Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် လယ်ယာမြေဥပဒေများနှင့် ပတ်သက်ပြီး သိရှိထားသင့်သည့် ဗဟုသုတများ

Image



မေး- မြန်မာနိုင်ငံခေတ်အဆက်ဆက် လယ်ယာမြေဥပဒေများနဲ့ပတ်သက်ပြီး အန်ကယ်တို့ရဲ့ အတွေ့အကြုံအရ အခြေအနေများကို ရှင်းလင်းပြောကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဖြေ- အန်ကယ်အနေနဲ့ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ နှစ်ပေါင်း(၃၀)ကျော် တာ၀န်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည်မှာလည်း နှစ်ပေါင်း(၂၀)ခန့်လောက် ရှိပြီဖြစ်ပါတယ်။ တောင်သူလယ်သမားများနှင့် အနီးကပ်ထိတွေ ့သူများဖြစ်၍ တောင်သူလယ်သမားများ၏ ဘ၀အခြေအနေများကိုလည်း သိရှိသူများ ဖြစ်ကြပါတယ်။ ခေတ်အဆက်ဆက် အစိုးရ အဆက်ဆက်တို့၏ မြေယာမူ၀ါဒ(LAND POLICY) မြေယာပိုင်ဆိုင်မှုစနစ် (LAND TENURE) စသည့် မြေယာစီမံခန့်ခွဲမှု လုပ်ငန်းပေါင်းများစွာကို ထိတွေ့တာ၀န်ယူလာသည့် ပုဂ်္ဂိုလ်များလည်း ဖြစ်ကြပါတယ်။ အန်ကယ်အနေနဲ့ မြန်မာဘုရင်များလက်ထက် မြေယာစနစ်ကို ပထမပြောကြားလိုပါတယ်။ မြန်မာနိုင်ငံဟာ ဘုရင့်နိုင်ငံအဖြစ်ဖြင့် နှစ်ပေါင်းများစွာ စားသောက်နေထိုင်လာခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

လူများဟာ မြေယာများကို အခြေခံပြီး လုပ်ကိုင်စားသောက်နေထိုင်သူများဖြစ်၍ မြေယာသမိုင်းသည်ပင်လျှင် လူသားတို့၏ သမိုင်းပင်ဖြစ်သည်ဟု ခေါ်ဆိုနိုင်ပါတယ်။ မြန်မာဘုရင်များ အုပ်စိုးစဉ်ကာလ မြေယာစနစ်မှာ မြေရှင်ပဒေသရာဇ်စနစ် (FEUDLISM)ဖြစ်ပြီး မြန်မာဘုရင်များ အုပ်စိုးစဉ်ကာလ မြေယာစနစ်ကို လေ့လာကြည့်လျှင် --

(က) ဘုရင့်မြေ၊

(ခ) မင်းညီမင်းသားမြေ၊

(ဂ) အမှုထမ်းမြေ၊

(ဃ) အများပြည်သူပိုင်မြေ၊

(င) ၀တ္တကမြေ၊

ဟူ၍ မြေယာအသုံးချသည့် စနစ်(၅)မျိုးတွေ့ရပါတယ်။ ဒုတိယအနေနဲ့ ဗြိတိသျှအစိုးရ လက်ထက် မြေယာစနစ်ကို ပြောကြားလိုပါတယ်။ ၁၈၂၅ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ဗြိတိသျှတို့ဟာ စစ်ကြေငြာပြီး မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရာ မြန်မာတို့စစ်ရှုံးသဖြင့် ၁၈၂၆ခုနှစ်၊ ဖော်ဖော်၀ါရီလ (၂၄)ရက်နေ့တွင် ရန္တပိုစာချုပ်ချုပ်ဆို၍ စစ်ပြေငြိမ်းလိုက်ရပါတယ်။ ရခိုင်နှင့် တနင်္သာရီဒေသတို့ကို ဗြိတိသျှတို့ သိမ်းယူသွားခဲ့ပြီး ဗြိတိသျှတို့ အောက်မြန်မာပြည်ကို သိမ်းယူစဉ်က မြေရှင်ပဒေသရာဇ်စနစ်(LAND FEUDALISM)ကိုဖျောက်ပြီး မြေယာအားလုံး အစိုးရပိုင်မြေအဖြစ် သတ်မှတ်လျက် ကိုယ်ပိုင်ကြီးကြပ်ထုတ်လုပ်သည့် မြေယာအရင်းရှင်စနစ် (LAND CAPITALISM)ကို အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ပါတယ်။ ဗြိတိသျှတို့ဟာ မြန်မာ့လယ်ယာ သယံဇာတမှ အစွန်းအမြတ်ထုတ်ယူရန် ရည်ရွယ်လာခြင်းဖြစ်ပါတယ်။ ဗြိတိသျှနယ်ချဲ့တို့ဟာ အောက်မြန်မာပြည်မှ မြေအားလုံးကို နိုင်ငံပိုင်မြေ(STATE LAND )အဖြစ် သိမ်းယူလိုက်ပြီး

--

(၁) စကွာတာစနစ် (squatter system)၊

(၂) ပတ္တာစနစ် (patter system )၊

(၃) မြေငှားစနစ် (lease system)၊

(၄) ဂရန်စနစ် (grant system)၊

(၅) ကိုလိုနီစနစ် (colony system)၊

ဟူ၍ မြေယာစနစ်(၅)မျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

မေး- မြန်မာဘုရင်များလက်ထက်နှင့် ဗြိတိသျှအစိုးရလက်ထက်တို့မှာ လယ်ယာမြေစည်းကမ်းများနှင့် ပတ်သက်၍ ဘယ်လိုရှိခဲ့ပြီး ဘယ်လိုကွာခြားမှု ရှိကြောင်းကိုလည်း ရှင်းပြပေးပါဦး။

ဖြေ- မြန်မာပြည်ဘုရင်များခေတ် လယ်ယာမြေစည်းကမ်းများမှာ --

(၁) လယ်ယာမြေလုပ်ကိုင်သူအားလုံးဟာ မြေခွန်တော် ကင်းလွတ်ခွင့် ပြုထားသူများမှအပ သတ်မှတ်ထားသော မြေခွန်တော်ကို ပေးဆောင်ရပါတယ်။

(၂) လယ်ယာမြေ လုပ်ကိုင်သူ သီးစားဟာ မြေရှင်ကို သီးစားခ ပေးစေရပါတယ်။

(၃) အမွေဆက်ခံမည့်သူမရှိသော ဘုရင်မြေ၊ မင်းညီမင်းသားမြေ၊ အမှုထမ်းမြေ၊ ၀တ္တကမြေများတွင် ကိုယ်တိုင်လုပ်ကိုင်ပြီး လက်စားလိုက်စနစ်အရ အချင်းချင်း ရိုင်းပင်းကူညီလုပ်ကိုင်ခြင်းကြောင့် လယ်ယာမြေ အငြင်းပွားမှု အထူးနည်းပါးကြောင်း သိရတယ်ဗျ။ ဆက်လက်ပြီး ဗြိတိသျှခေတ် မြေယာစည်းကမ်းများအကြောင်းကို ပြောပြပါမယ်။ ဗြိတိသျှခေတ် မြေယာစည်း ကမ်းများမှာ --

(၁) မိမိသဘောအရ ကျူးကျော်လုပ်ကိုင်သူများနှင့် တရား၀င်ချ ထား၍ လုပ်ကိုင်နေသူများသည် နိုင်ငံတော်သို့ သတ်မှတ်သော နှုန်းထားအတိုင်း မြေခွန်တော်ပေးဆောင်ရပါတယ်။

(၂) မြေရှင်တို့သည် ၎င်းတို့စိတ်ကြိုက်ရွေးချယ်ပြီး လယ်ယာမြေကို သီးစားချထားနိုင်ပါတယ်။

(၃) သီးစားခနှုန်းထားကိုလည်း ကန့်သတ်မှုမရှိ မြေရှင်က သတ်မှတ်နိုင်ပါတယ်။

(၄) သီးစားခများကိုလည်း ပျက်ကွက်ခြင်းဖြင့် လိမ်လည်မှုမရှိစေရ ပါဘူး။

(၅) မြေယာမှုခင်းနှင့်ပတ်သက်၍ တရားရုံးမှာ တရားစွဲဆိုခွင့်ရှိတယ်။

(၆) အမှုရှုံးသူဟာ မြေပေါ်မှာ ဆက်လက် ကျူးကျော်မှု မရှိစေရဘူး။

(၇) မြေပေါ်ရှိ လုပ်ငန်းခွင်ပစ္စည်းများကို ဖျက်စီးခြင်း မပြုရဘူး။

(၈) တရားရုံးအမိန့်ဖြင့် လူကို သော်လည်းကောင်း၊ ထွန်တုံးထွန်တံနှင့် လယ်လုပ်ကိရိယာများကို ၀ရမ်းကပ်နိုင်တယ်။

(၉) စည်းကမ်းဖောက်ဖျက်ပါက ရာဇသတ်ကြီးပုဒ်မ ၁၈၈၊ ၄၂၀၊ ၄၀၆၊ ၄၂၆ နှင့် ၄၄၇ တို့နဲ့ တရားစွဲလို့ရတယ်။ ဗြိတိသျှခေတ်မှာ တောင်သူလယ်သမားတို့ရဲ့ လူနေမှုဘ၀အခြေအနေက မြေရှင်ကြီးများရဲ့ ဖိနှိပ်ခံသီးစားဘ၀ အဆင့် အနေနဲ့သာ နေထိုင်ခဲ့ရသလို လယ်ပိုင်ရှင်ကြီးများရဲ့ ဘ၀နဲ့လည်း နေထိုင်ခဲ့ရ တယ်။

မေး- မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး လယ်ယာလုပ်ကိုင်မှုနှင့် ပတ်သက်၍ နိုင်ငံတော်၏ သဘောထားကို ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၃) ပုဒ်မ(၃၀)တွင် --

(၁) နိုင်ငံတော်သည် မြေအားလုံးရဲ့ ပင်ရင်းပိုင်ရှင်ဖြစ်တယ်။

(၂) ဤအခြေခံဥပဒေ၏ ပြဌာန်းချက်ဖြင့် မဆန့်ကျင်စေဘဲ မြေယာပိုင်ဆိုင်ခွင့်စနစ်များကို စည်းမျဉ်းတကျ ဖြစ်ပေါ်စေဖို့ အတွက်သော်လည်းကောင်း၊ လွှဲပြောင်းရန်သော်လည်းကောင်း၊ ဖျက်သိမ်းရန်သော်လည်းကောင်း၊ နိုင်ငံတော်၌ အခွင့်အရေးရရှိရမည်။ ဒါမှမဟုတ် ဘယ်လို လယ်ယာမြေကိုမဆို ပြန်သိမ်းယူပြီးလျှင် ထိုမြေယာကို စုပေါင်းစိုက်ပျိုးရေးအတွက် ဖြစ်စေ၊ သမ၀ါယမစိုက်ပျိုးရေးအတွက် ဖြစ်စေ၊ လယ်သီးစားများသို့ဖြစ်စေ ေ၀ငှပေးရန် ဖြစ်တယ်။

(၃) ဘယ်လိုအခြေခံစနစ်နှင့်မှ နေရာ အမြောက်အများကို ပိုင်ဆိုင်နိုင်သော အခွင့်အရေးမရှိစေရ။ တစ်ဦးတည်းပိုင်ဆိုင်နိုင်သော အခွင့်အရေးမရှိစေရ။ တစ်ဦးတည်းပိုင်ဖြစ်စေ မြေယာ၏ အများဆုံးအရေအတွက်ကို တရားဥပဒေနဲ့ သတ်မှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။ ၁၉၅၃ ခုနှစ် လယ်ယာမြေဥပဒေသစ်ကို ပါတီမန်ခေတ်တွင် တင်သွင်းအတည်ပြု ပြဌာန်းခဲ့တယ်။ ၁၉၅၃ခုနှစ် လယ်ယာမြေနိုင်ငံပြုလုပ်ရေး အက်ဥပဒေဟာ ၁၉၅၃ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံတော်တစ်၀န်းလုံးတွင် အာဏာတည်ခဲ့တယ်။ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးစီမံကိန်းရဲ့ ရည်ရွယ်ချက်မှာ မြေရှင်ကြီးစနစ်ကို ဖျက်သိမ်းပြီး မြေယာစနစ်သစ် တည်ဆောက်ရေးပင်ဖြစ်တယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် လယ်မလုပ်သူ လယ်ပိုင်ရှင်များထံကနေ လယ်ယာမြေများကို သိမ်းယူတယ်။ အမှန်တကယ်လုပ်ကိုင်မဲ့ တောင်သူလယ်သမားများကို လူတန်းစေ့ နေမှု၊ စားမှု၊ ၀တ်မှု တို့ဖြင့် မြှင့်တင်ဖို့ ရည်ရွယ်ခဲ့တယ်။ အဲဒီကတစ်ဆင့် ကျေးလက်စီးပွားရေးစနစ်သစ်ကို ခေတ်နဲ့အညီ တည်ဆောက်ပြီး တောင်သူလယ်သမားများ၏ ဘ၀သစ်ကို ဖန်တီးရန်ပဲဖြစ်တယ်။

မေး- အန်ကယ်ပြောသွားတဲ့အထဲမှာ မည်သည့်အခြေခံစနစ်နဲ့မှ နေရာအမြောက်အများကို ပိုင်ဆိုင်နိုင်သော အခွင့်မရှိစေရဟု ပြောသွားပါတယ်။ လက်တွေ့အခြေအနေမှာကော ဘယ်လိုအခြေအနေရှိတယ်ဆိိုတာ သိလိုပါတယ်။

ဖြေ- ပါလီမန်အစိုးရလက်ထက်မှာ လယ်ယာမြေနိုင်ငံပိုင် အက်ဥပဒေကို ပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့သော်လည်းပဲ ၁၉၆၂ခုနှစ် မတ်လ(၂)ရက်နေ့တွင် တော်လှန်ရေးအစိုးရ တက်လာသည့်တိုင်အောင် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဆက်လက်အကောင်အတည်ဖော်ရန် မဖြစ်နိုင်တော့ပါ။ မြန်မာ့လယ်ယာမြေသမိုင်းတွင် ပထမဆုံးမြေယာပြုပြင်ပြောင်းလဲမှု (LAND REFORM)လုပ်ခြင်းမှာ ရည်မှန်းချက်ပန်းတိုင်သို့ ဆက်လက် ချီတက်ခြင်းမရှိ၍ ၁၉၅၈-၅၉ ခုနှစ်မှာပင် ရပ် တန့်သွားခဲ့ရပါတယ်။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်မှာ လယ်ယာမြေလုပ်ကိုင်မှုစနစ်ကို တော်လှန်သည့် ၁၉၆၃ ခု သီးစားချထားရေးဥပဒေကို ၁၉၆၃ခုနှစ်၊ မေလ(၂၅) ရက်နေ့တွင် ပြဋ္ဌာန်းလိုက်ပါတယ်။ ယင်း ဥပဒေအရ သီးစားလုပ်ကိုင်သည့် မြေမှန်သမျှကို တော်လှန်ရေးကောင်စီအစိုးရကသာ ဦးစီးကွပ်ကဲ၍ သီးစားချထားရန် ဖြစ်ပြီး ဗဟိုလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီမှ ကျွမ်းကျင်များ ထည့်သွင်း၍ --

(က) ဗဟိုမြေယာကော်မတီ၊

(ခ) တိုင်းမြေယာကော်မတီ၊

(ဂ) မြို့နယ်မြေယာကော်မတီ၊

(ဃ) ရပ်ကွက်/ကျေးရွာအုပ်စု မြေယာကော်မတီ၊

ဟူ၍ မြေယာကော်မတီများ အဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပါတယ်။

၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေမှာ လယ်လုပ်ကိရိယာများနဲ့ မြေယာလုပ်ကိုင်သူ သီးစားများရဲ့ ပစ္စည်းများကို ၀ရမ်းကပ် သိမ်းစည်းခြင်းနဲ့ လူကို ဖမ်းဆီးချုပ်နှောင်တရားစွဲဆိုခြင်းများ မပြုရ ပြဋ္ဌာန်းချက်ပါရှိတယ်။ ဒါ့အပြင် ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၂၆၊ ၄၀၆၊ ၄၂၀၊ ၁၈၈ တို့အရ အရေးယူတရားစွဲဆိုမှုများကိုလည်း ကာကွယ်ထားခြင်းများ တွေ့ရတယ်။

မြေယာချထားခြင်းများကို အဆင့်ဆင့် မြေယာကော်မတီက ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ပြီး တောင်သူလယ်သမားများရဲ့ လုပ်ကွက်များ တည်ငြိမ်အေးချမ်းပြီး အေးအေးချမ်းချမ်း နေခဲ့ရတယ်။ တောင်သူလယ်သမားများအနေနဲ့လည်း မတရားမြေယာသိမ်းဆည်းခံရခြင်း၊ မြေယာလက်လွတ် ဆုံးရှုံးမှုများ မပေါ်ပေါက်ခဲ့ဘူး။ ဗဟိုမြေယာကော်မတီကို ဖျက်သိမ်းတယ်။ အဲ့ဒီနောက်မှာ လယ်ယာမြေများကို မတရားသိမ်းဆည်းမှုများ၊ စာချုပ်စပါးမကျေလို့ လယ်သမားများ ဖမ်းဆီးချုပ်နှောင်ခြင်း၊ လယ်ယာမြေများ သိမ်းဆည်းခြင်း အဲ့ဒီလို အနိဋ္ဌာရုံများကို တောင်သူလယ်သမားများ ခါးစည်းပြီး ခံခဲ့ရတယ်။

မေး- အခု ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနဲ့ပတ်သက်ပြီး အန်ကယ့်ရဲ့ သဘောထား ဘယ်လိုရှိသလဲဆိုတာ ပြောပြစေချင်ပါတယ် အန်ကယ်။

ဖြေ- ၂၀၁၂ လယ်ယာမြေဥပဒေကို ၂၀၁၂ခုနှစ် မတ်လ(၃၀)ရက်နေ့မှာ လယ်ယာမြေဥပဒေကို ပြဋ္ဌာန်းခဲ့တာကို အားလုံးသိပြီးဖြစ်ပါတယ်။ အဲ့ဒီဥပဒေပြုစုရာမှာ အချိန်တိုလေးအတွင်း ရေးဆွဲခဲ့တယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီများတွင် လယ်ယာလုပ်ငန်းနှင့် တောင်သူလယ်သမားများနှင့် ထိတွေ့မှုနည်းပါးခြင်း စသည်တို့ကြောင့် ဒီဥပဒေမှာ အားနည်းချက်များရှိိခဲ့တယ်လို့ သုံးသပ်ချင်ပါတယ်။ မြေယာမူ၀ါဒနှင့် လုပ်ကိုင်မှုစနစ်ကို ပြုပြင်ပြောင်းလဲရေးအတွက် ဥပဒေတွေ ပြဋ္ဌာန်းကျင့်သုံးခဲ့တဲ့နေရာမှာ ဘယ်လိုတိုင်းပြည်မှ အားရကျေနပ်နှစ်သက်ပြီး စင်းလုံးချောကောင်းမွန်တဲ့ ဥပဒေလို့ ပြောဖို့ဆိုတာ ခက်ခဲတယ်။

၂၀၁၂ မြေယာဥပဒေအခန်း(၂) ပုဒ်မ(၆)မှာ သက်ဆိုင်ရာခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ သဘောတူညီချက်နဲ့ မြို့နယ်မြေစာရင်းဦးစီးဌာနတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေး ပေးဆောင်၍ မှတ်ပုံတင်ပြီး လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးရမယ်လို့ ပြဋ္ဌာန်းထားတာ တွေ့ရှိရတယ်။ ဒီပြဋ္ဌာန်းချက်နဲ့ပတ်သက်ပြီး မှတ်ပုံတင်နိုင်ရေးမှာ လယ်သမားများအနေနဲ့ မိမိတို့ရဲ့ ကျေးရွာမှာ မြို့နယ်ကို အကြိမ်ကြိမ် သွားလာနေရပြီး ခရီးစရိတ်၊ စားစရိတ်၊ ကုန်ကျရတယ်။ မှတ်ပုံတင်ဖို့အရေး စာရွက်တမ်းတွေ၊ စာချုပ်တွေ ရေးဖို့ အခက်အခဲ ကြုံနေရသည့်အပြင် တတ်ကျွမ်းတဲ့သူကို အကူအညီများ ယူရမယ်ဆိုရင်လည်း ငွေကုန်ကြေးကျတွေ များတယ်။ ဒါ့အပြင် မှတ်ပုံတင်ပြီး လုပ်ငန်းခွင်လက်မှတ် ရရှိရေးအတွက်လည်း လုပ်ငန်းအဆင့် များပြားလို့ လပေါင်းမြောက်များစွာ အချိန်ကြန့်ကြာတယ်လို့ ပြောချင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ နည်းဥပဒေမှာ လွယ်ကူတဲ့နည်းလမ်း ငွေကုန်ကြေးကျနည်းတဲ့နည်းလမ်းတွေမှာ အချိန်တိုအတွင်း ဆောင်ရွက်နိုင်တဲ့နည်းလမ်းတွေကို ပြဋ္ဌာန်းသင့်တယ်။ အန်ကယ်ဆိုလိုတာက တောင်သူလယ်သမားများအတွက် ၀န်ထုပ်၀န်ပိုး မဖြစ်စေဖို့ ဦးစားပေးဆောင်ရွက်သင့်တယ်။ တရုတ်ပြည်သူ့ ကွန်ကရက်ဥပဒေကြမ်းရေးဆွဲရေးကော်မတီ(Bill Committee ) အနေနဲ့ ဥပဒေမူကြမ်းများကို သတင်းစာနဲ့ အင်တာနက်တို့မှာ ကြိုတင်ဖော်ပြပြီး ပြည်သူတို့ရဲ့ အကြံဉာဏ်များကို ရယူဆောင်ရွက်တယ်ဆိုတာ သိရတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို ဆောင်ရွက်သွားသင့်တယ်ဆိုတာလည်း ပြောချင်ပါတယ်။

မေး- နောက်ဆုံးအနေနဲ့ အန်ကယ့်အနေနဲ့ ဘာတွေများ အကြံပြုချင်ပါသလဲ။

ဖြေ- အန်ကယ်တို့အနေနဲ့ အကြံပြုချင် တင်ပြလိုတာက-

(၁) လူဦးရေဆိုတာ အမြဲတိုးတက်နေသော်လည်း လူဦးရေလို မြေယာဆိုတာ တိုးတက်များပြားလာတဲ့ပစ္စည်းမဟုတ်ဘူး။ သယံဇာတတွေ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးကို အလေးပေးပြီးတော့ ကာကွယ်သင့်တယ်။

(၂) ဖြစ်ပေါ်လာမယ့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများဟာ တောင်သူလယ်သမားများကို ဗဟိုပြုပြီးတော့ လုပ်ဖို့လိုအပ်တယ်။

(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ(၂၃)(က)အရ မြေယာသယံဇာတ ကာကွယ်ထိန်း သိမ်းဖို့ဆိုတာကို ဥပဒေပြဋ္ဌာန်းသင့်ပြီး အဲ့ဒီပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက် အကောင်အထည်ဖော်သင့်တယ်။

(၄) တောင်သူလယ်သမားတွေ စီးပွားရေးပြိုလဲသွားမယ်ဆိုရင် နိုင်ငံတော်တစ်ခုလုံးရဲ့ စီးပွားရေးလည်း ပြိုလဲပျက်စီးသွားနိုင်တဲ့ အတွက်ကြောင့် တောင်သူလယ်သမားတို့ရဲ့ စီးပွားရေးတိုးတက်မှုကို ဦးစားပေးသင့်တယ်။

(၅) မြေရှင်ကြီးစနစ်ဆိုတာ ခေတ်အဆက်ဆက် တောင်သူလယ် သမားများကို ဖိနှိပ်ခဲ့သည့်အပြင် တောင်သူလယ်သမားများကိုလည်း အကျိုးမပြုသောစနစ် ဖြစ်တဲ့အတွက်ကြောင့် မြေရှင်ကြီးများထပ်မံ မဖြစ်ပေါ်နိုင်ရေးကို အထူး ကာကွယ်ဖို့ လိုအပ်တယ်။

(၆) စိုက်ပျိုးရေးကို အရှိန်အဟုန်နဲ့ဆောင်ရွက်ရာမှာ တောင်သူလယ်သမားများ မြေယာလက်ရလွှတ်ခြင်း၊ အစမ်းသပ်ခံ၊ စတေးခံ တောင်သူလယ်သမားတွေ မဖြစ်ဖို့ လိုအပ်တယ်။

(၇) လုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများ အကျိုးတူ ဖက်စပ်လယ်ယာလုပ်ငန်းလုပ်ကိုင်ရာမှာ တောင်သူလယ်သမားများအတွက် အကျိုးအမြတ်မရှိိပါဘဲ တောင်သူလယ်သမားများအတွက် မြေယာလက်လွှတ်ခဲ့ရပြီး တစ်ချို့ဆိုရင် လုပ်ငန်းရှင်ရဲ့ တရားစွဲမှုများကိုပင် ခံနေရပြီး အဲ့ဒီလိုအဖြစ်မျိုး မဖြစ်ဖို့ရန်အတွက် တောင်သူလယ်သမားများကို အကယ်အကွယ်ပေးသွားရန် လိုအပ်ပါတယ်။

(၈) လုပ်ငန်းရှင်များနဲ့ တောင်သူလယ်သမားများ အကျိုးတူ လုပ်ကိုင်မယ်ဆိုရင် တောင်သူလယ်သမားများ ရေရှည်အကျိုးရှိနိုင်မယ့် လုပ်ငန်းမျိုးကိုသာ ခွင့်ပြုသင့်တယ်။ တောင်သူလယ်သမားများ သဘောမတူရင်တော့ ခွင့်မပြုသင့်ဘူး။ တောင်သူလယ်သမားများကို အဓမ္မဖိအားပေးမှုမျိုးကို ရှောင်ရှားရန် လိုအပ်တယ်။

(၉) လုပ်ငန်းရှင်များ လယ်ယာလုပ်ကိုင်ခွင်မှာ ပါ၀င်ဆောင်ရွက်လိုရင် မြေလွတ်မြေရိုင်းများကို လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်သင့်တယ်။

(၁၀) လယ်ယာမြေများမှာ လုပ်ငန်းရှင်နှင့် နိုင်ငံခြားလုပ်ငန်းရှင်များရဲ့ လုပ်ကိုင်ခွင့်ကို နို်င်ငံတော်သမ္မတရဲ့ သဘောတူညီချက် ရယူပြီးမှ ဗဟိုမြေယာကော်မတီက ခွင့်ပြုချက် ပေးသင့်တယ်။

(၁၁) နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတွေအတွက် လယ်ယာမြေကိုသိမ်းယူခွင့်ရှိပြီး မြေယာသိမ်းဆည်းခြင်း အခွင့်အာဏာကို ဗဟိုမြေယာကော်မတီအား အပ်နှံလျက် ဗဟိုမြေယာကော်မတီကသာ မြေယာသိမ်းဆည်းခွင့် အမိန့်ကို ထုတ်ပေးဖို့ မြေယာသိိမ်းဆည်းခံရသည့် တောင်သူလယ်သမားများအတွက် တန်ရာတန်ကြေးပေးပြီး အသက်မွေးမှုလုပ်ငန်းများ၊ မထိခိုက်စေဖို့အတွက် စီမံဆောင်ရွက်ပေးသင့်တယ်။

(၁၂) ဆယ်စုနှစ်များစွာကတည်းက လယ်ယာမြေတွေကို အကန့်အသတ်မရှိ တခြားနည်းအသုံးပြု၍ လက်ရှိအခြေအနေတွင် စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ အားနည်းနေတယ်လို့ သုံးသပ်မိပါတယ်။ ကမ႓ာ့ဘဏ်ချေးငွေနဲ့ မြေယာဖော်ထုတ်ခြင်း လုပ်ငန်းတွေကို ဧရာ၀တီတိုင်းမှာ ဆောင်ရွက်ပေးခဲ့သလိုပဲ အခုအခါမှာလည်း အလားတူ ဖော်ထုတ်ဆောင်ရွက်သွား သင့်တယ်။

(၁၃) အကြီးစားမြေယာစနစ် (LARGE SCALE FARMING)ဆိုတာ ထုတ်လုပ်မှုကို အထောက်အကူ ပြုသော်လည်း မြန်မာနိုင်ငံရဲ့ (၇၀)ရာခိုုင်နှုန်း တောင်သူလယ်သမားများရဲ့ဘ၀ မြေပိုင်ဆိုင်မှုအခြေအနေနဲ့ လယ်ယာမြေများရဲ့ သွင်ပြင်လက္ခဏာများကို အထူးအလေးပေး စဉ်းစားသင့်ကြောင်း ပြောလိုပါတယ်။ အန်ကယ်က အငြိမ်းစား ၀န်ထမ်းဆိုတော့ အသက်အရွယ်ကြီးမြင့်သူများဖြစ်လို့ မိခင်မြေကြီးဆီ ပြန်ကြဖို့ အချိန်နီးပါပြီ။ အခုလို အကြံပေးရခြင်းမှာလည်း ခေတ်မီနိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် တင်ပြရခြင်းဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Rule Of Law In Myanmar

Tags:
  • ,

Latest Comments

Leave a Comment