Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ရန်ကုန်မျက်စိဆေးရုံကြီးမှာ မျက်စိပါဝါကို လေဆာနဲ့ အခမဲ့ ဖျောက်ပေးပါတယ်

Image



ညီမကိုယ်တိုင် ဖျောက်ထားတာပါ ပါဝါ ၇၀၀ ၇၅၀ အဝေးမှုန်ပါ ဆလင်ဒါလည်း ၁၀၀ ရှိပါတယ် ။ တစ်ယောက်ပြီး တစ်ယောက်လာမေးကြလို့ တခြားသူတွေကိုလည်း သိစေချင်လို့ပါ ။ ပထမဆုံး ရွှေဘုံသာလမ်း အမေရိကန်ဗွီရှင်းမှာ ဆရာကြီးဦးတင်ဝင်းနဲ့ သွားပြပါတယ် ဆရာကြီးက စနေ တနင်္ဂနွေမနက်ပိုင်း ထိုင်ပါတယ်။ ဆရာကြီးကို ပြပြီး မျက်စိပါဝါဖျောက်လို့ ရမလားမေးတော့ တာမွေမျက်စိဆေးရုံကို ပြန်ချိန်းပါတယ်။ ဆေးရုံမှာ ပါဝါဖျောက်လို့ ရ မရ စမ်းသပ်ပြီး ဖျောက်လို့ရရင် နာမည်ရယ် ဖုန်းနံပါတ်ရယ် ယူထားပါတယ်။ ပြီးရင် အလှည့်ကျ ပါဝါဖျောက်ပေးပါတယ်။ ပါဝါဖျောက်မယ့်သူအရေအတွက်ပေါ်မူတည်ပြီး ၃လကနေ ခြောက်လလောက်အထိ စောင့်ရမှာပါ။ ကိုယ့်အလှည့်ရောက်ရင် ဖုန်းဆက်ပြီး ရက်ချိန်းပေးပါတယ်။ ညီမတုန်းကတော့ ၄လလောက် စောင့်လိုက်ရပါတယ်။

နောက်ပြီး စမ်းသပ်တုန်းကရင်း ကိုယ့်မျက်စိအခြေအနေပေါ်မူတည်ပြီး ဖြစ်နိုင်ချေရှိတာတွေကို တစ်ခါတည်း ပြောပြပါတယ် (ညီမကိုတော့ ညဘက် ကားမောင်းလို့ အဆင်မပြေဘူး ပြောပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး၊ ကိုယ့်မျက်လုံးပေါ်မူတည်ပါတယ်၊ အကုန်အဆင်ပြေသွားတဲ့သူတွေလည်း ရှိပါတယ်) လက်ခံတယ် ဆိုရင် စာရင်းသွင်းပေးပါတယ်။ ပါဝါဖျောက်မယ်ဆိုရင် မေ့ဆေးမပေးပါဘူး။ မျက်လုံးကို ထုံဆေးမျက်စဉ်းပဲ ခတ်ပေးတာပါ။ အဲ့တော့ ကိုယ့်မျက်လုံးကို ဘာတွေလုပ်နေတယ်ဆိုတာ အကုန်သိနေပါတယ် 😬 Operation room မှာ အလွန်ဆုံး နာရီဝက်ပဲ ကြာပါတယ်။ လေဆာပစ်တာကတော့ တစ်ဖက်ကို ၂မိနစ်လောက်ပဲ ကြာတာပါ။ (နာရီဝက်လောက်သည်းခံပြီးတာနဲ့ ကောင်းသွားမှာလို့ မှတ်လိုက်ရင် အဆင်ပြေသွားမှာပါ မကြောက်ပါနဲ့နော်)

ပါဝါဖျောက်ပြီးတဲ့နောက်

ကြည်ကြည်လင်လင်ဖြစ်သွားတာ တွေ့ရမှာပါ။ ပုံမှန် မျက်စဉ်းခတ်ပေးရပါတယ်။ မျက်စိကို အရမ်းဂရုစိုက်ရပါမယ်။ ၂ပတ်တိတိ ရေမထိရဘူး။ ဖုန်း၊ ကွန်ပျူတာ၊တီဗွီစသဖြင့် မကြည့်ရပါဘူး။ (ကိုယ့်တုန်းကတော့ ဇိမ်ပဲ အိပ်လိုက် စားလိုက် :P) နောက်ပြီး ရက်ချိန်းအတိုင်း ဆေးခန်းကို ၂ပတ်တစ်ခါလောက် သွားပြရပါတယ်။ ညီမကတော့ ဘယ်ဘက်မျက်လုံးမှာ အနီကွက်လေး နည်းနည်းပေါ်တဲ့အတွက် ပျောက်တဲ့အထိ သွားပြရပါတယ်။ ဖျောက်ပြီးတော့လည်း ပါဝါ ၅၀၊ ၇၅ လောက်ကျန်ပါသေးတယ်။ ဒါပေမယ့် တဖြည်းဖြည်းချင်း လျော့သွားမှာပါ။ ၃လနောက်ပိုင်းမှ ပါဝါအမှန်ဖြစ်မှာပါ။

ကုန်ကျစရိတ် မျက်စဉ်းဖိုးရယ်၊ ဆေးခန်းပြတာရယ်၊ ကားခရယ်ပဲ ကုန်ပါတယ်။ အားလုံး တစ်သိန်းကျော်လောက်ပဲ ကျပါတယ်။ ဆေးရုံကိုတော့ တတ်နိုင်သလောက် အလှူငွေထည့်လို့ရပါတယ်။

ညီမအခုလက်ရှိကတော့ အားလုံးကောင်းပါတယ်။ မီးရောင်စူးစူး နေရောင်စူးစူးတော့ သိပ်မခံနိုင်ပါဘူး။ ကျန်တာ အဆင်ပြေပါတယ်။

ဆရာကြီးဦးတင်ဝင်းနှင့်တကွ ဆေးရုံက ဆရာ၊ ဆရာမတွေ အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်။ အရမ်းလည်း သဘောကောင်းကြပါတယ်။

အခုဆို လမ်းမှာ ကိုယ့်လို မျက်မှန်အထူကြီးတွေ တပ်ထားတာ တွေ့ရင် အရမ်းပြောပြချင်နေတာ။ ကိုယ့်အသိတွေကိုလည်း ပြောပြတယ်။ အသိတွေထဲက လုပ်တာ ၄ ၅ ယောက်လောက် ရှိပြီ။ သူတို့လည်း အကုန်အဆင်ပြေကြတယ်။ အခြားသူတွေကိုလည်း ကိုယ့်လိုပဲ အဆင်ပြေစေချင်ပါတယ်နော်။

အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးပါ 😊

အခြားသူတွေကိုလည်း သိစေချင်လို့ပါနော် 😇

Ps. အပေါ်မှာ ပြောပြခဲ့တာတွေက လွန်ခဲ့တဲ့ ၆လက ညီမသိထားတာတွေပါ။ အခုနောက်ပိုင်း နည်းနည်းပါးပါး ထပ်ပြောင်းတာတွေလည်း ရှိနိုင်မှာပါ

ဖိုးသူတော် (www.phothutaw.com)

Credit: PhooPhoo Zin Kyaw

#

Latest Comments

Leave a Comment

Related News