Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

ကရင်တို့နှစ်စဉ် အိမ်ပြန်လေ့ရှိတဲ့ချည်ဖြူဖွဲ့ မင်္ဂလာပွဲ

Image



 ငွေဆောင်မြို့မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ

ကရင်သက္ကရာဇ် ၂၇၅၇ ခုနှစ် ဝါခေါင်လပြည့်နေ့ သြဂုတ် ၂၆ ရက်နေ့ဟာ ကရင် တိုင်းရင်း သားတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်လာအရ ချည်ဖြူဖွဲ့ မင်္ဂလာပွဲကို ကျင်းပလေ့ရှိတဲ့နေ့ ဖြစ်ပါတယ်။

ရှေးအစဉ် အဆက်ကနေ ဒီကနေ့ထိ တိုင်အောင် မြန်မာနိုင်ငံ သာမက ကမ္ဘာတဝန်း ရောက်နေတဲ့ ကရင်တိုင်းရင်းသားတွေက သက်ဝင်ယုံကြည်မှုနဲ့ ချည်ဖြူဖွဲ့ မင်္ဂလာပွဲကို နှစ်စဉ် ဝါခေါင်လမှာ ကျင်းပလေ့ရှိပါတယ်။

ကရင်လို လားခူ လို့ ခေါ်တဲ့ ဝါခေါင် လဟာ မကောင်းဆိုးဝါးတွေ ပျော်မွေ့တဲ့လလို့ ကရင်တိုင်းရင်းသားတွေက မှတ်ယူထား ကြပါတယ်။

ဒါကြောင့် ဒီလရောက်ရင် နေရာဒေသအသီးသီးမှာ ပြန့်နှံ့ နေထိုင်နေတဲ့ ကရင် တိုင်းရင်းသား မိသားစုဝင်တွေ စုရုံးပြီး မကောင်းတဲ့ အရာတွေ ပပျောက်သွားအောင် လက်ချည်လေ့ရှိပါတယ်။

 ငွေဆောင်မြို့မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ

ချည်ဖြူဖွဲ့ မင်္ဂလာပွဲ ကျင်းပတဲ့အချိန်ဆိုရင် တယောက်တနေရာစီ ရှိနေတဲ့ ဆွေမျိုး သားချင်း မိသားစုဝင်တွေက ပြန်လည် စုစည်းပြီး ဆုံဆည်းကြတာကြောင့် ဒီပွဲတော်ဟာ ကရင်တိုင်းရင်းသားတွေ တစိတ်တဝမ်းတည်း ညီညီညွတ်ညွတ် ရှိတယ်ဆိုတာကို ထုတ်ဖော်တဲ့ ပွဲတခုလို့ ကရင်တိုင်းရင်းသူ နန်းဖောဂေက ရှင်းပြပါတယ်။

ချည်ဖြူဖွဲ့ မင်္ဂလာပွဲမှာ မကောင်းတဲ့အရာတွေ ပျောက်ကွယ်သွားအောင် လက်ကို ပြန်ချည်ကြတယ်လို့ သူက ဆိုပါတယ်။

ဒီပွဲမှာ ကိုယ့်ရဲ့ လိပ်ပြာဟာ ကိုယ်ခန္ဓာ၊ မိသားစု၊ ရပ်ရွာနဲ့ အဝေးကို မလွင့်သွားဘဲ နီးနီးကပ်ကပ်ဖြစ်အောင် ပြန်ခေါ်လေ့ရှိတာကြောင့်လည်း ဒီပွဲကို လိပ်ပြာ ခေါ်တဲ့ ပွဲလို့ခေါ်တယ်လို့လည်း သိရပါတယ်။

ချည်ဖြူဖွဲ့ မင်္ဂလာပွဲကို မနက်စောစော ရောင်နီပျိုးစအချိန်မှာ စတင် ကျင်းပလေ့ရှိ တယ်လို့လည်း ဆိုပါတယ်။

လိပ်ပြာ မခေါ်ခင် ချည်ဖြူဖွဲ့မင်္ဂလာပွဲမှာ အဆောင် အယောင် ၇ မျိုးအဖြစ် ထည့်သွင်း လေ့ရှိတဲ့ ထမင်းဆုပ်၊ ကောက်ညှင်းထုပ်၊ ငှက်ပျောသီး၊ ကြံ၊ ပန်း၊ ရေနဲ့ ချည်ဖြူ တွေကို စားပွဲပေါ်မှာ ထမင်းချက်တဲ့ ယောက်မနဲ့ အတူ ထားထားတယ်လို့ ဆိုပါတယ်။

 ငွေဆောင်မြို့မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ချည်ဖြူဖွဲ့ မင်္ဂလာပွဲ

ဒီနောက် လင်စုံမယားစုံရှိတဲ့ သက်ကြီးရွယ်အိုတွေက ဟင်းမွေတဲ့ယောက်မနဲ့စားပွဲကို ရိုက်၊ ရွတ်ဖတ် သရယ်ဇ္ဈယ် ဆုတောင်းမှုပြုလုပ်ပြီး လိပ်ပြာခေါ်တဲ့ ဂါထာတွေကို ရွတ်ဖတ်ပါတယ်။

ဒီလို လိပ်ပြာခေါ်ပြီးသွားရင်တော့ တယောက်တလှည့်စီ လက်ချည်တဲ့ အမှုကို လုပ်ဆောင်ကြတယ်လို့ နန်းဖောဂေက ပြောပါတယ်။

ထမင်းဆုပ် ကောက်ညှင်းထုပ်တို့ကို ထည့်သွင်းရတာဟာ စေးကပ်တဲ့ အဓိပ္ပာယ်ကို ဆောင်ပြီး ကိုယ့်ရဲ့ လိပ်ပြာ၊ မိသားစု၊ ဆွေမျိုးသားချင်း၊ အားလုံးပြန်လည် စုစည်းစေတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ နန်းဖောဂေက ပြောပါတယ်။

ဒါအပြင် ရေတို့ ပန်းတို့က အေးချမ်းတယ်ဆိုတဲ့ အသွင်ကို ဆောင်သလို ငှက်ပျောသီးကလည်း အခိုင်လိုက် ဖြစ်တာကြောင့် စုစည်းမှု တခုဖြစ်တယ်လို့ သူ ဆိုပါတယ်။

ကြံကလည်း တဆစ်စီဖြစ်တာကြောင့် တဆင့်တဆင့်စီ တိုးတက်ပါစေဆိုတဲ့ သက်ဝင် ယုံကြည်မှုနဲ့ ချည်ဖြူဖွဲ့မင်္ဂလာပွဲမှာ ထည့်သွင်းထားပြီး ဒီအမည် ၇မျိုးကို လက်နဲ့ ဆုပ်ကိုင်ပြီး ချည်ဖြူနဲ့ ရစ်ပတ်တာ ဖြစ်ပါတယ်။

လိပ်ပြာတွေ ပိုခိုင်မြဲစေဖို့ လက်မှာ ချည်ထားတဲ့ ချည်ဖြူတွေကို ၃ ရက်ကနေ တပတ် အထိ ထားထားလေ့ရှိကြပါတယ်။

လိပ်ပြာခေါ်ပြီး ချည်ဖြူဖွဲ့လိုက်ရင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး လုပ်ငန်း ကိုင်ငန်းတွေ တိုးတက် အဆင်ပြေလာနိုင်တယ်လို့ ကရင်တိုင်းရင်းသားတွေက မှတ်ယူယုံကြည့် ကြပါတယ်။

ဒီအချိန်ရောက်ရင် တချို့ဆိုရင် မိသားစုရှိရာကို ပြန်လာသလို တချို့မပြန်လာနိုင်တဲ့ သူတွေကလည်း ချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပတဲ့ နီးစပ်တဲ့ ကရင် အသိုင်းအဝန်း တွေဆီ သွားရောက် ဆင်နွှဲလေ့ရှိကြပါတယ်။

ချည်ဖြူဖွဲ့ မင်္ဂလာပွဲကို ကရင်တိုင်းရင်းသားတွေက မိသားစုလိုက်လုပ်ကြသလို တချို့ ဆိုရင် ရွာလုံးကျွတ်၊ ဒါမှမဟုတ်ရင်လည်း ရွာတွေ စုပြီး လုပ်ဆောင်လေ့ ရှိကြပါ တယ်။

ဒါတွေကို ကြည့်လိုက်ရင် ချည်ဖြူဖွဲ့ မင်္ဂလာပွဲဟာ ကရင်တိုင်းရင်းသားတွေရဲ့ တစိတ်တဝမ်းတည်း စည်းလုံးညီညွတ်မှုနဲ့ ရင်းနှီးချစ်ကြည်မှုကို ဖော်ထုတ်တဲ့ အမှတ်သင်္ကေတ ပွဲတခု ဖြစ်နေတာကို တွေ့ရပါတယ်။

BBC Burmese

https://www.bbc.com/burmese







Latest Comments

Leave a Comment

Related News