Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကျောင်းဆရာမစာမေးပွဲဖြေဆိုရန် သွားသည့် အသက်၂၂ အရွယ် ချင်းမိန်းခလေးတစ်ဦး စက်လှေနှစ်စီးတိုက်ရာမှ ရေထဲပြုတ်ကျသေဆုံး

Image



နိရဥ္စရာ၊ ဇူလိူင် ၁၂

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေညင်းတောင် ကျေးရွာအနီး လေးမြို့မြစ်တွင် ဇူလိူင် ၁၁ ရက်နေ့ ညနေ ၇ နာရီခန့်က စက်လှေ နှစ်စီး တိုက်မိရာမှ ပလက်၀မြို့သို့ နေ့စားလပေး ကျောင်းဆရာမ စာမေးပွဲ ဖြေဆိုရန် သွားရောက်သည့် အသက် (၂၂) နှစ်အရွယ် မိန်းခလေး တစ်ဦး ရေထဲပြုတ်ကျ သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသူအမျိုးသမီးငယ်မှာ ချင်းပြည်နယ် ပလက်၀မြို့နယ် ချိုင်းစနူးကျေးရွာအုပ်စု ဘွေလောင်းရွာမှ (ဘ) ဦးမနားထန်း (မိ) ဒေါ်ဆင်ဇားတို့၏ သမီး မမှိတ်ထန် (၂၂) နှစ်ဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ ဦးဘူးထန်ပိုင်က ပြောသည်။

မမှိတ်ထန်အပါအ၀င် ချင်းအမျိုးသမီးငယ် ၇ ဦးသည် ပလက်၀မြို့တွင် နေ့စားလပေး (TA) ကျောင်းဆရာမ ၀င်ခွင့်စာမေးပွဲဖြေဆိုရန် ဟွန်ဒါ စက်လှေတစ်စီးနှင့် လေးမြို့မြစ်အတိုင်း အောက်ဘက်သို့ စုန်ဆင်းလာစဉ် ညနေ ၇ နာရီခန့်တွင် လေညင်းတောင် ကျေးရွာအနီး အရောက်တွင် သူမတို့ စက်လှေငယ်ကို စက်လှေကြီး တစ်စီးမှ ၀င်တိုက်ရာမှ စက်လှေပေါ် ပါလာသူအားလုံး ရေထဲပြုတ်ကျပြီး စက်လှေမှာလည်း ရေထဲ နစ်မြုပ်သွားခဲ့သည်ဟု သိရသည်။

စက်လှေပေါ်တွင် ပါလာသူအားလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း မမှိတ်ထန်မှာ ပျောက်နေသဖြင့် အနီးအနားရှိ လေညင်းတောင်ရွာသားများအပါအ၀င် ၀ိုင်း၀န်း လိုက်လံ ရှာဖွေကြရာ သူမအား မတွေ့ရှိသဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ ဖုန်းဆက် အကြောင်း ကြားခဲ့ကြောင်း၊ ယနေ့ ဇူလိူင် ၁၂ ရက် နေ့လယ် ၁၂ နာရီတွင် မမှိတ်ထန် အလောင်းအား လက်တစ်ဖက်ကျိုးကာ ပြန်လည် ဆယ်ယူရရှိခဲ့ကြောင်း၊ အလောင်းကို တွေ့ရှိပြီးနောက် ကာယကံရှင် မိသားစုမှ မြောက်ဦးရဲစခန်းသို့ သွားရောက်ကာ အမှုမဖွင့်တော့ကြောင်း သတင်းပို့ပြီး အလောင်းကို ဇာတိရွာသို့ ယူဆောင်သွားခဲ့ကြသည်ဟု သိရသည်။

သူမတို့ စက်လှေအား တိုက်သွားသည့် စက်လှေကြီးမှာ အခင်းဖြစ်ပွားရာမှ ချက်ချင်း မောင်းထွက်ပြေးသွားပြီး ရဲက ယခုအချိန်ထိ ဖမ်းဆီးမိခြင်း မရှိသေးကြောင်း သိရသည်။

“ မိသားစုက အမှုဖွင့်ရင် ရဲစခန်းကို ခဏခဏ လာရမှာမို့ အချိန်နဲ့ ငွေကြေး ကုန်ကျများမှာကို စိုးရိမ်တဲ့ အတွက် အမှုမဖွင့်ခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် ရဲက ဒီစက်လှေငယ်ကို တိုက်သွားတဲ့ စက်လှေကြီးကိုတော့ ရှာဖွေ ဖော်ထုတ် အရေးယူသင့်ပါတယ်။ အခုက ဘာမှ အရေးယူဆောင်ရွက်တာ မရှိပါဘူး” ဟု ဦးဘူးထန်ပိုင်က ပြောကြားသည်။

သေဆုံးခဲ့ရသူ မမှိတ်ထန်နှင့် အဖွဲ့သည် ပလက်၀မြို့သို့ သူမတို့နေထိုင်ရာ ချိုင်းစနူးကျေးရွာအုပ်စု ဘွေလောင်းရွာမှ မြောက်ဦးမြို့ကို စက်လှေဖြင့် လာရောက်ပြီး မြောက်ဦး- ကျောက်တော် ကားလမ်းမှ တစ်ဆင့် ပလက်၀မြို့သို့ သွားရောက်ကြမည်သူများ ဖြစ်ကြောင်း သိရှိရသည်။

မမှိတ်ထန်တွင် ညီအစ်ကို မောင်နှမ ရှစ်ဦးရှိပြီး သူမမှာ တတိယမြောက် သမီးဖြစ်ကြောင်း သိရသည်။

(ဓာတ်ပုံ- မျှားဖြင့် ၀ိုင်းပြထားသူမှာ မမှိတ်ထန်ဖြစ်ပြီး သူမအလောင်းအား ယနေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်။)

Narinjara

https://www.facebook.com/Narinjara







Latest Comments

Leave a Comment

Related News