Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

နိုဘယ်ဆုရှင်ဇနီး တရုတ်ပြည်က ထွက်ခွင့်ရ

Image



ခင်ပွန်းသည်လိုပဲ အထိန်းသိမ်း ခံထားရတုန်း သေဆုံးမှာကို လျူရှား စိုးရိမ်

ကွယ်လွန်သူ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် လျူ ရှောင်ဘိုရဲ့ ဇနီးသည် လျူရှားဟာ တရုတ်အစိုးရက အကြောင်း တစုံတရာ မပြဘဲ ၈ နှစ်ကြာ နေအိမ် အကျယ်ချုပ် ထိန်းသိမ်း ခံထားရာကနေ အခုအခါ တရုတ်နိုင်ငံကနေ ထွက်ခွာခွင့် ရသွားပြီ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၀ ရက် လင်းအားကြီးအချိန်မှာ ဘေဂျင်းမြို့ကနေ ဂျာမနီကို လေယာဉ်နဲ့ ထွက်ခွာသွားတယ်လို့ တရုတ် အစိုးရက အတည်ပြု ပြောပါတယ်။

လျူရှားဟာ သူ့ခင်ပွန်းသည် နိုဘယ် ငြိမ်းချမ်းရေး ဆု ရခဲ့တဲ့ ၂၀၁၀ခုနှစ်ကတည်းက ဘေဂျင်းမြို့တော်မှာ နေအိမ် အကျယ်ချုပ် ကျခံနေရတာပါ။

တက္ကသိုလ် ပါမောက္ခအဖြစ်ကနေ လူ့အခွင့်အရေး လှုပ်ရှား တောင်းဆိုသူတဦး ဖြစ်လာတဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် လျူ ရှောင်ဘို ဟာ အဖျက်အမှောင့် အားပေးတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၀၉ ခုနှစ်က ထောင်သွင်း အကျဉ်းချ ခံခဲ့ရပါတယ်။ မနှစ်တုန်းကတော့ အသည်း ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

သူ နိုင်ငံထဲကနေ ထွက်ခွာသွားတာဟာ ဆေးကုသဖို့ သူ့သဘောနဲ့ သူ ထွက်ခွာသွားတာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က အတည်ပြု ပြောပါတယ်။

ဒါပေမယ့် ဒါဟာ ဂျာမနီနိုင်ငံကို တရုတ် ဝန်ကြီးချုပ် လီကီချန်း အခုသီတင်းပတ် သွားရောက် လည်ပတ်မှာနဲ့ ဆက်နွယ် ပတ်သက်မှု မရှိဘူးလို့ ဆိုပါတယ်။

ကျန်းမာရေး အခြေအနေ ယိုယွင်းလာနေပြီး နေအိမ် အကျယ် ချခံထားရတာတောင် လျူရှားဟာ တရုတ်ကွန်မြူနစ် ပါတီအတွက် ခြိမ်းခြောက်မှု အန္တရာယ် ဆောင်နေတယ်လို့ ဘေဂျင်းမြို့က ဘီဘီစီ သတင်းထောက် Stephen McDonell က သုံးသပ်ပါတယ်။

အစိုးရရဲ့ ထိန်းသိမ်းထားမှုအောက်မှာ သေဆုံးသွားတဲ့ ခင်ပွန်းသည် နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် နဲ့ ပတ်သက်လို့ ကဗျာ ဆရာမ လျူရှား ဖွင့်ချ ပြောဆိုမှုတွေ လုပ်လာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြတာပါ။

သူ့ကို ဘာရာဇဝတ် ပြစ်မှုနဲ့မှ စွဲချက် တင်တာမျိုး မရှိပေမယ့် သူ့အိမ်ပေါက်ဝနဲ့ ခြံဂိတ်မှာ အစောင့်တွေ အမြဲ ချထား ခဲ့ပါတယ်။

သူ့ကို အိမ်ထဲကနေ ထွက်ခွင့် မပေးခဲ့သလို သတင်းထောက်တွေ၊ သံတမန်တွေ၊ သူ့ကို ထောက်ခံ အားပေးသူတွေ ကိုလည်း အလာမခံခဲ့ပါဘူး။

ဂျာမနီ အစိုးရရဲ့ ကြိုးစားမှုနဲ့ တိုင်းပြည် ပြင်ပကို ထွက်ခွင့် ရ

လျူရှားဟာ နိုင်ငံသား တဦး အနေနဲ့ လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိတယ် ဆိုပြီး တရုတ်အစိုးရက အမြဲ ပြောခဲ့တာပါ။

ဒါပေမယ့် သူအိမ်ထဲကနေ သူ့ ဆန္ဒအလျောက် ထွက်ခွာ သွားလာခွင့် ၈ နှစ်လောက် ပိတ်ပင်ခံခဲ့ရအပြီးမှာ ခန္ဓာကိုယ်ပိုင်း၊ စိတ်ဓာတ်ပိုင်းတွေ ယိုယွင်း လာခဲ့ပါတယ်။

သူ့ခင်ပွန်းသည် လျူ ရှောင်ဘို လိုပဲ သူလည်း အထိန်းသိမ်းခံထားရတုန်း သေဆုံးဖွယ် ရှိတယ် ဆိုပြီး စိုးရိမ်ခဲ့တာပါ။

ကဗျာဆရာမ လျူရှားဟာ အိမ်အကျယ်ချုပ် အောက်မှာ နှစ်ပေါင်း များစွာ မပြတ် စောင့်ကြည့်ခံ ခဲ့ရအပြီး စိတ်ဓာတ်ကျတဲ့ ရောဂါ ခံစားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကတော့ သူဒီလို အကျယ်ချုပ်ကျနေမယ့်အစား သေတာက ပိုကောင်းသေးတယ် ဆိုပြီး သူ့မိတ်ဆွေကို ပြောခဲ့ပါတယ်။

အခု လျူ ရှောင်ဘို ကွယ်လွန်တာ တနှစ်ပြည့် ဖို့ ၃ ရက် အလိုမှာပဲ သံတမန်တွေရဲ့ မဆုတ်မနစ် ကြိုးစားမှု၊ အထူးသဖြင့် ဂျာမနီ အစိုးရရဲ့ ကြိုးစားမှုနဲ့ တိုင်းပြည် ပြင်ပကို ထွက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

တရုတ်အာဏာပိုင်တွေရဲ့ တရားမဝင် ချုပ်နှောင်ထားမှုကနေ လျူရှား လွတ်မြောက်လာတာဟာ ဝမ်းသာစရာ သတင်းကောင်းပဲလို့ Amnesty International လူ့အခွင့်အရေး အဖွဲ့ရဲ့ တရုတ်ရေးရာ သုတေသီ Patrick Poon က ပြောပါတယ်။

BBC Burmese

http://www.bbc.com/burmese







Tags:
  • ,

Latest Comments

Leave a Comment