Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

မည်သည့်ကံကမှ မတားမြစ်နိုင်သည့် ကြီးလေးသော ကံ - နှစ်မျိုး ..!

Image



အသေအချာဖတ်ဖို့တော့ လိုပါမည်။ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည်

မိမိတို့ပြုထားအပ်သော ကံ-ကသာ မိမိတို့ကို ဖြစ်လေရာဘဝတိုင်းတို့၌

အယုတ်အမြတ်စသည်ဖြင့် ဝေဖန်ပေးလျက်ရှိပေသည်။ ကံ၏ စီမံခန့်ခွဲမှုကို

ခံယူကြရပေသည်ဟု ယုံကြည်လျက်ရှိကြပေသည်။ ထိုထိုဘဝတို့၌ ဖြစ်ကြရသည့်အခါမှာ

အသက်တိုရတာ၊ အသက်ရှည်ရတာ၊ အနာရောဂါများရတာ၊ အနာရောဂါကင်းရတာ၊ အဆင်းလှရတာ၊

အဆင်းမလှရတာ၊ ဘုန်းတန်ခိုးကြီးမားရတာ၊ ဘုန်းတန်ခိုးနည်းရတာ၊

ပစ္စည်းဥစ္စာပေါများရတာ၊ ပစ္စည်းဥစ္စာရှားပါးရတာ၊ အမျိုးမြတ်ရတာ၊

အမျိုးယုတ်ရတာ၊ ပညာဉာဏ်ကြီးမားရတာ၊ ပညာဉာဏ်နည်းပါးရတာ၊ အ ခြံ

အရံများရတာ၊ အခြံအရံနည်းပါးရတာ စသည်များကို ကံကပင်လျှင် ဝေဖန်ပေးခြင်း၊

စီမံခန့်ခွဲပေးခြင်း ဖြစ်ပေသည်ဟု မြတ်စွာဘုရားဟောကြားတော်မူသည့်အတိုင်း

ကံနှင့် ကံ၏အကျိုးပေးတို့ကို အထူးယုံကြည်အားကိုးလျက် ရှိကြပေသည်။

ထိုကံတို့သည် ရှေ့နောက် အကျိုးပေးသော အစဉ်အားဖြင့်

(၄)မျိုးကွဲပြားလျက်ရှိပေသည်။

၁။ဂရုကံ-(Garuka-Kamma= Weighty Kamma) ကံတစ်ပါးတို့သည် မတားမြစ်နိုင်သည့် ကြီးလေးသောကံ။

၂။အာသန႖ကံ- (Asanna-Kamma= Proximate Kamma) သေခါနီးကာလ၌ ပြုအပ်သောကံနှင့် အောက်မေ့အပ်သည့်ကံ။

၃။အာစိဏ္ဏကံ- (Acinna-Kamma= Habitual Kamma) နေ့စဉ် အကြိမ်များစွာ လေ့ကျက်အပ်သောကံ။

၄။ကဋတ္တာကံ- (Katatta Kamma= unspecified Kamma) ပြုဖူးကာမျှဖြစ်သောကံဟူ၍

အကျိုးပေးသောအစဉ်အားဖြင့် (၄)မျိုးကွဲပြားလျက် ရှိပေသည်။

ဒီကံလေးခုထဲက

၁။ ဂရုကံ အကြောင်းကို တင်ပြချင်ပါတယ်။ ဂရုကံဆိုတာက ကံတစ်ပါးတို့သည်

မတားမြစ်နိုင်သည့် ကြီးလေးသောကံပင်ဖြစ်၏။ ထိုဂရုကံသည် ကုသိုလ်ကံနှင့်

အကုသိုလ်ဟူ၍ နှစ်မျိုးရှိပေသည်။ ထိုနှစ်မျိုးတို့တွင် အကုသိုလ်ကံအရာ၌

ပဥ္စာနန္တရိယကံ၊ နိယတမိစ္ဆာဒိဋ္ဌိကံ(၃)ပါး ရှိကြသော ပုဂ္ဂိုလ်တို့သည် ယခုဘဝမှ

စုတိ(သေပြီး)သည့်နောက်ကာလ ဒုတိယဘဝ၌ အပါယ်ငရဲသို့သာ ကျရောက်ကြရပေသည်။

မည်သည့်ကုသိုလ်ကံ အကုသိုလ်ကံတို့ကမှ တားမြစ်၍ မရသောကြောင့် ကြီးလေးသော

ဂရုကံတို့ ဖြစ်ကြပေသည်။

ဆောင်။ ။ ကံတစ်ပါးတို့၊ မတားနိုင်ရာ၊ ကြီးလေးပါ၊ မှန်စွာဂရုမည်။

ပဥ္စာနန္တရိယကံငါးပါးဆိုသည်မှာ

က- အမိကိုသတ်ခြင်း(Matricide)

ခ- အဖကိုသတ်ခြင်း (Parricide)

ဂ-ရဟန္တာကိုသတ်ခြင်း ( The Murder if an Arahant)

ဃ- မြတ်စွာဘုရားရှင်ကို သွေးစိမ်းတည်အောင် သွေးခြေဥအောင်ပြုခြင်း (The wounding of a Buddha)

င- သံဃာကို သင်းကွဲအောင်ပြုခြင်း(The creation of a schism in the Sangha order) တို့ဖြစ်ကြပေသည်။

နိယတမိစ္ဆာဒိဋ္ဌိကံသုံးပါးဆိုသည်မှာ

-အကြောင်းမရှိဘဲ ပုဂ္ဂိုလ်သတ္တဝါတွေ အလိုလိုချမ်းသာသည်။ အလိုလိုဆင်းရဲသည်ဟု စွဲမှားသော မိစ္ဆာဒိဋ္ဌိကံသည် အဟေတုကနိယတမိစ္ဆာဒိဋ္ဌိကံဖြစ်ပေသည်။

-လှူဒါန်းပူဇော်ခြင်း စသည်များကို ပြုပါသော်လည်း အကျိုးမရှိနိုင်ဟု စွဲယူများသော မိစ္ဆာဒိဋ္ဌိကံသည် နတ္ထိက နိယတမိစ္ဆာဒိဋ္ဌိကံဖြစ်ပေသည်။

-ကောင်းသည့်ကုသိုလ်အမှုကို

ပြုပါသော်လည်း ကောင်းသည့်ကုသိုလ်ကံများ ဖြစ်မလာပေ။ မကောင်းသည့်

အကုသိုလ်အမှုများ ပြုပါသော်လည်း မကောင်းသည့် အကုသိုလ်ကံများ ဖြစ်မလာပေဟု

စွဲယူမှားသော မိစ္ဆာဒိဋ္ဌိကံသည် အကိရိယ နိယတမိစ္ဆာဒိဋ္ဌိကံ ဖြစ်ပေသည်။

ဤပဥ္စာနန္တရိယကံနှင့်

နိယတမိစ္ဆာဒိဋ္ဌိကံ ရှိကြသော ပုဂ္ဂိုလ်တို့သည် စုတိ(သေပြီး)သည်မှ နောက်ကာလ

ဒုတိယဘဝ၌ အပါယ်ငရဲသို့သာကျရောက်ကြရပေသည်။ မည်သည့်ကုသိုလ်ကံ၊

အကုသိုလ်ကံတို့ကမှ တားမြစ်လို့မရသောကြောင့် ဂရုကံတို့ ဖြစ်ကြပါတယ်။

ကုသိုလ်ကံအရာ၌ မဟဂ္ဂုတ်(စျာန်) ကုသိုလ်ကံတို့ ဖြစ်ကြပေသည်။

ထိုမဟဂ္ဂုတ်(စျာန်) ကုသိုလ်ကံတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည်

ဒုတိယဘဝတွင် ဗြဟ္မာပြည်သို့ ဧကန်မုချရောက်ကြရမည်ဖြစ်ပေသည်။ မည်သည့်

ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကမှ တားမြစ်လို့မရသောကြောင့် ကြီးလေးသော

ဂရုကံတို့ ဖြစ်ကြပေသည်။

ကျန်ရှိနေသော အာသန႖ကံ၊အာစိဏ္ဏကံ၊ ကဋတ္တာကံအကြောင်းများကို ဆက်လက်ရေးသားပါဦးမည်။

ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။

ဖိုးသူတော် (www.phothutaw.com)

Credit: အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

 #

Latest Comments

Leave a Comment

Related News