဲ့

ကျီးမိုက်လို့ မနေကြဘဲ အနာဂတ်ကို မျှော်ကိုးပြီး လစာ ၁၀ ရာခိုင်နှုန်းစုတဲ့

အကျင့်ကို မွေးမြူထားသင့်ပါတယ်။ ကျွန်တော်တို့

လစာကျွန်ဖြစ်နေရခြင်းအကြောင်းရင်းကတော့ ဒီအလုပ်ကနေ ထွက်လိုက်ရင် ငါဝင်ငွေ

မရှိတော့ဘူးဆိုတဲ့ အကြောက်တရားက ကျွန်တော်တို့ကို လွှမ်းမိုးထားတာ

ဖြစ်ပါတယ်။ တစ်နေ့နေ့တစ်ချိန်မှာ ထွက်ချင်သည်ဖြစ်စေ၊ မထွက်ချင်သည်ဖြစ်စေ

အလုပ်ကတော့ ထွက်ရမှာပါ။ အဲ့ဒီအချိန်မှာ ကိုယ်အချိန်ပေးပြီး ၁၀ ရာခိုင်နှုန်း

စုထားတဲ့ ပိုက်ဆံလေးက ကိုယ့်ကို ကူညီပေးမှာပါ။ ၁၀ ရာခိုင်နှုန်းဟာ

နည်းတယ်ဆိုပေမယ့် အချိန်ကြာလာတဲ့အခါမှာ ပိုက်ဆံပိုစုမိလာမှာ ဖြစ်ပြီး

အလုပ်ထွက်ရရင်လည်း ကြောက်နေစရာမလိုတော့ပါဘူး။ အလုပ်မထွက်ရဘူးဆိုရင်တောင်

ဒီကိုယ်စုထားတဲ့ ပိုက်ဆံလေးနဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုစ နိုင်မှာ

ဖြစ်သလို ကိုယ်အမြဲမုန်းနေတဲ့ အလုပ်ကလည်း အေးဆေးသက်သာစွာအနားယူနိုင်မှာပါ။

ပိုက်ဆံကို ကိုယ့်အတွက် အလုပ်လုပ်ခိုင်းလိုက်ပါ။

Currency

ဆိုတာလည်း သူ့မှာသတ္တိတစ်ခု ရှိပါတယ်။ ပျိုမေတို့

သူ့ကျွန်ဖြစ်သွားပြီဆိုရုန်းထွက်ဖို့ ခက်သလို သူ့သခင်ဖြစ်သွားပြီဆိုလည်း

သင့်အတွက် ကောင်းကောင်းအလုပ်လုပ်ပေးပါလိမ့်မယ်။ အပေါ်မှာပြောထားတဲ့ ၁၀

ရာခိုင်နှုန်းကို စုပါဆိုတာကိုပဲ ဆက်ကောက်ရရင် သင့်မှာ ၁၀

ရာခိုင်နှုန်းစုထားတဲ့ ပိုက်ဆံရှိပြီဆိုတာနဲ့ ဒီပိုက်ဆံကို

သင်ရင်းနှီးမြုပ်နှံလို့ရပါပြီ။ ဒီနေ့ခေတ်ကြီးမှာ ကိုယ့်ပိုက်ဆံကို

ရင်းနှီးမြုပ်နှံလို့ရတဲ့ နေရာတွေ အများကြီးရှိပါတယ်။ ဒီအချိန်မှာလည်း

ပညာလိုသလို အတွေ့အကြုံလည်း လိုလာပါလိမ့်မယ်။ အရေးကြီးတာ တစ်ခုကတော့

ဝါရင်ဘတ်ဖတ်စကား ငှားပြောရရင် သင့်ရဲ့ ကြက်ဥတွေအကုန်လုံးကို

ခြင်းတစ်ခြင်းထဲမှာပဲ စုပြုံမထည့်ထားမိပါစေနဲ့။

စီးပွားရေးလုပ်ငန်း တစ်ခုကို စတင်ပါ။

လစာရဲ့

ကျွန်မဖြစ်ချင်ရင်တော့ ရှင်းပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုစလုပ်ရုံပေါ့။

ဒီနေ့ခေတ်ကြီးမှာ ကိုယ်ပိုင်လုပ်ငန်း စလုပ်ဖို့ ပိုလွယ်လာပြီ။

ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အရမ်းကြောက်နေစရာမလိုပါဘူး။ သင့်အနေနဲ့

အလုပ်တစ်ခုလုပ်နေရင်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စထားလို့ရပြီး

ကိုယ်လုပ်ငန်းကနေ ကိုယ့်လစာလောက်ဝင်ငွေရနေပြီဆိုရင်တော့ ပျော်ပျော်ကြီး

အလုပ်ထွက်သွားလို့ရပါပြီ။ မှတ်ထားဖို့ တစ်ခုကတော့ ဒါဟာ

ညတွင်းချင်းဖြစ်မလာသလို လတွင်းချင်းလည်း မဖြစ်လာနိုင်ပါဘူး။

ကိုယ်ဘာဝါသနာပါလဲစဉ်းစားပါ။ ကိုယ်လူတွေကို ဘာတွေ ကူညီပေးနိုင်မလဲ။ အဲ့ဒီကနေ

ကိုယ်ဘယ်လိုဝင်ငွေရနိုင်မလဲ။ ကိုယ်ဘာသာမေးရမယ့်မေးခွန်းတွေအများကြီးပါ။

ကိုယ့်ဝါသနာကို သိပြီဆိုတာနဲ့ စာအုပ်ရေးပြီး ရောင်းနိုင်သလို၊

အွန်လိုင်းကနေလည်း သင်တန်းပေးလို့ရပါတယ်။

ကိုယ်ရတဲ့ ဝင်ငွေအောက်က နေထိုင်မှု ပုံစံမှာပဲနေပါ။

ပျိုမေတို့ကတော့က

ငါဝင်ငွေရဲ့ ၁၀ % ကိုဘယ်လိုစုရမလဲ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို

ဘယ်နားက ဘယ်လိုသွားထောင်ရမလဲဆိုပြီး စဉ်းစားရင် စဉ်းစားမိနေမှာပေါ့။

ဒါကလည်း စဉ်းစားရမယ့်မေးခွန်းတစ်ခုပါပဲ။ ဒီအရာအားလုံးရဲ့အဓိက Point ကတော့

သင့်ပိုက်ဆံကိုဘယ်လိုသုံးသလဲ ဆိုတာက မြစ်ဖျားခံပါတယ်။ပျိုမေတို့လည်း

ခုချိန်မှာ မလိုအပ်တဲ့ ပစ္စည်းတွေဝယ်ပြီး ကိုယ့်ပိုက်ဆံကိုဖြုန်းနေမိမှာပါ။

သင်အရမ်းမုန်းတဲ့အလုပ်ကလည်း ထွက်ချင်နေပြီ၊

စီးပွားရေးလုပ်ငန်းတစ်ခုစလုပ်ချင်နေပြီဆိုရင်တော့ ပထမဆုံးလုပ်သင့်တဲ့အရာက

ကိုယ့်ဝင်ငွေအောက်မှာပဲနေထိုင်ဖို့ပါ။ မလိုအပ်တာတွေ မဝယ်ပါနဲ့။

ဖုန်းမော်ဒယ်အသစ်ထွက်လာတိုင်း ကိုင်ချင်စိတ်ကိုချိုးနှိမ်ထားပါ။

ဒီနေ့ခေတ်မှာ ဖုန်းတစ်လုံးက ဝယ်ထားရင် အချိန်တော်တော်ကြာအထိ အသုံးခံပါတယ်။

ပျိုမေတို့ ဒီနေ့မှာ အနစ်နာခံနေတာ ကာလရှည်ပန်းတိုင်

အတွက်သွားနေတာဖြစ်ကြောင်း သတိရပါ။ နေရိပ်ကိုလိုချင်ရင်

နေပူထဲကစောင့်ရပါတယ်။ ဒီနေ့မှာ သင့်ဝင်ငွေအောက်မှာပဲနေတာဟာ နောက်တစ်ချိန်

ကိုယ့်ဝင်ငွေထက် ပိုသုံးလည်း ပြဿနာမရှိတော့တဲ့အချိန်ကို သွားနေတာ

ဖြစ်ကြောင်းမှတ်ထားပါ။

လစာကို အခွင့်အလမ်းတစ်ခုအဖြစ်မြင်ပါ။

လစာရဲ့ကျွန်အဖြစ်ကနေလွတ်မြောက်ဖို့ဆိုရင်

လစာအပေါ် ကိုယ့်ရဲ့ကြည့်မြင်ပုံပြောင်းဖို့လိုပါတယ်။ လစာထုတ်ခါနီးဆို

ဘယ်လောက်ပျော်ဖို့ကောင်းလဲဆိုတာ ပျိုမေတို့ ခံစားဖူးကြမှာပါ။

ဘာကြောင့်လဲဆိုတော့ လစာကရတဲ့ပိုက်ဆံနဲ့ကျွန်တော်တို့တွေ

လိုချင်တာတွေဝယ်ကြတယ်။ သုံးကြတယ်။ လစာဆိုတဲ့ဟာကို

ငါအရေးတကြီးလိုအပ်နေတဲ့အရာလိုမမြင်ပါနဲ့။ ဒီလစာဟာ

ပိုကောင်းတဲ့ဘဝတစ်ခုတည်ဆောက်နိုင်ဖို့အတွက်

အသုံးဝင်တဲ့လက်နက်တစ်ခုလို့မြင်ပါ။

လစာကိုနိုင်နိုင်နင်းနင်းကိုင်တွယ်သွားနိုင်တာနဲ့ လစာရဲ့

ကျွန်အဖြစ်ကလွတ်မြောက်ပြီး လစာကိုနိုင်နင်းတဲ့ လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

ကျွန်တော်တို့ အားလုံးမှာ ပိုက်ဆံအပေါ်မြင်တဲ့အမြင်၊ ဘာသာရေးအပေါ်

မြင်တဲ့အမြင်၊ လက်တွဲဖော်ကိုမြင်တဲ့ အမြင်တွေ ကွဲပြားစွာရှိကြပါတယ်။

ဘာသာရေးပေါ်မြင်တဲ့အမြင်၊ လက်တွဲဖော်အပေါ်မြင်တဲ့အမြင်တွေကွဲပြားရင်

ဘာတွေဆက်ဖြစ်လဲဆိုတာ ကျွန်တော်သေချာမသိပေမဲ့

ပိုက်ဆံပေါ်မြင်တဲ့အမြင်ကွဲပြားသွားတဲ့အခါ ဆင်းရဲတဲ့လူ၊

ချမ်းသာတဲ့လူဆိုပြီးဖြစ်လာတယ်ဆိုတာတော့ သေချာသိပါတယ်။ ဒါကြောင့်

ကိုယ်ပိုက်ဆံကို ဘယ်လိုမြင်လဲဆိုတာ ကိုယ်ကိုယ်ကို သုံးသပ်ပါ။ ပိုက်ဆံဟာ

ကိုယ်ကိုတိုးတက်အောင်ပြုလုပ်ပေးနိုင်တဲ့ အရာလို့မြင်လိုက်တာနဲ့ သင်လည်း

လစာရဲ့ ကျွန်အဖြစ်က လွတ်မြောက်မှာပါ။

စာတစ်ပုဒ်လုံးဖတ်ပြီးပြီဆိုရင်

ဒီတစ်ပုဒ်ထဲမှာ ကိုယ်က ဘယ်အရာကို စလုပ်နေပြီလဲ၊ ဘယ်အခြေအနေမှာ

ရောက်နေပြီလဲ။ ဘယ်လိုလုပ်ဖို့ အစီအစဉ်တွေရှိလဲ။ ဒါတွေက

ပျိုမေတို့အတွေးတွေနဲ့ရော ကိုက်ညီရဲ့လားဆိုတာလေးလည်း ပြောပြသွားပါဦး..

Reference : Become the Lion , Rich Habits

ဖိုးသူတော် (www.phothutaw.com)

Credit: forhermyanmar

#

Latest Comments

Leave a Comment

Related News