သင် ဝနေရဆဲ အကြောင်းရင်း ငါးရပ်

မူလဆိုက်တွင်ဖတ်ရန် >>>



အမျိုးသားတွေ ဝလာရင် ဗိုက်ပူလာတတ်ပါတယ်။ အမျိုးသားတွေ အနေနဲ့ ကိုယ်တွင်း ကျားဟော်မုန်းတွေ ဟန်ချက်ညီပြီး ကြွက်သားတွေ သန်စွမ်းနေဖို့ဆိုရင် အဝလွန်တာကို လျှော့ချဖို့လည်း လိုပါတယ်။ လတ်တလော လေ့လာမှုတွေအရ အမျိုးသားတွေ အနေနဲ့ ခန္ဓာကိုယ် အဆီကျပြီး ပိန်ဖို့ရာမှာ အတားအဆီး ဖြစ်စေတဲ့ အချက်တွေကို အောက်ပါအတိုင်း သိရပါတယ်။

(၁) အစာကို အမြန်စားခြင်း

ကိုယ်အလေးချိန် ကျချင်ရင် အစာကို ရှောင်ဖို့မလိုပါဘူး။ အစာကို ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပေးဖို့ပဲ လိုတာပါ။ လေ့လာမှုတစ်ခုအရ ကျန်းမာတဲ့ အမျိုးသား ၁၇ ဦးဟာ ရေခဲမုန့် တစ်ခွက်ကို ငါးမိနစ်အတွင်း ကုန်အောင် စားသူနဲ့ နာရီဝက်ကြာ စားသူ အုပ်စုနှစ်ခုကို ခွဲခြားလေ့လာခဲ့ပါတယ်။ မိနစ် ၃၀ ကြာစားတဲ့ အမျိုးသားတွေရဲ့ ဦးနှောက်မှာ ဗိုက်ပြည့်စေတဲ့ ဟော်မုန်းထွက်ရှိပြီး အစာစားဖို့ ရပ်တန့်အောင် သတိပေးခဲ့ပါတယ်။ ငါးမိနစ်အတွင်း ကုန်အောင်စားတဲ့ အမျိုးသားတွေမှာတော့ ဗိုက်မပြည့်ဘဲ ထပ်စားလိုကြောင်း တွေ့ရပါတယ်။ ဒါကြောင့် အစာကို မြန်မြန်စားတာက ကိုယ်အလေးချိန် မြင့်တက်စေတဲ့ အကြောင်းရင်း တစ်ချက်ပါ။

(၂) အစာရှောင်ခြင်း

အစာတစ်နပ်၊ နှစ်နပ်မစားဘဲ နေတာက အစာစားချင်စိတ် ထိန်းချုပ်နိုင်စွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။ အစာကို ပုံမှန်စားမှ ဦးနှောက်စွမ်းဆောင်ရည် ကောင်းကာ စွမ်းအင်ပြည့်ဝနေမှာပါ။ အစာကို ရှောင်တာကြောင့် အစာစားချင်စိတ်က ပိုတိုးလာပြီး စားတဲ့အချိန်မှာ အလွန်အကျွံ စားမိတတ်ပါတယ်။

(၃) အားလပ်ရက် ပွဲတော်ကြီးတွင် ဆင်နွှဲခြင်း

တစ်ပတ်လုံး အစာကို ထိန်းချုပ်စားခဲ့ပေမယ့် အားလပ်ရက် ပွဲတော်တွေနဲ့ ကြုံဆုံခိုက်မှာ အလွန်အမင်းစားရင် ပြည့်ဝဆီတွေက အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ လက်ပ်တင်ဟော်မုန်းရဲ့ စွမ်းရည်ကို ပိတ်ပင်တားဆီးပေးတာကြောင့် အစာကို ထိန်းချုပ်စားဖို့နဲ့ ကိုယ်အလေးချိန်ကို ထိန်းချုပ်ဖို့ ခက်သွားတတ်ပါတယ်။

(၄) ဆားကဲသော အစာများ စားခြင်း

ဆိုဒီယမ်က အစာတွေကို အရသာတိုးစေတာကြောင့် သတိလက်လွတ်ဖြစ်ပြီး အများအပြား စားဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အာလူးကြော်၊ ပြောင်းဖူးပေါက်ပေါက်၊ မြေပဲလှော်တွေ စားတဲ့အခါ အထိန်းအကွပ်မရှိဘဲ အများအပြား စားဖြစ်သွားရတာပါ။ ဆားကဲတဲ့ သရေစာတွေအစား သစ်သီး ဖျော်ရည်၊ သစ်သီးစိတ် စတာတွေကို အစားထိုး စားပေးပါ။

(၅) အရက်သောက်ခြင်း

အယ်လ်ကိုဟောပါတဲ့ ဘီယာ၊ အရက်၊ ဝီစကီတွေကို အများအပြား မသောက်မိဖို့ သတိထားပါ။ တစ်ညမှာ ဘီယာနှစ်ခွက် သောက်ရင် တစ်ပတ်မှာ ၈၄၀၀ ကီလိုဂျိုးကျော် ရရှိစေပါတယ်။ ဒီပမာဏကို လောင်ကျွမ်းဖို့အတွက် အချိန်နှစ်နာရီကျော် ပြေးဖို့လိုပါတယ်။ ဒါကြောင့် သင့်ကိုယ်အလေးချိန်နဲ့ ဘောင်းဘီခါး အရွယ်အစားတို့ကို ပြန်ငဲ့ကြည့်ပြီး အရက်ကို ရှောင်ပါ၊ မရှောင်နိုင်ပါက ထိန်းချုပ် သောက်ပါလို့ သတိပေးချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit:Good Health

Latest Comments

Leave a Comment