Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကိုယ်ထိလက်ရောက်ကျူးလွန်သူ နှစ်ဦးကို အရေးယူပေးဖို့ YBS ယာဉ်မောင်းက တရားရုံးထံ ဦးတိုက်လျှောက်

Image



အလုပ်ရှင် ဖိနပ်အချွန်နဲ့ ကန်လိုက်တဲ့အတွက် YBS ယာဉ်မောင်း ဦးအောင်မြတ်ရဲ့ ရင်ဘတ်နေရာမှာ ဒဏ်ရာရနေတာကို တွေ့ရစဉ်/ Photo: BO Hla Gyi - facebook

YBS ယာဉ်မောင်းတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ အလုပ်ရှင် ဦးကျော်နေ၀င်း နဲ့ ဦးဇွဲနေ၀င်းတို့ကို အရေးယူပေးဖို့ လှိုင်သာယာမြို့နယ်တရားရုံးထံ ဦးတိုက်လျှောက်ထားလိုက်တယ်လို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ယာဉ်မောင်း ဦးအောင်မြတ်က ပြောပါတယ်။

ထိခိုက်မှုကြောင့် ကားပျက်စီးတယ်ဆိုပြီး ခြေနဲ့ကန်တာ၊ လည်ပင်းညှစ်တာနဲ့ ရိုက်နှက်တာတွေ လုပ်ခဲ့တာကြောင့် အရေးယူပေးဖို့ လှိုင်သာယာမြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားတာဖြစ်တယ်လို့ ယာဉ်မောင်း ဦးအောင်မြတ် က ပြောပါတယ်။

"မတော်တဆဖြစ်ပျက်သွားတဲ့ဟာကို အဲဒီ ကျနော့်ကားက မှန်နှစ်ချပ်ကွဲထားတယ်၊ မှန်ကတော့ ကွဲသွားတယ်ပေါ့နော်၊ ဝပ်ရှော့မှာသွားလုပ်ပြီးမှ ပြန်ထွက်လာမလို့လုပ်နေတာ သူတို့ညီအစ်ကိုနှစ်ယောက် ကားပေါ်ကနေဝင်လာပြီးတော့ ဆဲဆိုပြီးတော့ ကျနော့်ကို ကန်တော့တာပဲ၊ လည်ပင်းညှစ်ပြီးတော့ နားရင်းတစ်ချပ်အုပ်တယ်၊ သူ့အစ်ကိုကတော့ ကျနော့်ကို ခြေထောက်နဲ့ကန်တယ်၊ အဲဒီမှာ အသက်တောင်မှ မနည်းအောင့်သွားတယ်၊ ကျနော်ကတော့ပေါ့နော် နောက်နောင်ဒီလိုမျိုး အလုပ်သမားတွေကို အဲဒီလိုမျိုး ကိုယ်ထိလက်ရောက် မထိစေဖို့အတွက် တရားရုံးမှာ ကျနော် အမှုဖွင့်ထားတယ်"

ယာဉ်မောင်း ဦးအောင်မြတ်ဟာ ဖိနပ်အချွန်နဲ့ အကန်ခံရတဲ့ ရင်ဘတ်နေရာက အောင့်နေပြီး အသက်ရှူမ၀တာ ကြောင့် လှိုင်သာယာဆေးရုံကြီးမှာ ပြသခဲ့ရတယ်လို့လည်း ပြောပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး လာမယ့် မေလ ၂၅ ရက်နေ့မှာ တရားရုံးချိန်း ချိန်းဆိုထားတယ်လို့ သိရပါတယ်။

ဒ့ါအပြင် အလုပ်သမားကို ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်တဲ့အတွက် မြို့နယ်ညှိနှိုင်းဖျဉ်ဖြေရေးအဖွဲ့ ထံ တိုင်ကြားထားတယ်လို့လည်း ဦးအောင်မြတ်ကို ကူညီပေးနေတဲ့ အလုပ်သမားအရေး လှုပ်ရှားသူ ဦးမောင်မောင်ဟန် က ပြောပါတယ်။

လှိုင်သာယာမြို့နယ် ဒဂုံဧရာအေ၀းပြေးအနီးက OMNI FOCUS YBS 20 ယာဉ်ရပ်နားစခန်းအတွင်း ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့က ယာဉ်မောင်း ဦးအောင်မြတ်နဲ့ ဦးကျော်မင်းထွန်းတို့မောင်းတဲ့ ကား ၂ စီး ထိခိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ အရှိန်ပြင်းစွာ မမောင်းဖို့ တားမြစ်ချက်ကို ဖောက်ဖျက်တာကြောင့် လစာမဲ့့ ထုတ်ပယ်မယ့်အကြောင်းကို အဆင့်ဆင့် မှာကြားထားကြောင်း၊ အဲဒီဖြစ်စဉ်မှာ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရတာဖြစ်ပြီး ယာဉ်ပိုင်ရှင် ဦးကျော်နေ၀င်းနဲ့ ဦးဇွဲနေ၀င်းတို့က ကိုယ်ထိလက်ရောက်လုပ်တယ်လို့ စွပ်စွဲပြောဆိုနေကြောင်း၊ အဲဒီလို သတင်းလွှင့်သူတွေကို သက်ဆိုင်ရာ တရားဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း YBS 20 ယာဉ်လိုင်း လုပ်ပိုင်ခွင့်ရထားတဲ့ OMNI FOCUS ကုမ္ပဏီရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ယာဉ်မောင်း ဦးအောင်မြတ်ရဲ့ တရားရုံးထံ တိုင်ကြားစာမှာတော့ တိုက်မိတဲ့ ယာဉ်နှစ်စီးဟာ ဘေးမှန်နှစ်ချပ်နဲ့ နေကာမှန် ကွဲသွားတာကြောင့် ယာဉ်ပိုင်ရှင်တွေဖြစ်တဲ့ ဦးကျော်နေ၀င်းနဲ့ ဦးဇွဲနေ၀င်းတို့က ခြေထောက်နဲ့ကန်တာ၊ လည်ပင်းညှစ်တာ နဲ့ လက်နဲ့ရိုက်နှက်ကာ လစာမပေးဘဲ အလုပ်ထုတ်ကြောင်း ပြောဆိုပြီး ယာဉ်မောင်းလိုင်စင်ကို သိမ်းယူလိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဦးအောင်မြတ်ဟာ ၀ဲဘက်နံရိုး နဲ့ ၀မ်းဗိုက်တို့မှာ ဒဏ်ရာရရှိခဲ့တာကြောင့် အရေးယူပေးစေလိုကြောင်း လည်း ပါရှိပါတယ်။

RFA Burmese

https://www.rfa.org/burmese







Latest Comments

Leave a Comment

Related News