ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ (၅)ဦး" (မဖတ်မိရသေးရင် ဖတ်ကြည့်ပါ..ဗဟုသုတပေါ့)
မိလိန္ဒပဥှပါဠိတော် (၁၀ဂ)တွင် ဂေါတမဘုရားရှင် သာသနာတော်
အတွင်း၌ အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ ငါးဦးရှိကြောင်း
ဖော်ပြထား၏။
ထိုငါးဦးမှာ -
(၁) စိဥ္စမာဏ
(၂) သုပ္ပဗုဒ္ဓ
(၃) အရှင်ဒေဝဒတ်
(၄) နန္ဒကဘီလူး
(၅) နန္ဒလုလင် တို့ပင် ဖြစ်သည်။
၁။ စိဥ္စမာဏ
----------------
စိဥ္စမာဏသည်
ဘုရားလက်ထက် တိတ္တိဆရာကြီးများ၏ စေခိုင်းမှုကြောင့် မြတ်စွာဘုရားရှင်အား
အမျိုးမျိုး စွပ်စွဲခဲ့သူ ဖြစ်သည်။ စိဥ္စမာဏသည် မြတ်ဗုဒ္ဓအား လူအများ
အထင်လွဲမှားစေရန် ရည်ရွယ်၍ ညနေချမ်းလူများ မြင်ရချိန်တွင်
ဘုရားကျောင်းတော်အတွင်း ဝင်သွားပြီး မနက်စောစော လူအများကျောင်းကို
လာချိန်တွင် ဘုရားကျောင်းတော်မှ ပြန်ထွက်လာဟန် ပြုမူနေထိုင်ခဲ့ပြီး
အတော်အတန် ကြသည့်အခါ ရဟန်းဂေါတမနှင့် ကိုယ်ဝန်ရသည့် ပုံစံဖြင့်
မိမိဝမ်းဗိုက်တွင် ပြင်ချပ်ချည်ကာ တရားဟောနေသည့် ဘုရားရှင်အား
တရားနာပရိတ်သတ်ကြားတွင် စွပ်စွဲလေ၏။ မြတ်ဗုဒ္ဓက မေတ္တာတရားဖြင့်သာ
နေတော်မူချိန် နတ်သားလေးယောက်တို့က ကြွက်ယောင်ဖန်းဆင်းပြီး စိဥ္စမာဏ၏
ကိုယ်ဝန်အတုကို ကိုက်ဖြတ်ကာ အမှန်ကို ဖော်ထုတ်ပေးခဲ့သည်။ ထိုအခါမှသာ
တရားနာပရိတ်သတ်များလည်း အမြင်ရှင်းကာ ထိုအမျိုးသမီးအား ရိုက်ပုတ်ပြီး
ကျောင်းအပြင်သို့ နှင်ထုတ်လိုက်ကြလေသည်။ စိဥ္စမာဏသည် ဘုရားရှင် မျက်ကွယ်သို့
ရောက်သည့်ခဏမှာပင် မြေမျိုခံခဲ့ရလေတော့သည်။ အဝီစိငရဲမှ မီးလျှံများသည်
စိဥ္စမာဏအား ရစ်ပတ်၍ အဝီစိငရဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။
၂။ သုပ္ပဗုဒ္ဓ
-------------
သုပ္ပဗုဒ္ဓသည်
ဘုရားရှင် သိဒ္ဓတ္ထမင်းသား ဘဝက တော်စပ်ခဲ့ရသည့် ယောက္ခမ သကျသာကီဝင်
မင်းမျိုးဖြစ်၏။ ဒေဝဒတ်နှင့် ယသော်ဓရာတို့၏ အဖေ၊ သိဒ္ဓတ္ထမင်းသား၏
ဦးရီးတော်လည်း ဖြစ်၏။ သုပ္ပဗုဒ္ဓသည် တူတော်သိဒ္ဓတ္ထမင်းသာ ဘုရားအဖြစ်ကို
ရောက်ပြီးနောက်ပိုင်း သမီးတော် ယသော်ဓရာကို ထားခဲ့သည့် အကြောင်း၊ သားတော်
ဒေဝဒတ်၏ ရန်သူအရာ၌တည်ခဲ့သည့် အကြောင်း၊ မိမိထက်ငယ်ရွယ်သူ တူတော်မောင်
တစ်ယောက်အပေါ် ရိုသေလေးစားမှု မပြုလိုသည့်အကြောင်း စသည့်အကြောင်းများဖြင့်
ဘုရားရှင်အပေါ် ရန်ငြိုးထားသူ ဖြစ်သည်။ တစ်နေ့တွင် ဘုရားရှင်ကြွတော်မူရာ
လမ်းကိုပိတ်ပင်တားဆီး၊ ဘုရားရှင်တို့၏ ခရီးလမ်းကို နှောက်ယှက်ဖျက်ဆီးသည်ကို
အကြောင်းပြု၍ ဘုရားရှင်က ဦးရိးတော်သည် ဤအကုသိုလ်ကြောင့် (၇)ရက်လွန်သည့်အခါ
ပြဿဒ်ခြေရင်း လှေခါးရင်းတွင် မြေမျိုခံရမည် ဖြစ်ကြောင်း
မိန့်တော်မူခဲ့သည်။ ထိုအကြောင်းကို သုပ္ပဗုဒ္ဓ ကြားသိသည့်အခါ
မြတ်စွာဘုရားစကား မမှန်အောင်နေပြီး မုသာဝါဒဖြင့် စွပ်စွဲမည်ဟု
နှလုံးပိုက်ကာ ဘုံ(၇)ဆင့်ရှိသည့် ပြဿဒ်ထက်ဝယ် နေခဲ့လေ၏။ သို့သော်
(၇)ရက်မြောက်သည့်နေ့တွင် ရှင်ဘုရင်၏ မင်္ဂလာစီးတော်မြင်း၏ မြည်ဟီးကာ
သောင်းကျန်းနေသည်ကို အကြောင်းပြုပြီး စီးတော်မြင်အား တားဆီးရန်
သတိလက်လွတ်ဖြင့် ပြဿဒ်ထက်မှ ဆင်းသက်မိရာက လှေကားခြေရင်းတွင် မြေမျိုကာ
အဝီစိငရဲသို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင်တို့၏ စကားတော်သည်
လွဲချော်ရိုးထုံးစံမရှိသည့်အလျောက် (၇)ရက်မြောက်လျင်
မြေမျိုခံရမည့်သုပ္ပဗုဒ္ဓ္ပသည်လည်း မဖြစ်မနေ အကြောင်းဖန်ကာ
မြေမျိုသေဆုံးခဲ့ခြင်း ဖြစ်သည်။
၃။ အရှင်ဒေဝဒတ်
----------------------
ဒေဝဒတ်
မြေမျိုခြင်းအကြောင်းကား အတော်များများ သိထားပြီး ဖြစ်၏။ မြတ်ဗုဒ္ဓ၏
ယောက်ဖတော်လည်းဖြစ်၊ ညီကိုတော်လည်း ဖြစ်သည့် ရှင်ဒေဝဒတ်သည် ရဟန်းအဖြစ်ကို
ရရှိပြီးနောက် မိမိနောက်မှ ရောက်လာကြသည့် အရှင်သာရိပုုတ္တရာနှင့်
အရှင်မဟာမောဂ္ဂလာနတို့ကို ဘုရားရှင်က အဂ္ဂသာဝက ရာထူးများ
ပေးအပ်လိုက်ချိန်မှစ၍ ဘုရားရှင်အပေါ် ရန်ငြိုးဖွဲ့မှုများ တိုးပွားလာခဲ့ခြင်း
ဖြစ်သည်။ ဘုရားရှင်ကို အမျိုးမျိုး အတိုက်အခံပြု ဆန့်ကျင်ဘက်ပြုကာ
ဘုရားကို သွေးစိမ်းတည်အေငာ် လုပ်ခြင်း၊ ညီညွတ်နေသည့် သံဃာတော်များ
ကွဲပြားသွားအောင် သံဃာသင်းခွဲခြင်း စသည့် ပဥ္စာနန္တရိယကံများအထိ
ကျူးလွန်မိခဲ့သည်။ မြတ်ဗုဒ္ဓနှင့် လမ်းခွဲကာ နောက်ပါတပည့်များနှင့်
နေပြီးမကြာခင်မှာ ရောဂါစွဲကပ်လာခဲ့သည့် ရှင်ဒေဝဒတ်သည် မိမိ၏အမှားများအပေါ်
နောင်တတရားများ ဖြစ်ခဲ့လေ၏။ နောက်ဆုံး ဘဝနိဂုံးမချုပ်ခင် မြတ်စွာဘုရားအား
ဖူးမြော်လိုကြောင်း တပည့်များအား တိုးလျိုးတောင်းပန်သဖြင့် တပည့်များက
ထမ်းစင်ဖြင့် ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းတော်သို့ ပို့ဆောင်စဉ်
ကျောင်းဘေးနားရှိ ရေကန်နားအရောက် တပည့်များက ထမ်းစင်ကိုချပြီး
ရေကန်ဘက်အသွား တပည့်များအလာကို မစောင့်နိုင်ဘဲ ဘုရားကျောင်းတော်ကို
မိမိကိုယ်တိုင် အားပြုရုန်းထလျက် ထမ်းစင်ပေါ်မှ အဆင်းမှာပင် မဟာပထဝီမြေကြီး
ကွဲအက်ကာ အရှင်လတ်လတ် မြေမျိုခံခဲ့ရခြင်း ဖြစ်သည်။
၄။ နန္ဒကဘီလူး
-------------------
နန္ဒကဘီလူးသည်
သူတော်ကောင်း ဓာတ်ခံအလွန်နည်းပါးသည့် ဘီလူးဖြစ်သည်။ ထို့ကြောင့်
သူတော်ကောင်းများ အပေါ်တွင်လည်း မနောကံအပြင် ဝစီကံ၊ ကာယကံတွေနဲ့များဖြင့်
ကိုယ်ထိလက်ရောက် ဆော်ကားလေ့ရှိသည်။ တစ်ချို့ဆော်ကားမှု အပိုင်းများသည်
လက်တွေ့ပိုင်းမှာ အကျိုးသက်ရောက်မှု မရှိသော်လည်း ပညာရှိသူတော်ကောင်း၊
သီလသမာဓိပညာ အားကောင်းသည့် အရိယာသူတော်ကောင်းများကို ဆော်ကားမိပါက
လက်တွေ့ခံရသည်ကို နန္ဒကဘီးလူး သဘောပေါက်သွားခဲ့သည်။ တစ်နေ့
"အရှင်သာရိပုတ္တရာ"
မထေရ်မြတ်သည် ဂိဇ္စျဂုတ်တောင်တွင် တရားအားထုတ်နေစဉ်
နန္ဒကဘီလူး
ရောက်ရှိလာပြီး တရားအားထုတ်၍ မရအောင် အမျိုးမျိုး နှောက်ယှက်လေသည်။
နောက်ဆုံး မထေရ်မြတ်၏ ဦးခေါင်းတော်ကို ကိုယ်ထိလက်ရောက် ရိုက်ပုတ်သည်အထိ
ဆော်ကားနှောက်ယှက်ခဲ့သည်။ ထိုအကုသိုလ် အကျိုးကြောင့် နန္ဒကဘီလူးသည်
မြေကြီးကွဲအက်ကာ အဝီစိငရဲမှ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ နန္ဒကဘီလူးသည်
လက်တွေ့ဘဝတွင် သူတော်ကောင်းကို စော်ကားမိသဖြင့် အရှင်လတ်လတ်
မြေမျိုးခဲ့ရလေသည်။
၅။ နန္ဒလုလင်
------------------
နန္ဒလုလင်သည် ရဟန္တာမထေရ်မကို ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျို ခံခဲ့ရသူဖြစ်သည်။ သူဆော်ကားခံရသူမှာ
"ဥပ္ပလဝဏ် ထေရီမ" ဖြစ်သည်။ ဥပ္ပလ၀ဏ်ထေရီမသည် "တန်ခိုးကြီးသောအရာ၌ အမြတ်ဆုံးဧတဒဂ်ဘွဲ့ရ ရဟန္တာထေရီမ"
တစ်ဦး
ဖြစ်ပေသည်။ ထေရီမသည် တန်ခိုးကြီးသည်သာမက ဥပဓိသမ္ပတ္တိနှင့်လည်း
ပြည့်စုံသဖြင့် ထေရီမဖြစ်သော်လည်း လူယောကျ်ားများ၏ စိတ်ဝင်စားမှုကို
ခံရသူဖြစ်သည်။
ထိုအထဲတွင် နန္ဒလုလင်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။
တစ်နေ့သော်
နန္ဒလုလင်သည် လူသူကင်းဆိတ်ချိန်တွင် ထေရီမ၏ ကျောင်းသင်္ခမ်းသို့
ရောက်ရှိလာပြီး ထေရီမအား အဓမ္မပြုကျင့်လေသည်။ ရဟန္တာဖြစ်နေသည့် ထေရီမအား
ဆော်ကားမိသဖြင့် ယင်းအကုသိုလ်ကံ အကျိုးကြောင့် နန္ဒလုလင်မှာ မြေကြီးကွဲအက်၍
အရှင်လတ်လတ် မြေမျိုခြင်းကို ခံခဲ့ရပြီး အဝီစိငရဲသို့ ကျရောက်သွားခဲ့လေသည်။
ဤကား
ဒိဋ္ဌဓမ္မဝေဒနီယကံ၏ အကျိုးဆက်အဖြစ် လက်ရှိဘဝမှာပင် သူတော်ကောင်းကို
ဆော်ကားမိသဖြင့် အရှင်လတ်လတ်မြေမျိုခံခဲ့ရသည့် ပုဂ္ဂိုလ်ငါးဦးအကြောင်း
တစေ့တစောင်းပင် ဖြစ်ပါသည်။
ဓမ္မစာပေပရိတ်သတ် တစ်ဦး၏ တောင်းဆိုချက်ကို
အကျဉ်းချုပ်၍ ရေးသားဖော်ပြလိုက်ပါသည်
အများသူငါ ဗဟုသုတ တိုးစေရန်လည်း တစ်ဆင့်ပြန်လည် မျှဝေလိုက်ပါသည်။
မေတ္တာဖြင့်
- [မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)]
ဖိုးသူတော် (www.phothutaw.com)
Credit: Young Buddhist Association
Latest Comments
Leave a Comment