Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ဆေးလိပ်မသောက် အရက်မသောက်ပဲ ရောဂါတွေ ဖြစ်နေရ တဲ့ အဓိကတရားခံ

Image



ဒီနေ့ညစာ စားပြီးတော့ခံတွင်းနည်းနည်း ချဉ်သလိုလိုရှိတာမို့မလျက်တာ ကြာပြီဖြစ်တဲ့ လျက်ဆားပုလင်းကိုလှမ်းယူပြီး ဖွင့်လိုက်မိတယ်…လက်နဲ့နှိုက်ပြီး လျက်မယ်ပေါ့…လက်နဲ့နှိုက်ကြည့်တဲ့အခါလက်ရဲ့အထိအတွေ့က မွမွလေးဖြစ်နေတော့စိတ်ထဲ မသင်္ကာတာနဲ့လျက်ဆားပုလင်းထဲကို ဓာတ်မီးနဲ့ထိုးကြည့်မိတယ်…

လားလား…မှိုတွေ… ပုလင်းထဲမှာ ပြည့်လို့…ဒါက မျက်စေ့နဲ့မြင်ရတဲ့အရွယ်ရောက်လာလို့…သူတို့တော်တော်ကြီးနေရောပေါ့…ဒါနဲ့ တစ်ဆက်ထဲ တွေးမိတယ်…အရပ်ထဲမှာ ပြောပြောနေကြတာလေးကိုပါ…

အဲ့ဒီကလေးက လူကောင်းကလေး…အရက်လည်းမသောက်၊ အသည်းရောင်ပိုး တွေဘာတွေလည်းမရှိဘဲနဲ့အခုတော့ အသည်းကင်ဆာဖြစ်လို့တဲ့…´ ဆိုတဲ့ စကားလေး တွေအကြောင်းလေ…

တကယ်တော့…မှို…အဲ့ဒီမှိုတွေကြောင့်ပါပဲလေ…အဲ့ဒီမှိုတွေက ထုတ်တဲ့ မှိုဆိပ်( Mycotoxin) တွေကြောင့်သာ အသည်းပျက်စီးကြတာ…ကျွန်တော်တို့နိုင်ငံလို ကျန်းမာရေး အသိ၊ ကျန်းမာရေးသတိ နည်းတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများဆုံး ခံရတာပဲလေ…ကမ္ဘာပေါ်မှာ မှိုမျိုးစိတ်ပေါင်း တစ်သန်းခွဲလောက်ရှိတဲ့အထဲက မျိုးစိတ် ၃၀၀ လောက်က လူတွေကို အန္တရာယ်ပေးကြတယ်လေ…

စနစ်တကျ ထုပ်ပိုးမထားတဲ့ တိုင်းရင်းဆေး တွေအများစုမှာ အပူချိန်နဲ့ စိုစွတ်မှုတွေအပေါ်မှာ မူတည်ပြီးတော့ မှိုတွေ ပေါက်လာနိုင်ပါတယ်…

အထူးသဖြင့်တော့ Aspergillus နဲ့ Penicillium မှိုမျိုးစိတ်တွေ ပေါက်နေတာ များပါတယ်… အဲ့ဒီမှိုတွေက မှိုဆိပ်တွေထုတ်ပေးပါတယ်… မှိုဆိပ်ကြောင့် အသည်း၊ ကျောက်ကပ်၊ ဦးဏှောက် နှင့်အာရုံကြောအဖွဲ့အစည်း၊ ကြွက်သား၊ အရေပြား၊ အသက်ရှူအင်္ဂါများ၊ အစာအိမ်နှင့်အူလမ်းကြောင်း၊ မျိုးပွားလိင်အင်္ဂါတွေပါမကျန် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်ပါတယ်…

မှိုဆိပ်အကြောင်း အကြမ်းဖျင်းပြောရရင်Aspergillus ဆိုတဲ့မှိုမျိုးစိတ်ထဲက A. flavus နဲ့ A.parasitius ဆိုတဲ့ မှိုကနေ Aflatoxin လို့ခေါ်တဲ့ မှိုဆိပ်ကို အဓိက ထုတ်ပေးပါ တယ်…

ဒီမှိုဆိပ်က အသည်းကင်ဆာ ဖြစ်စေတဲ့အထိ ပြင်းထန်ပါတယ်… မြေပဲ၊ မြေပဲနဲ့လုပ်ထားတဲ့မုန့်၊ ပြောင်း၊ ငရုတ်သီးခြောက်၊ ဂျုံ၊ ငရုတ်၊ နေကြာစေ့၊ မက်မွန်သီး၊ သစ်ကြားသီး၊ ငရုတ်ကောင်း မှုန့်၊ မဆလာ၊ တရုတ်နံနံစေ့၊ စနစ်တကျမထုပ်ပိုးသော တိုင်းရင်းဆေး/လျက်ဆား၊ ပရဆေးအချို့မှာ အများဆုံး ပါဝင်ပါတယ်…

Aflatoxin တွေဟာ အဆိပ်သင့်နှုန်းမြင့်ပြီး ကင်ဆာဖြစ်စေနိုင်၊ သန္ဓေသား အင်္ဂါထိခိုက် စေနိုင်တဲ့ အန္တရာယ် အမြင့်ဆုံးရှိတဲ့ မှိုဆိပ်ဖြစ်ပါတယ်…A.fumigates ဆိုတဲ့ မှိုဟာလည်း ကိုယ်ခံအားနည်းတဲ့သူ၊ အဆုတ်ရောဂါရှိတဲ့သူတွေမှာ ပြင်းထန်တဲ့ မှိုဆိပ်သင့်ရောဂါ၊ ဓာတ်မတည့်မူ ရောဂါဖြစ်စေပါတယ်…

Aspergillosis လို့ခေါ်တဲ့ မှိုစွဲရောဂါကြောင့် ပန်းနာရင်ကြပ်ပုံစံအဆုတ်ရောဂါဖြစ်တတ်ပါတယ်…A.niger မှိုကထုတ်တဲ့ Ochratoxin A နဲ့ Fumonisin B2 လို့ခေါ်တဲ့ မှိုဆိပ်က လည်း အသည်း၊အဆုတ်၊ကျောက်ကပ်တွေကို ပျက်စီးစေပါတယ်…

Penicillium မျိုးစိတ်ထဲက P.Rubrum ဆိုတဲ့ မှိုကထုတ်တဲ့ Rubrum မှိုဆိပ်ကတော့ ဗိုက်အောင့်၊ အသားဝါ၊ တက်ခြင်း တို့ကိုဖြစ်စေပြီး P. Citrinum ကထုတ်တဲ့ Citrinin မှိုဆိပ်ကတော့ ကျောက်ကပ်ကို အဆိပ်သင့်စေ ပါတယ် တခြား မှိုမျိုးစိတ်တွေ ကိုတော့ မပြောတော့ပါဘူး…

မှိုဆိပ်သင့်ပြီဆိုရင်အရင်ဆုံးခံစားရတာတွေကအစားအသောက်ပျက်မယ်၊ မအီမသာဖြစ်မယ်၊ ဘာကြောင့်မှန်းမသိဘဲ အဖျားငွေ့ငွေ့ဖျားနေမယ်…တဖြည်းဖြည်း ကြာလာပြီဆိုရင်ပျို့အန်တာတွေ၊ ဗိုက်အောင့်တာတွေ၊ အသည်းရောင်တာတွေ၊ အသားဝါတာ၊ အသည်းပျက်စီးတာတွေ၊ အသည်းကင်ဆာဖြစ်တာတွေအထိ ဖြစ်လာပြီး အသက်အန္တရာယ်ဖြစ်စေပါလိမ့်မယ်…

ဒီမှိုဆိပ်မသင့်အောင်အစာစားတဲ့အခါ အတတ်နိုင်ဆုံးသတိထားရမှာဖြစ်ပါတယ်…Chlorophyll များများပါတဲ့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေက မှိုဆိပ်သင့်ခြင်းကို သုံးပုံ နှစ်ပုံခန့် အထိလျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတစ်ခုကတွေ့ရှိထားတာရှိပါတယ်…ဒါကြောင့် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် တွေ များများစားခြင်းဟာ ကျန်းမာရေး အတွက် အမှန်တကယ် အထောက်အကူပြုပါလိမ့်မယ်…

ကျွန်တော်တို့နိုင်ငံဟာ ကင်ဆာဖြစ်ပွားနှုန်း ကြောက်ခန်းလိလိတက်လာနေတာ တွေ့နေရပါတယ်..အဓိက အကြောင်းရင်း ကတော့အစားအသောက်တွေကြောင့်ပါ…အခု ကျွန်တော်ရေးပြခဲ့တဲ့ မှိုဆိပ်သင့်တာ ဟာအဲ့ဒီအကြောင်းရင်းတွေထဲကလူတော်တော်များများ သတိမထားမိကြတဲ့အကြောင်းရင်းတစ်ခုပါ…

ဒါကြောင့်ဒီစာလေးကိုဖတ်ပြီးကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ကိုယ့်နိုင်ငံအတွက်၊ လူသားတွေအတွက်တစ်ထောင့် တစ်နေရာက အကျိုးရှိသွားမယ်ဆိုရင်ကျွန်တော် ကျေနပ်ပါပြီ…အားလုံးပဲစိတ်ချမ်းသာလို့ ကိုယ်ကျန်းမာနိုင်ကြပါစေ…။

ဖိုးသူတော် (www.phothutaw.com)

Credit: Dr.NLA ( Nay Lin Aung )

Tags:
  • ,

Latest Comments

Leave a Comment