Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ခေတ်အဆက်ဆက် သရဲရုပ်ရှင်တွေ ရိုက်ကူးခံရတဲ့ အိမ်ကြီးတစ်လုံးအကြောင်း

Image



၁၉၇၀ကျော် နှစ်များဆီက အမေရိကန်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့ကို မိသားစုတစ်ခု ရွှေ့ပြောင်းလာပါတယ်။ အဲဒီ မိသားစုအခြေချနေထိုင်မယ့် ခြံလေးက ခြံနံပတ် ၁၁၂ ဖြစ်ပြီး သမုဒ္ဒရာရိပ်သာ (No.112 Ocean Avenue) ဆိုတဲ့ နာမည်လှလှလေး ပေးထားပါတယ်။ တကယ်တော့ သူတို့လို မကြာခင်ကမှ တည်ထောင်ထားတဲ့မိသားစုတစ်ခုအတွက် ဒီလို ခြံနဲ့ ဝင်းနဲ့ တိုက်နဲ့ တာနဲ့ နေထိုင်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်လွန်းပါတယ်။ သူတို့ မိသားစုနေထိုင်ဖို့ အိမ်ရှာတဲ့အခါ အိမ်ခြံမြေအကျိုးဆောင်ဆီက ဒီအိမ်လေးကို တွေ့ခဲ့တာပါ။ နှစ်ထပ်တိုက် တစ်လုံး၊ ခြံဝင်းတစ်ဝင်းအတွက်ဆို သူတို့ပြောထားတဲ့ဈေးက အဆမတန် သက်သာနေတော့ သူတို့သိပ်စိတ်ဝင်စားခဲ့တာပေါ့။ ဒီခြံဝင်းလေး ဒီလိုဈေးသက်သာနေတယ်ဆိုတာလည်း အကြောင်းအရင်းတစ်ခု ရှိပါတယ်။ ဒီအိမ်လေးမှာ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ချောက်ချားစရာဖြစ်ရပ်တွေဖြစ်ခဲ့လို့ပါ။

ဒီအိမ်ပိုင်ရှင် မိသားစုတစ်စုလုံး လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရက်ရက်စက်စက်အသတ်ခံခဲ့ရပြီး သတ်ခဲ့တာက သူတို့ရဲ့သားအကြီးဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ကောင်းကောင်းမွန်မွန် ကိုယ်ပိုင်အိမ်တစ်လုံးရချင်တဲ့ မိသားစုအတွက် ဒါကပြဿနာမဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ ဒီအိမ်လေးကို ဂျော်ဂျ့်နဲ့ ကတ်သလင်းတို့ မိသားစုပြောင်းရွှေ့လာခဲ့ပါတယ်။ သူတို့မိသားစုမှာ ကတ်သလင်း အရင်အိမ်ထောင်ကနေရတဲ့ သားလေးနှစ်ယောက် သမီးလေးတစ်ယောက်ရှိပါတယ်။

ဘာမှမကြုံရသေးပေမဲ့ ဖြစ်လာမယ့် ဘေးကို ဆီးကာနိုင်ဖို့အတွက် သူတို့မိသားစုဟာ ခရစ်ယာန်ဘုနး်ကြီးတစ်ပါးကို ဖိတ်ကြားပြီး အိမ်ကိုကောင်းချီးပေးစေခဲ့ပါတယ်။ ဘုန်းကြီးက ဆုတောင်းစာတွေရွတ်ရင်း အိမ်အနှံ့ပရိတ်ရေ (Holy Water) နဲ့ပက်ဖြန်းနေချိန်မှာပဲ အိမ်အပေါ်ထပ်အရောက်မှာ ယောကျ်ားသံကြီးနဲ့ “ထွက်သွား” လို့ အော်လိုက်သံကိုကြားရပါတယ်။ ဘုန်းကြီးက ဒီမိသားစုကြောက်လန့်သွားမှာစိုးလို့ ဒီအကြောင်းကိုမပြောပြဘဲထွက်သွားခဲ့တာပေါ့။ အဲဒီအိမ်ကပြန်လာကတည်းက ဘုန်းကြီးဟာအပြင်းအထန်ဖျားနာခဲ့ပါသတဲ့။

ဂျော့်ဂျ်နဲ့ ကတ်သလင်းတို့ မိသားစုဟာ အိမ်ကြီးကို စတင်ရောက်ရှိချိန်မှာတော့ ဘာအနှောင့်အယှက်မှ မတွေ့ကြုံရဘဲ အေးအေးချမ်းချမ်းရှိခဲ့ပါတယ်။ ဒါပေမဲ့ နေတာကြာလာလေလေ ထူးဆန်းတာတွေ ဖြစ်လာတာလေလေပါပဲ။ အဲဒီထူးဆန်းမှုတွေထဲက အထူးခြားဆုံးတွေကိုပြောပြရရင်….

_ ဂျော့်ဂျ်ဟာ မနက်သုံးနာရီတိုင်းမှာ အလိုလိုနိုးလာလေ့ရှိပြီး အဲဒီလို နိုးလာတိုင်းလည်း အိမ်နောက်ဖေးမြစ်ဘေးက လှေအိမ်ထဲကို သွားမကြည့်ရ မနေနိုင်ခဲ့ပါဘူး။ ဘာကြောင့် အဲလိုဖြစ်ရသလဲဆိုတာ ဂျော့်ဂျ် ကိုယ်တိုင်မသိပါဘူး။ (တကယ်တော့ အဲဒီ မနက်သုံးနာရီမှာပဲ အရင်မိသားစု အသတ်ခံရတာပါ)

_ တစ်ညမှာ ကတ်သလင်း အိပ်ယာပေါ်ကနေ သုံးပေအကွာမှာ မျောနေတာကို ဂျော့်ဂျ်ကိုယ်တိုင် မြင်ရပါတယ်။ ကတ်သလင်းကတော့ မသိပါဘူး။ မနက် မိုးလင်းလာတော့ ကက်သလငး်ရဲ့ ဗိုက်မှာ လက်ဝါးရာကြီးကို တွေ့ရပါတယ်။

_ အငယ်ဆုံးသမီးလေး မစ်ဆီက သူ့အခန်းထဲမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်လို့ ပြောပါတယ်။ သူ့မျက်နှာက ဝက်နဲ့တူသတဲ့။ သူတို့က ကလေးသဘာဝ စိတ်ကူးယဉ်တယ်လို့ ထင်ကြပေမဲ့ တစ်ညမှာ မစ်ဆီအခန်းပြတင်းပေါက်မှာ မစ်ဆီရပ်နေပြီး သူ့ရဲ့နောက်မှာ ဝက်မျက်နှာနဲ့ သတ္တဝါတစ်ကောင်ကို ဂျေ်ာ့ဂျ်တွေ့ခဲ့ပါတယ်။ အဲဒီဝက်ရဲ့ မျက်လုံးတွေက နီရဲနေပါတယ်။ နောက်တစ်ကြိမ်မှာတော့ ကတ်သလင်းကိုယ်တိုင် မစ်ဆီရဲ့ အခန်းထဲမှာ အဲ့ဒီမျက်လုံးရဲရဲတွေက သူ့ကိုစိုက်ကြည့်နေတာ ကြုံခဲ့ပါတယ်။

_ သူတို့အိမ်မှာထားတဲ့ လက်ဝါးကပ်တိုင်ဟာ ဇောက်ထိုးဖြစ်သွားပြီး အပုပ်နံ့လိုလို၊ ချဉ်စူးစူးအနံ့လိုလို ထွက်လို့ိနေပါတယ်။

_ ကတ်သလင်းရဲ့ မောင် နဲ့ သူ့ဇနီး အလည်အပတ်လာရောက်ပြီး ညအိပ်ချိန်မှာ ဇနီးဖြစ်သူကို ညဘက်ကြီးကလေးတစ်ယောက်က စကားတွေ လာပြောသတဲ့။ အဲဒီကလေးက ကက်သလင်းတို့ သား၊ သမီးတွေမဟုတ်သလို ဘယ်သူဆိုတာလညး် မသိပါဘူး။

_ ဒီအိမ်ကြီးကို ကတ်သလင်းရဲ့ မိခင်ရောက်လာတော့ ဒီအိမ်မှာ မနေသင့်မနေအပ်တဲ့ အရာတွေ ရှိနေတာကိုသူခံစားရလို့ ကတ်သလင်းတို့ မိသားစု ဆက်မနေသင့်တော့ဘူးလို့ ပြောခဲ့ပါတယ်။ ဂျော့်ဂျ်ရဲ့အလုပ်က ကောင်လေးတစ်ယောက်ရဲ့ ရည်းစား ကောင်မလေးက ဝိဉာဉ်သရဲတွေကို အာရုံခံနိုင်သူမို့ ဒီအိမ်ကြီးကို လာရောက်အာရုံခံခဲ့ပါတယ်။ သူမကလည်း ဒီအိမ်ကြီးမှာ အန္တရာယ်ကြီးတဲ့ နာနာဘာဝတွေရှိတာ ခံစားရတယ်လို့ ပြောခဲ့ပါတယ်။

ဒီလိုအဖြစ်အပျက်တွေ ဆက်တိုက်ကြုံလာတော့ သူတို့ဟာ ဒီအိမ်ကိုထပ်ပြီး အန္တရာယ်ကင်း ကောင်းချီးခံယူဖို့ ဘုန်းကြီးတွေပင့်ခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။ ဒါနဲ့ လင်မယားနှစ်ယောက်ကိုယ်တိုင် လက်ဝါးကပ်တိုင်နဲ့ သမ္မာကျမ်းစာကိုသုံးပြီး ကောင်းချီးပေးတဲ့အခါ “အခုချက်ချင်းရပ်စမ်း” ဆိုတဲ့ အသံကြီးကို ကြားခဲ့ရပါတယ်။ ဒီအိမ်မှာ ဘယ်လိုမှ ဆက်မနေရဲတော့တဲ့ သူတို့မိသားစုဟာ ချက်ချင်းပဲ ကတ်သလင်းရဲ့ မိဘအိမ်ကို ထွက်ပြေးခဲ့ကြပါတယ်။ အကြောက်ကြီး ကြောက်သွားတဲ့ ဒီမိသားစုဟာ သူတို့ပိုင်ပစ္စည်းတွေ ဘာမှပြန်မယူတော့သလို ဒီအိမ်ရှိရာကို ထပ်မသွားတော့ပါဘူး။

သူတို့ရဲ့အဖြစ်အပျက်ဟာ နာမည်ကျော်သွားတာမို့လူအများကလည်း စိတ်ဝင်စားခဲ့ကြပါတယ်။ တစ္ဆေသရဲနှင်တဲ့ ဆရာ၊ဆရာမတွေလည်း ဒီအိမ်ကို လာရောက်စူးစမ်းခဲ့ပါတယ်။ အဲဒီထဲမှာ နာမည်ကြီး သရဲနှင် ဆရာမ ဝါရင့်လင်မယား (Ed and Lorraine Warren) လည်း ပါခဲ့ပါတယ်။ သူတို့တွေအားလုံး တညီတညွတ်တည်း ပြောကြတာက ဒီအိမ်ကြီးဟာ အလွန်သက်တမ်းကြာရှည်နေသလို ဒီအိမ်ကြီးမှာရှိနေတဲ့ နာနာဘာဝတွေက သရဲတစ္ဆေအဆင့်တောင်မကတော့ဘဲ မိစ္ဆာနတ်ဆိုးအဆင့်တောင်ရှိနေပါပြီလို့ ဖြစ်ပါတယ်။

ဒီအိမ်ကြီးရဲ့ ဇာတ်လမ်းကို ခေတ်အဆက်ဆက် ရုပ်ရှင်တွေရိုက်ကူးခဲ့သလို စာအုပ်အဖြစ် ရေးသားခဲ့ရာမှာလည်း အထူးအောင်မြင်ခဲ့ပါတယ်။ အထင်ရှားဆုံးနဲ့ ယောင်းတို့ အမှတ်မိဆုံးဖြစ်နိုင်တဲ့ ရုပ်ရှင်ကတော့ “The Conjuring” ရုပ်ရှင်လို့ထင်ပါတယ်နော်… “The Conjuring 2″ ရုပ်ရှင်အစပိုင်းမှာ ဒီဇာတ်လမ်းရဲ့အဖြစ်အပျက်တချို့ကို ထည့်သွင်းထားပါတယ်။ ၂၀၀၅ခုနှစ်မှာ “The Amityville Horror” ဆိုတဲ့ ရုပ်ရှင်အနေနဲ့ အသစ်ပြန်လည်ထွက်ရှိခဲ့ပြီး ဂျော့်ဂျ်နေရာမှာ  Dead Pool မင်းသား Ryan Reynolds သရုပ်ဆောင်ထားပါတယ်

လက်ရှိမှာတော့ အဲ့ဒီအိမ်ကြီးဟာ နေထိုင်သူမရှိပါဘူး။ ဝင်ရောက်လေ့လာချင်သူတွေကိုတော့ လေ့လာခွင့်ပေးထားပေမဲ့ မြေအောက်ခန်းကို ဘယ်သူမှ ဝင်ခွင့်မရှိဘူးလို့ သိရပါတယ်။ ဒီလောက်နာမည်ကြီးတဲ့ အိမ်ကြီးကို တစ်ညလောက် သွားမအိပ်ချင်ကြဘူးလား ယောင်းတို့ရေ။

ဖိုးသူတော် (www.phothutaw.com)

Credit: Sugar Cane (For Her Myanmar)

#

Latest Comments

Leave a Comment

Related News