Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကုလအဖွဲ့ ရခိုင်မြောက်ပိုင်း ၂၃ ရွာကွင်းဆင်းခွင့်ပြု

Image



မောင်တောမြို့ စျေးတနေရာ

မြန်မာအစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေကို ကွင်းဆင်းဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂဌာနဆိုင်ရာ ၀န်ထမ်းတွေကို ကျေးရွာပေါင်း ၂၃ရွာကို ခရီးသွားလာခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး၀န်ကြီးဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေနေရပ်ပြန်နိုင်အရေးအတွက် မြန်မာအစိုးရတာ၀န်ရှိသူတွေနဲ့ ဆွေးနွေးဖို့ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကုလသမဂ္ဂ၀န်ထမ်းတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် ကျေးရွာ တွေကို ခရီးသွားလာခွင်ပြုလိုက်တာဟာ အစိုးရနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးUNHCR နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDPတို့အကြား လက်မှတ်ရေးထိုးထားတဲ့ MoU ခေါ် နားလည်မှု စာချွန်လွှာကို စတင်အကောင်အထည်ဖော်တာလည်း ဖြစ်ပါတယ်။

ဒီလို သွားလာခွင့်ပြုလိုက်တာ ကုလသမဂ္ဂဌာနဆိုင်ရာအဖွဲ့တွေအနေနဲ့ ကွင်းဆင်း၊ အကဲဖြတ် စစ်ဆေးနိုင်အောင်ဖြစ်ကြောင်း နိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ နိုင်ငံရေးရာဌာန ညွှန်ကြားရေးမှုးချုပ် ဦးစိုးဟန်က ပြောပါတယ်။

“ MoU ထိုးပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ နှစ်ဖက် Technical Working Group ပေါ့။ ဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့ပြီးတော့ ဒီကြားထဲမှာ မကြာခန တွေ့ဆုံဆွေးနွေးကြပါတယ်။ ပထမဆုံးလုပ်မှာကတော့ ဒီကွင်းဆင်း စစ်ဆေးတဲ့ လုပ်ငန်းစဉ်နဲ့ စမယ်။ ကျေးရွာအုပ်စု ၁၃စု ၊ ဒီ၁၃စုမှာ စပြီးတော့ ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ဖို့ သဘောတူထားပါတယ်။ အဲဒီသဘောတူချက်အတိုင်း သူတို့ သွားရောက် ကွင်းဆင်းစစ်ဆေးနိုင်ဖို့ သူတို့ သွားရောက်ခွင့် ခွင့်ပြုထားပါတယ်။ လူ၀န်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား၀န်ကြီးဌာနက ၇ရက်နေ့ကပဲ UN ရုံးတွေအပါအ၀င် သက်ဆိုင်ရာ ဌာနတွေကို အကြောင်းကြားထားတာ ရှိပါတယ်။ ”

ကျေးရွာအုပ်စု ၁၃စုမှာ ကျေးရွာပေါင်း ၂၃ရွာပါ၀င်မှာဖြစ်ပါတယ်။

ကုလသမဂ္ဂဌာနဆိုင်ရာ ၀န်ထမ်းတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကို ခရီးသွားလာခွင့်ပြုလိုက်ချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး၀န်ကြီး အဘူဟာဆန် မာမွတ်အလီဟာ နိုင်ငံတော်အတိုင်ပင်ခံရုံး၀န်ကြီး ဦးကျော်တင်ဆွေရဲ့ ဖိတ်ကြားချက်အရ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး၀န်ကြီး၀န်ကြီးရဲ့ ၃ရက်ကြာခရီးစဉ်အတွင်းမှာ တဖက်နိုင်ငံကို တိမ်းရှောင်သွားသူတွေ နေရပ်ပြန်နိုင်ရေးအတွက် အဓိက ဆွေးနွေးမှာဖြစ်ကြောင်း ညွှန်ကြားရေးမှုးချုပ် ဦးစိုးဟန်က ဆက်ပြောပါတယ်။

“ အဓိက ကတော့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဆက်လက်ပြီးဆွေးနွေးဖို့ လိုအပ်နေတဲ့ကိစ္စတွေ ကျနော်တို့ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီလို ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်အတွက် သဘောတူညီချက် ရထားပြီးတော့ မြန်မာနိုင်ငံအစိုးရအနေနဲ့ သဘောတူညီချက်မှာ ပါတဲ့အချက်အတိုင်း ကျနော်တို့က ဆောင်ရွက်ထားတာတွေ ရှိတယ်။ နယ်စပ်ဒေသမှာ ပြန်လည်လက်ခံရေးစခန်းတွေ လုပ်တယ်။ ဒီဖက်မှာ ပြန်လည်နေရာချထားရေးအတွက် အိမ်ယာဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်တယ်။ သို့သော်လည်း လက်တွေ့မှာက ပြန်လည်လက်ခံရေးလုပ်ငန်းတွေက မစနိုင်သေးဘူး။ မစနိုင်သေးတဲ့အတွက် နှစ်ဖက်အကြားမှာ အမြင်လေးတွေ သဘောထားလေးတွေ ကွဲလွဲနေတာတွေ ရှိတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ကျနော်တို့ ဆက်လက် ဆွေးနွေးဖို့ ရှိတာပေါ့နော်။ ”

နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံဖို့အတွက် ၂၀၁၇ခုနှစ် နို၀င်ဘာလမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားမှာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။

၂၀၁၈ခုနှစ် ဖေဖေါ်၀ါရီလမှာ မြန်မာအစိုးရက ပြန်လည်လက်ခံဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက လူ၈ထောင်ကျော် ရဲ့ အမည်စာရင်းတွေကို ပေးပို့ခဲ့ပြီး မြန်မာ လူ၀င်မှုကြီးကြပ်ရေးက လူ၃ထောင်ကျော်ကို စိစစ်ရာမှာ ၂ထောင်ကျော်သာ မြန်မာပြည်မှာ နေထိုင်သူတွေဖြစ်တာကို တွေ့ရကြောင်းလည်း ဦးစိုးဟန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဖက်က ပေးပို့လာတဲ့ စာရင်းတွေဟာ အချက်အလက်မပြည်စုံတာကြောင့် စိစစ်ရာမှာ အခက်အခဲရှိရကြောင်းနဲ့ ဘင်္ဂလားဒေရှ်နိုင်ငံခြားရေး၀န်ကြီးနဲ့တွေ့ဆုံရာမှာလည်း ဒီအချက်ကို ထည့်သွင်းဆွေးနွေးဖို့ ရှိနေကြောင်း ပြောပါတယ်။

ဘင်္ဂလားဒေရှ်နိုင်ငံခြားရေး၀န်ကြီးဟာ သောကြာနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး၀န်ကြီးနဲ့ တွေ့ဆုံဖို့ ရှိသလို ရခိုင်ပြည်နယ် လူသားချင်းစာနာမှု ဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲ့ UEHRD နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကိုလည်း သွားရောက်ဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကို အစိုးရတပ်မတော်က နှိမ်နင်းခဲ့တဲ့နောက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံဖက်ကို အစ္စလာမ်ဘာသာ၀င် ၇သိန်းကျော်လောက်ဟာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com







Tags:
  • ,

Latest Comments

Leave a Comment