ကျွန်တော်တို့ အများစုက မနက်စောစောအိပ်ရာထကြမှာကို မကြိုက်ကြပါဘူး။
ဒါပေမယ့် မနက်စောစောအိပ်ရာထခြင်းက ကျန်းမာရေးအရရော၊
အလုပ်အကိုင်တိုးတက်ဖို့အတွက်ကိုပါ အကျိုးကျေးဇူးများစွာရှိပါတယ်။
လေ့လာမှုတွေအရလည်း မနက်စောစောအိပ်ရာထသူတွေဟာ ပိုပြီးပျော်ရွှင်ကျန်းမာပြီး
ပိုအောင်မြင်ကြတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် မနက်စောစောအိပ်ရာထချင်ပေမယ့်
မထနိုင်ဘူးဆိုရင် ဒီနည်းလမ်းလေးတွေ လုပ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။
၁။ ညဖက် ပုံမှန်လုပ်စရာတွေ သတ်မှတ်ထားပါ။
မနက်စောစောမှာ
အိပ်ရာထနိုင်ဖို့အတွက် အရေးကြီးဆုံးအပိုင်းက နည်းလမ်းမှန်မှန်နဲ့
အိပ်ရာ၀င်တတ်ဖို့ ဖြစ်ပါတယ်။ စောစော နိုးအောင် စောစောအိပ်တာကို
ဆိုလိုတာမဟုတ်ပါဘူး။ မနက်အိပ်ရာထတဲ့အခါမှာ ပျင်းစရာညည်းစီစီ
မနက်ခင်းမဟုတ်ပဲ စိတ်၀င်စားစရာ မနက်ခင်ဖြစ်အောင် ညကတည်းက ပြင်ဆင်ထားဖို့ကို
ဆိုလိုပါတယ်။ မနက်ဖြန်အတွက် မနက်စာကိုကြိုပြီးပြင်ဆင်ထားတာ၊ ဥပမာ
မနက်စာကို အသီးအရွက်သုပ် စားမယ်လို့ စိတ်ကူးထားရင် အသီးအရွက်တွေ
ကြိုလှီးထားတာမျိုး ဖြစ်ပါတယ်။ ဒါဆိုရင် မနက်ပိုင်းမှာ မနက်စာချက်တဲ့အခါ
အလုပ်ရှုပ်သက်သာသွားမယ့်အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာကိုလည်း
စားနိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ်အရေးကြီးတာက အိပ်ရာမ၀င်ခင်မှာ
နောက်တစ်နေ့မှာ အပြီးလုပ်မယ့် ရည်မှန်းချက်တွေ ချမှတ်ထားဖို့ ဖြစ်ပါတယ်။
နောက်တစ်နေ့မှာ အပြီးလုပ်ဖို့ ရည်စူးထားတဲ့အလုပ်သုံးခုလောက်ကို
ချရေးထားလိုက်ခြင်းအားဖြင့် အိပ်လို့ ပိုကောင်းပြီး
မနက်အိပ်ရာထတဲ့အခါမှာလည်း အာရုံစူးစိုက်မှုပိုကောင်းစေပါတယ်။ မနက်ဖြန်မှာ
အ၀တ်တွေလျှော်မယ်၊ ဖတ်စရာရှိတဲ့ စာတစ်ပုဒ်ကို အပြီးဖတ်မယ်၊
လာမယ့်ပိတ်ရက်အတွက် စျေး၀ယ်မယ်စသဖြင့် အလုပ်လေးတွေကို ချရေးထားရမှာ
ဖြစ်ပါတယ်။
ညဖက် ပုံမှန်လုပ်စရာလို့ ပြောတာဖြစ်တဲ့အတွက် ညစဉ်ညတိုင်း
မပြောင်းမလဲပဲ လုပ်ရမှာဖြစ်ပါတယ်။ မအိပ်ခင်မှာ ၀တ္ထုတိုတစ်ပုဒ်ဖတ်မယ်ဆိုရင်
ညတိုင်းဖတ်ပါ။ ဒီလိုပုံမှန်လုပ်ဆောင်ပေးမယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်က
ဘယ်အချိန်မှာ အိပ်တော့မလဲ၊ ဘယ်အချိန်မှာ နိုးထရမလဲဆိုတာကို
အလိုလိုသိရှိလှုပ်ရှားနေပါလိမ့်မယ်။
၂။ အဆင်ပြေတဲ့ မနက်နိုးထချိန်နဲ့ စတင်ပါ။
ပုံမှန်အိပ်ရာထနေကျအချိန်ထက်
နှစ်နာရီလောက်စောပြီး အိပ်ရာထဖို့ နှိုးစက်ပေးမထားပါနဲ့။ အလကားပါပဲ။ သင်
နိုးမှာမဟုတ်ပါဘူး။ သင့်ရဲ့ အိပ်ချိန်နဲ့ နိုးထချိန်ကို ဖြည်းဖြည်းချင်း
ညှိယူပါ။ ရုတ်တရက်ကြီး မပြောင်းလဲလိုက်ပါနဲ့။
အိပ်ချိန်စတင်ပြောင်းလဲဖို့
ဆုံးဖြတ်လိုက်တဲ့နေ့ကစပြီး ပထမဆုံး ၂၄ ရက်ကို ပုံမှန်အိပ်ရာထချိန်ထက် ၅
မိနစ်လောက်ပဲ ပိုစောပြီး နှိုးစက်ပေးထားပါ။ ဒီလိုနဲ့ တဖြည်းဖြည်းချင်း
အိပ်ရာထချိန်ကို ပိုပြီးစောစောထနိုင်အောင် တိုးသွားရမှာဖြစ်ပါတယ်။
မှတ်ချက်။
။ ဒီအချက်က နှိုးစက်ကို ပိတ်ပြီး ပြန်အိပ်တတ်သူတွေအတွက်
အသုံး၀င်မှာမဟုတ်ပါဘူး။ နှိုးစက်မြည်တာနဲ့ အိပ်ရာထဲက ထွက်နိုင်အောင်
စိတ်ခွန်အားရှိဖို့ လိုပါတယ်။
၃။ ဖုန်းမပွတ်ပါနဲ့။
အခုခေတ်များ များသောအားဖြင့် နှိုးစက်ကို
ဖုန်းနဲ့ပဲ ပေးထားတတ်ကြပါတယ်။ ဒီတော့ နှိုးစက်မြည်တာနဲ့ ဖုန်းကို ကိုင်ပြီး
ပိတ်လိုက်ပါတယ်။ ပြီးတာနဲ့ ဆိုရှယ်မီဒီယာတွေကို ကြည့်မယ်၊
အီးမေးလ်တွေစစ်မယ် စတာတွေ လုပ်တတ်ကြပါတယ်။ ဒါမျိုးတွေကို မလုပ်ပါနဲ့။
အိပ်ရာထဲ ဖုန်းပွတ်ရင် တစ်နာရီလောက် အချိန်ကုန်သွားတာက အိပ်ရာစောစောထရတဲ့
ရည်ရွယ်ချက်ကို ပျက်စီးစေပါတယ်။
၄။ လေ့ကျင့်ခန်းလုပ်ပါ။
အိပ်ရာစောစောမထနိုင်တဲ့သူတွေ
အတွက်ကတော့ ဒီအချက်က အရမ်းများလွန်းတယ် ထင်ပါလိမ့်မယ်။ ဒါပေမယ့်
မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာက သင့်ရဲ့တစ်နေ့တာလုံးအတွက် နံပါတ်တစ်
အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပါဆိုတိုင်း
အားကစားခန်းမှကို သွားဖို့ ပြောတာမဟုတ်ပါဘူး။ အိမ်နား၀န်းကျင်မှာ
လမ်းလျှောက်တာ၊ အနှေးပြေးတာ၊ ယောဂလေ့ကျင့်တာ စတာတွေလုပ်ရင် လုံလောက်ပါတယ်။
မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်တာက သင့်ရဲ့ဇီ၀ကမ္မဖြစ်စဉ်ကို
အားဖြည့်ပေးနိုင်ပါတယ်။
သင့်ရဲ့ ရည်မှန်းချက်က ဘာပဲဖြစ်ဖြစ်၊
အသေးငယ်ဆုံးပြောင်းလဲမှုကနေ စတင်ပါ။ တစ်နေ့ပြီးတစ်နေ့ တဖြည်းဖြည်းချင်း
ညှိယူပြီး သေချာလုပ်ဆောင်ပါ။ အောင်မြင်ပါလိမ့်မယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Gentleman Magazine