Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

နေ့လယ်စာကို ကျန်းမာရေးနဲ့ ညီညွှတ်ဖို့ဆိုရင်

Image



နေ့လယ်စာဆိုတာ လူတိုင်းအတွက် အရေးကြီးဆုံးပါ။ တနေ့တာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်စွမ်း ပေးနိုင်သလို ပမာဏ အများဆုံး စားသင့်တဲ့အချိန်လည်း ဖြစ်ပါတယ်။ အချိန်လုပြီး ရုံးပြေးနေရတဲ့ ဝန်ထမ်းတွေအတွက် နေ့လယ်စာ ထမင်းဘူးထည့်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီလိုနဲ့ အပြင်စာတွေ ထွက်စားဖြစ်ကြတဲ့အခါ ရောဂါတွေဖြစ်လာရပါတယ်။

အပြင်စာကတော့ ဘယ်လောက်ပဲ ကောင်းပါတယ်ပြောပြော အိမ်မှာ ချက်ပြုတ်ပြင်ဆင်သွားတာလောက် စိတ်မချရပါဘူး။ အာဟာရပြည့်တဲ့ နေ့လယ်စာဖြစ်ဖို့ဆိုရင် ကိုယ်တိုင်အချိန်နည်းနည်းယူပြီး ချက်ပြုတ်ပြင်ဆင်သွားတာ ရေရှည် အကောင်းဆုံးပါပဲ။

နေ့တိုင်းအပြင်မှာ ဝယ်စားရတာထက် ကိုယ့်အိမ်က ထမင်းချိုင့်ထည့်သွားလိုက်ရင် ပိုက်ဆံစုမိရာလည်း ရောက်ပါတယ်။ စရိတ်နည်းနည်းနဲ့ ချက်ပြုတ်ပြင်ဆင်နိုင်တဲ့ အစားအစာတွေ အများကြီးရှိတာ ကိုယ်တိုင်ပြင်ဆင် ချက်ပြုတ်ကြည့်တဲ့အခါ သိလာပါလိမ့်မယ်။

အာဟာရလည်းပြည့် စရိတ်လည်း သက်သာသလို ကျန်းမာရေးနဲ့လည်း ညီညွှတ်မျှတတဲ့ နေ့လယ်စာ ဖြစ်ဖို့ဆိုရင် ကိုယ်တိုင်ချက်ပြုတ် ပြင်ဆင်သွားတာ အကောင်းဆုံးပါပဲ။

မနက်စောစော အချိန်မပေးနိုင်ဘူးဆိုရင် ညစာချက်ရင်း ပိုသွားတဲ့ဟင်းတွေကို သပ်သပ်ဖယ်ထားပါ။ မဟုတ်လည်း ညဘက် ပြင်ဆင်လို့ရတဲ့ ဟင်းဆိုရင် ကြိုချက်ထားပါ။ တပတ်တခါ အလုပ်ပိတ်တဲ့နေ့မျိုးမှာ အလွယ်တကူ ထည့်သွားနိုင်တဲ့ အကြော်အလှော်တွေပြင်ဆင်ထားလိုက်ရင် မနက်စောစော အချိန်အများကြီး ပေးစရာ မလို ဘဲ အဆင်သင့်ပြင်ဆင်နိုင်ပါတယ်။

ညတည်းက ချက်ထားတဲ့ဟင်းတွေကို ရေခဲသေတ္တာထဲ ထည့်ထားပြီး သွားခါနီးမှ ထုတ်ယူသွားတာလည်း မကောင်းပါဘူး။ ကြိုချက်ထားတဲ့ ဟင်းတွေကို ရေခဲသေတ္တာထဲက အိပ်ရာနိုးနိုးချင်း ထုတ်ထားပြီ ပူအောင်ပြန် နွေးသွားသင့်ပါတယ်။ ဟင်းတွေအကြာကြီး ပူပူနွေးနွေး ဖြစ်နေအောင် ထမင်းဘူးကို အပူဓာတ်ထိန်းပေးနိုင်တဲ့ အမျိုးအစားရွေးသုံးပါ။

ထမင်းချိုင့်ထည့်ရင်လည်း တခွက်တည်းနဲ့ ရောပြီး အကုန်ထည့်သွားတာထက် အကန့် လေးတွေပါတဲ့ ထမင်းဘူးထဲ တကန့်စီ စနစ်တကျ ထည့်ပါ။ ထမင်းချိုင့် ထည့်တဲ့အခါ အာဟာရဓာတ် မျှတအောင် ထည့်ပါ။ အသားကြီးပဲ ထည့်သွားတာထက် အသား၊ အသီးအရွက်၊ ငါး စသဖြင့် အာဟာရမျှတအောင် ပြင်ဆင်သင့်သလို ထမင်းစားပြီး အချိုတည်းဖို့ အသီးအနှံ ဖြစ်ဖြစ်၊ အစေ့အဆန်ဖြစ်ဖြစ် ပါအောင်ထည့်ပါ။

ရုံးပိတ်တဲ့အချိန်တွေမှာ နေ့လယ်စာအတွက် သင့်တော်တဲ့ ဟင်းတွေကို ကြိုစဉ်းစားပြီး ရေးမှတ်ထားရင်လည်း တရက်တရက် ခေါင်းခဲစရာ မလိုတော့ဘူးပေါ့။ နေ့တိုင်း ချက်ပြုတ်ပြင်ဆင်ချင်စိတ်ဖြစ်နေအောင် လုပ်ဖို့ဆိုတာ အပြောထက် အလုပ်က ပိုခက်ပါတယ်။

ပုံမှန် ထက် အိပ်ရာစောစော ထရမယ်၊ ညဘက်ဆိုလည်း စောစော မနားရဘဲ မနက်အတွက် ကြိုပြင်ရမယ်၊ ပိတ်ရက် ဆိုလည်း လိုအပ်တာတွေဝယ်ဖို့၊ ဟင်းချက်ဖို့ အစီအစဉ်တွေ ကြိုပြင်ရမယ် စတာတွေကြောင့် အချိန်ပိုပေးရပေမယ့် ကိုယ်ကြိုက်တဲ့ အရသာနဲ့ ကိုယ်ချက်တဲ့ ဟင်းလေး စားလိုက်ရတာ ဘာနဲ့မှ မလဲနိုင်ပါဘူး။

အပြင်စာတွေက ကိုယ့်လက်ရာထက် ပိုကောင်းတယ်ဆိုဦးတော့ ကြာလာရင် အနံ့တောင်မခံချင်ဘဲ ငြီးငွေ့လွယ်ပါတယ်။ အိမ်မှာပဲ သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းလျာတွေ ပြင်ဆင်ပြီး ကိုယ်အကြိုက်ဆုံး အရသာအတိုင်း နေ့လည်စာကို စားရတဲ့ အချိန်က တန်ဖိုးအရှိဆုံးပါ။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံကောင်းဆိုတာ သင့်ကိုယ်တိုင်နဲ့ မီးဖိုချောင်က စတင်ရတာပါ။

ဖိုးသူတော် (www.phothutaw.com)

Credit: irrawaddy

Tags:
  • ,

Latest Comments

Leave a Comment